"လုပ်ငန်းခွင်မှာ Training & Development အလေ့အထတစ်ခုကို ဖန်တီးခြင်း"

Training & Development ဟာ အဖွဲ့ အစည်းတိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဝန်ထမ်းများရဲ့ တိုးတက်မှု၊ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုရရှိစေဖို့နဲ့ ကုန်ထုတ်စွမ်းအား မြှင့်တက်စေဖို့အတွက် ပံ့ပိုးပေးပါတယ်။ Training & Development နဲ့ ပတ်သက်တဲ့ အလေ့အထတစ်ခုရှိခြင်းဟာ ဝန်ထမ်းတွေအတွက် စိတ်ဓာတ်ခွန်အားရစေနိုင်ပြီး သူတို့ရဲ့ အလုပ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Training & Development ရဲ့ အရေးပါပုံနဲ့ ဘယ်လိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

Training & Development ရဲ့ အကျိုးကျေးဇူးများ

ထိရောက်မှုရှိတဲ့ Training & Development ပရိုဂရမ်တွေဟာ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ Training & Development ဟာ ဝန်ထမ်းတွေကို အကောင်းဆုံးအောင်မြင်မှုရရှိဖို့ ကူညီပံ့ပိုးပေးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဆက်လက်ပြီး ဝန်ထမ်းများရဲ့ တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

၁။ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တက်စေခြင်း

ဝန်ထမ်းများဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်မှုနဲ့ အသိပညာတွေ တိုးတက်လာဖို့ရာအတွက် Training & Development ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုအခွင့်အလမ်းတွေ ပံ့ပိုးပေးခြင်းဟာ ဝန်ထမ်းများကို သူတို့ရဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင်စွာနဲ့ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့ ကူညီပေးပါတယ်။ လေ့လာသင်ယူမှု အလေ့အကျင့် တစ်ခုဟာ သင့်အဖွဲ့အစည်းမှာရှိတဲ့ ဝန်ထမ်းတွေကို ပိုမိုကောင်းမွန်သောရလဒ်များကို ရရှိစေဖို့အတွက် တွန်းအားပေးနိုင်ပါတယ်။

၂။ ဝန်ထမ်းများအလုပ်အပေါ်မှာ စိတ်အားထက်သန်မှု ပိုမိုရှိလာခြင်း

Training & Development အလေ့အထတစ်ခုကို ဖန်တီးခြင်းဟာ ကုမ္ပဏီတစ်ခုအနေနဲ့ သူ့ရဲ့ဝန်ထမ်းများအပေါ်မှာ ရင်းနှီးမြှုပ်နှံထားမှုကို ပြသခြင်းအားဖြင့် အဲ့ဒီဝန်ထမ်းများထံမှ အလုပ်အပေါ်မှာ စိတ်အားထက်သန်စွာ ပူးပေါင်း ပါဝင်လာမှုကို ရရှိစေနိုင်ပါတယ်။ အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဝန်ထမ်းများဟာ သူတို့ကိုယ်သူတို့ တန်ဖိုးရှိတဲ့ လူတစ်ယောက်လိုခံစားရပြီး အထက်လူကြီးတွေအနေနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်စိတ်ဝင်စားတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဒီအလုပ်မှာပဲ ကြာကြာဆက်နေတတ်ကြပါတယ်။ ဝန်ထမ်းတွေဟာ စွမ်းဆောင်ရည်ပိုကောင်းပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းခွင်ကို ပံ့ပိုးပေးကာ လုပ်ငန်းကချမှတ်ထားတဲ့ရည်မှန်းချက်များရရှိဖို့အတွက် ကူညီပေးနိုင်ပါတယ်။

၃။ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း

Training & Development ဟာ ဝန်ထမ်းတစ်ဦးချင်းအတွက်သာမက ကုမ္ပဏီရဲ့ ခေါင်းဆောင်များအတွက်ပါ မရှိမဖြစ် အရေးပါလှပါတယ်။ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍများအတွက် သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးပေးခြင်းဟာ သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပဋိပက္ခဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ပြောဆိုဆက်ဆံခြင်းစတဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို တိုးတက်လာစေမှာပဲဖြစ်ပါတယ်။ ခိုင်မာတဲ့ခေါင်းဆောင်မှု စွမ်းရည်များကို ပြုစုပျိုးထောင်ခြင်းဟာ သင့်အဖွဲ့ အစည်းရဲ့ အလုံးစုံသော စီမံခန့်ခွဲမှုအပိုင်းကို တိုးတက်လာစေနိုင်ပါတယ်။

