ကျန်းမာရေးနဲ့ အလှအပထုတ်ကုန်ရောင်းချမှုစျေးကွက်ကို ပြောင်းလဲစေခဲ့တဲ့ Boots အမှတ်တံဆိပ်

Boots အမှတ်တံဆိပ် စတင်ဖြစ်ပေါ်လာတာကတော့ (၁၈၄၉) ခုနှစ်က တည်ထောင်သူ ဂျွန်ဘု (John Boot) က သူ့ရဲ့ ပထမဆုံး ပရဆေးဆိုင်ကို အင်္ဂလန်နိုင်ငံ နော်တင်ဟမ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၈၈၃ ခုနှစ်မှာတော့ တဖြည်းဖြည်းနဲ့ ဆေးဆိုင်အသေးလေးအနေနဲ့ တိုးချဲ့ဖွင့်လှစ်လာပြီး Boot and Company limited အနေနဲ့ ဆေးဝါး၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ လူသုံးကုန်များနဲ့ အလှအပ ပစ္စည်းများ လက်လီရောင်းချတဲ့စျေးကွက်မှာ အကြီးမားဆုံး နေရာယူနိုင်ခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာတော့ Boots Pure Drug Company limited အနေနဲ့ ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Alliance Unichem ကုမ္ပဏီဖြင့် ပူးပေါင်းပြီး Alliance Boots အဖြစ်လည်း ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း အမေရိကန် drug store chain တစ်ခုဖြစ်တဲ့ Walgreens နဲ့ ပူးပေါင်းပြီး Walgreens Boots Alliance ဆိုပြီး မဟာဗျူဟာကျကျ ပူးပေါင်းခဲ့ပြီး healthcare နဲ့ ပတ်သက်တဲ့ ထုတ်ကုန်များ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပြောင်းလဲနေတဲ့ စျေးကွက်သွင်ပြင်ပုံစံတွေထဲမှာ အမြဲတမ်းဝင်ဆံ့နေဖို့အတွက် ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲမပြတ်စောင့်ကြည့်ပြီး မဟာဗျူဟာကျကျ တီထွင်ဆန်းသစ်မှုများ ပြုလုပ် တာကလည်း Boots ရဲ့ အောင်မြင်မှုတစ်ခုပါပဲ။ Boots ရဲ့ စျေးကွက်တိုးချဲ့လာမှုများထဲမှာ ဆေးနဲ့ ဆေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ထုတ်လုပ်ခဲ့ပါတယ်။ Boots ရဲ့ ဝယ်ယူသူတွေ စိတ်ကျေနပ်မှုရအောင် ဖန်တီးဖို့က သူတို့ရဲ့ သန္နိဌာန်ထဲက တစ်ခုဖြစ်နေခြင်းကလည်း အလျင်အမြန်တိုးတက်ဖို့အတွက် အဓိကတွန်းအားတစ်ခုလည်း ဖြစ်ပါတယ်။

သူတို့အောင်မြင်မှုရဲ့ အဓိကမဟာဗျူဟာတွေကတော့ မတူညီတဲ့ product portfolio များထားရှိခြင်း။ ဝယ်ယူသူ customer များအတွက် အကောင်းဆုံး ဈေးဝယ်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်ခြင်း။ စနစ်တကျမိတ်ဖက်ပါတနာများ၊ အမှတ်တံဆိပ်များကို ချိတ်ဆက်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဦးစားပေးထုတ်လုပ်ခြင်းနဲ့ customer တွေသဘောကျ eco-friendly packaging များ၊ cruelty-free cosmetics များထုတ်လုပ်ခြင်းတွေကြောင့် တစ်ဟုန်ထိုး အောင်မြင်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်ပစ္စည်းအမျိုးအစားများစွာ ကျယ်ကျယ်ပြန့်ပြန့်ထားရှိခြင်းနဲ့ မတူညီတဲ့ အမှတ်တံဆိပ်အစုံ (၅၀၀) ကျော်ကို ထားရှိပေးခြင်းအားဖြင့် ဝယ်ယူသူတွေအနေနဲ့ တစ်နေရာတည်းမှာပဲ လိုအပ်တာမှန်သမျှ ဝယ်ယူနိုင်ဖို့ဆိုတာ Bootsရဲ့ လုပ်ငန်းရည်ရွယ်ချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အသားအရည် ထိန်းသိမ်းဖို့ ပစ္စည်းများ၊ ဆံပင်အလှအပနဲ့ ကျန်းမာရေးအတွက်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများ စတဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာများအတွက် one-stop-shop အဖြစ် ကုန်အမှတ် တံဆိပ်ပေါင်းများစွာဖြင့် partner ပြုလုပ်ထားရုံသာမက ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များ ကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ In-store သာမက online မှလည်း အလွယ်တကူ ဝယ်ယူနိုင်စေဖို့ Next day Click and Collect ဝန်ဆောင်မှုများကိုလည်း ပေးထားပါတယ်။

Boots ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်တဲ့ပစ္စည်းတွေအနေနဲ့ အမျိုးအစားပေါင်း (၅၀၀) ကျော် ရှိပြီဖြစ်ပြီး လာမယ့်အလှကုန်ဈေးကွက် Trend မှာ Boots ရဲ့ cruelty-free ပစ္စည်းတွေက အတော်လေး နေရာယူလာမယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ Boots အမှတ်တံဆိပ်နဲ့ ပစ္စည်းတွေအပြင် No7 Cosmetics, Botanics, Soap & Glory, Sleek, Boots Soltan sun cream စတဲ့ အမှတ် တံဆိပ်တွေကိုလည်း Boots ကပဲ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နှစ်ပေါင်း (၁၇၅) နှစ်ရှိပြီဖြစ်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လူမှုပတ်ဝန်းကျင်ကို တာဝန်ယူတတ်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။ ၁၉၇၅ ခုနှစ်က စတင်ပြီး Boots အနေနဲ့ သူတို့ရဲ့ သုတေသနလုပ်ငန်းများမှာ တိရစ္ဆာန်များကို အသုံးပြုစမ်းသပ်မှု ရပ်တန့်ခဲ့ပါတယ်။ သူတို့ ထုတ်လုပ်တဲ့ ဂွမ်းတွေကအစ (Global Organic Textiles Standard) ကိုသာ ရွေးချယ်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ပလတ်စတစ်တွေအစား သဘာဝမြေဆွေးဖြစ်လွယ်တဲ့ ထုတ်ကုန်များကိုသာ ထုပ်ပိုးမှုမှာ ထည့်သွင်းအသုံးပြုထားပါတယ်။

လက်ရှိမှာတော့ Boots က ဆေးဝါး၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ လက်လီလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Walgreens Boots Alliance ရဲ့ နိုင်ငံတကာလုပ်ငန်းခွဲတစ်ခုအနေနဲ့ လုပ်ကိုင်လျက်ရှိပါတယ်။ အင်္ဂလန်နိုင်ငံအပြင် အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေး၊ အီတလီ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကာတာတို့မှာပါ Boots ရဲ့ စတိုးပေါင်း (၂၁၀၀) ကို ဖွင့်လှစ်နိုင်ထားရှိပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းပေါင်း (၅၂,၀၀၀) နီးပါး ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်ပေါင်း (၄၃၀၀) ဦး၊ Boots Beauty Specialists (၁၂၀၀) တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်တဲ့ ကော်ပိုရိတ်လုပ်ငန်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။

Ref: https://www.boots-uk.com/about-boots-uk/company-information/

Daw May Thet Hnin

MBA (Heriot-Watt University)