၄။ ဝန်ထမ်းများကို လုပ်ငန်းခွင်မှာ ရေရှည်ထိန်းထားနိုင်ခြင်း

ဝန်ထမ်းများ အလုပ်ထွက်နှုန်းမြင့်မားခြင်းဟာ အဖွဲ့အစည်းတိုင်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ သူတို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းများပေးနိုင်တဲ့အဖွဲ့အစည်းမှာ ရေရှည်လုပ်ကိုင်လိုစိတ်ရှိကြပါတယ်။ ဝန်ထမ်းများကို ကြာရှည်စွာထိန်းသိမ်းထားနိုင်တဲ့ ကုမ္ပဏီများဟာ ယေဘုယျအားဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားပြီး ရေရှည်အောင်မြင်မှုလည်း ပိုမိုရရှိနိုင်ပါတယ်။ လေ့လာသင်ယူတဲ့အလေ့အထတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြင့် ဝန်ထမ်းများအား သူတို့ရဲ့စွမ်းဆောင်ရည်ကို တန်ဖိုးထားကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်မှန်းချက်များကို အောင်မြင်စေဖို့ ကူညီပေးလိုတဲ့ ဆန္ဒရှိကြောင်းကို ဖော်ပြပေးဖို့လိုပါတယ်။

Training & Development အလေ့အထတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?

အဖွဲ့အစည်းများဟာ ၎င်းတို့ လုပ်ငန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းများရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့ရာ အတွက် Training & Development နဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ လုပ်ငန်းတွေမှာ အသုံးများတဲ့ နည်းလမ်း (၄) ခုကတော့ Seminars, On-the-Job training, Mentorship & E-learning တို့ပဲ ဖြစ်ပါတယ်။ နည်းလမ်းတစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိတဲ့အတွက်ကြောင့် လုပ်ငန်းတွေအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ လိုအပ်ချက်ပေါ်မှာ မူတည်ပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်စဥ်းစားသင့်ပါတယ်။

Seminars (ဆွေးနွေးပွဲများ)

Seminars များဟာ ဝန်ထမ်းများအတွက် သူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ် ဒါမှမဟုတ် သီးခြားနယ်ပယ်တစ်ခုအပေါ်မှာ လေ့လာသင်ယူနိုင်ပြီး အတွေ့အကြုံအသစ်တွေကိုပေးပါတယ်။ အားသာချက်တစ်ခုကတော့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့အခွင့်အလမ်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်းများဟာ Seminars ပွဲတွေတက်ရောက်ဖို့အတွက် အချိန်ပေးရပြီး တခြားဒေသသို့ သွားရောက်ရပါက ခရီးစရိတ်တွေလည်း ကုန်ကျနိုင်ပါတယ်။ ဒါ့အပြင် တချို့ဝန်ထမ်းများဟာ သူတို့လေ့လာသင်ယူခဲ့ရတဲ့ အချက်အလက်များကို လုပ်ငန်းခွင်မှာ ကောင်းစွာအသုံးမချနိုင်တာမျိုးလည်း ကြုံရနိုင်ပါတယ်။

On-the-Job Training

On-the-Job Training ဟာ ဝန်ထမ်းများအတွက် သူတို့ရဲ့တကယ့်လုပ်ငန်းခွင်မှာ လက်တွေ့ကျတဲ့အတွေ့အကြုံတွေကို ပေးနိုင်ပါတယ်။ လက်တွေ့ အတွေ့အကြုံအနေနဲ့ အကောင်းဆုံးလေ့လာသင်ယူပြီး အချိန်နဲ့တပြေးညီ တုံ့ပြန်ချက်နဲ့ လမ်းညွှန်မှုတွေကို ရယူလိုတဲ့ ဝန်ထမ်းတွေအတွက် ဒီနည်းလမ်းဟာ အလွန်ကို ထိရောက်ပါတယ်။ On-the-Job Training ဟာ သက်မှတ်ထားတဲ့ အလုပ်လိုအပ်ချက်နဲ့ကိုက်ညီဖို့ စိတ်ကြိုက်ပြင်ဆင်နိုင်ပေမယ့်လည်း ပိုမိုကျယ်ပြန့်တဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို နားလည်အောင်တော့ လုပ်ဆောင်မပေးနိုင်ပါဘူး။ ဒါ့အပြင် ဝန်ထမ်းတွေအနေနဲ့ ပုံမှန်အလုပ်တာဝန်များနဲ့ လေ့ကျင့်သင်ကြားမှုကို ဟန်ချက်ညီညီ ထိန်းထားနိုင်ဖို့က စိန်ခေါ်မှုတစ်ရပ်အနေနဲ့ရှိနေပြီး On-the-Job Training ဟာ ကုန်ထုတ်စွမ်းအားကိုလည်း သက်ရောက်မှုရှိစေပါတယ်။

Mentorship

Mentorship ကတော့ အတွေ့အကြုံရှိတဲ့ဝန်ထမ်းမှ အတွေ့အကြုံနည်းတဲ့ဝန်ထမ်းကို နည်းပြလမ်းညွှန်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု တိုးတက်လာဖို့ရာနဲ့ အဖွဲ့အစည်းအတွင်းမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရာမှာ အလွန်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ ထိရောက်မှုကတော့ နည်းပြလမ်းညွှန်ပေးသူနဲ့ နည်းပြလမ်းညွှန်ပေးခြင်းခံရသူနှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ အရည်အချင်းရှိတဲ့ နည်းပြလမ်းညွှန်သူကို ရရှိနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။

E-learning

E-learning မှာ အွန်လိုင်းသင်တန်းများ ဒါမှမဟုတ် Digital Training Module များမှတစ်ဆင့် လေ့ကျင့်သင်ကြားမှုနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို ပေးပို့ပေးခြင်းတို့ပါဝင်ပါတယ်။ ဒီနည်းလမ်းဟာ ဝန်ထမ်းများအတွက် သူတို့ရဲ့ ကိုယ်ပိုင်အချိန်ဇယားများဖြင့် သင်ယူနိုင်တဲ့အတွက်ကြောင့် လိုက်လျောညီထွေမှုလည်း ရှိစေပါတယ်။ ဒါ့အပြင် E-learning ဟာ တခြားလေ့ကျင့်မှုပုံစံများထက် ကုန်ကျစရိတ်သက်သာပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းဟာ တခြားနည်းလမ်းတွေမှာလို အပြန်အလှန် ထိတွေ့ဆက်ဆံမှုမရှိတဲ့အတွက်ကြောင့် ဝန်ထမ်းတွေအတွက် တစ်သီးတစ်သန့်ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် E-learning ဟာ လေ့လာသင်ယူဖို့အတွက် ယုံကြည်စိတ်ချရတဲ့ အင်တာနက်ချိတ်ဆက်မှုနဲ့ နည်းပညာ အသုံးပြုခွင့်တွေ လိုအပ်တာကြောင့် တချို့ဝန်ထမ်းတွေအတွက် အတားအဆီးတွေရှိနိုင်ပါတယ်။

HR Professionals တွေအနေနဲ့ လေ့ကျင့်သင်ကြားမှုနည်းလမ်းကို အကဲဖြတ်ရွေးချယ်တဲ့အခါမှာ လုပ်ငန်းနဲ့ လုပ်ငန်း အတွင်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်ကို ထည့်သွင်းစဥ်းစားဖို့ အရေးကြီးပါတယ်။ ဒါမှသာ ထိရောက်တဲ့ Training Program ကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းအင်အားစုကို ရရှိစေပြီး လုပ်ငန်းရေရှည် အောင်မြင်ဖို့အတွက် အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းများကို အသိပညာနဲ့ ကျွမ်းကျင်မှုအသစ်များ ရရှိဖို့အတွက် အခွင့်အလမ်းပေးခြင်းဖြင့် လုပ်ငန်းအတွင်းမှာ ပိုမိုကျွမ်းကျင်မှုရှိပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်း အင်အားကို ရရှိစေမှာဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ Training & Development Program များဖော်ဆောင်ခြင်းဖြင့် လုပ်ငန်းအတွင်းမှာ အရည်အချင်းတွေကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး ခေါင်းဆောင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တဲ့အပြင်လုပ်ငန်းအောင်မြင်မှုကိုလည်း ကြာရှည်စွာ ထိန်းထားနိုင်မှာဖြစ်ပါတယ်။

www.forbes.com မှ Jennifer Patterson ရေးသားတဲ့ Creating a Culture of Training and Development in The Workplace ဆောင်းပါးကို သင့်လျော်အောင်ဘာသာပြန်ဆိုထားပါတယ်။

Daw Htet Pann Wai

B. Com (Q**), M. Com

Meiktila University of Economics