အွန်လိုင်းနဲ့သင်ယူမှုရဲ့ အကန့်အသတ်များ

နည်းပညာဟာ ကျွန်တော်တို့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာသလို အင်တာနက်၊ စမတ်ဖုန်းများနဲ့ TV များဟာလည်း ကျွန်တော်တိုရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းများ ဖြစ်လာကြပါတယ်။ နည်းပညာတိုးတက်လာခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ ဖျော်ဖြေမှုကဏ္ဍများအတွက် ကန့်သတ်ချက်မရှိ ဖြစ်လာပြီး ပညာရေးကဏ္ဍအတွက်လည်း အကျိုးသက်ရောက်မှုဟာ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာပါတယ်။ နည်းပညာတိုးတက်လာမှုဟာ ကျောင်းသားများရဲ့ ပညာရေးရှုထောင့်အမြင်ကို ပြောင်းလဲပေးစေခဲ့ပါတယ်။ ယခုအခါမှာ ကျောင်းသားတွေဟာ ပုံမှန်နည်စနစ်များနဲ့ သင်ယူခြင်းထက် အင်တာနက်မှ အသစ်အသစ်သောအရာတွေကို သင်ယူဖို့ ပိုပြီးစိတ်အားထက်သန်နေကြပြီဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကျောင်းသားတွေဟာ သူတို့ လေ့လာသင်ယူလိုတဲ့ အရာတွေကို လွယ်ကူလျင်မြန်စွာ သင်ယူနိုင်ကြပြီဖြစ်ပါတယ်။

Online ပညာရေးဟာ ပညာရေးနဲ့ နည်းပညာတို့ကို အတူတကွစုဝေးထားတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ Online ပညာရေးမှာ ကျောင်းသားများအနေနဲ့ သင်ခန်းစာတွေကို ဘယ်နေရာကမဆို သင်ယူဖို့ အဆင်ပြေပြီး အင်တာနက်ကို အသုံးပြုပြီးသင်ကြားရတဲ့ နည်းလမ်းဖြစ်ပါတယ်။ သင်ကြားမှုပုံစံဟာ သင်ခန်းစာတွေကို စာသားတွေနဲ့သာ ဖော်ပြတာမဟုတ်ဘဲ ရုပ်ပုံများ၊ သက်၀င်လှုပ်ရှားနေတဲ့ ရုပ်ပုံများ၊ ဗီဒီယိုများနဲ့ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ လေ့လာမှု ပုံစံအသစ်ဖြစ်တဲ့ Online ပညာရေးကို အသုံးပြုပြီး အခွင့်အလမ်းအသစ်တွေကို ရယူဖို့မှာ Online မှတစ်ဆင့် သင်ယူမှုကြောင့် ရရှိလာတဲ့ ကောင်းကျိုးများနဲ့ ဆိုးကျိုးများကို နားလည်ထားဖို့ လိုအပ်ပါတယ်။ Online ပညာရေးရဲ့ ကျောင်းသားတွေအပေါ်မှာ သက်ရောက်လာတဲ့ ဆိုးကျိုးများမှာ

၁။ ဆရာ/ဆရာမများမှ စောင့်ကြည့်စစ်ဆေးပေးနိုင်မှုများ အားနည်းခြင်း။

ကျောင်းသားများဟာ စာသင်ကြားနေစဉ်မှာ ဆရာ/ဆရာမတစ်ယောက်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဆရာ/ဆရာမတွေက ကျောင်းသားတွေရဲ့ အမှုအယာများကို သိရှိနိုင်မှာဖြစ်ပြီး သင်ကြားနေတဲ့ သင်ခန်းစာ တွေကို နာလည်မှုရှိ/မရှိကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အမူအယာတွေကို ကြည့်ခြင်းအားဖြင့် ဆရာ/ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ဘယ်လိုနားလည်အောင် သင်ကြားရမှာကိုသိရှိနိုင်ပြီး သင်ကြားမှု ပုံစံများကိုလည်း ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Online ပညာရေးမှာ ဆရာ/ဆရာမနဲ့ ကျောင်းသားများ တိုက်ရိုက်အပြန်အလှန် ဆက်သွယ်မေးမြန်းဖို့ အခွင့်အရေးက နည်းပါးလှပါတယ်။ ကျောင်းသားတွေရဲ့ သင်ခန်းစာအပေါ်မှာ နားလည်နိုင်မှု၊ အသိပညာ တိုးတက်လာမှုများကို စောင့်ကြည့်ဖို့မှာလည်း အခက်အခဲရှိလာပါတယ်။ ဆရာ/ဆရာမတွေက ဗီဒီယိုများ၊ အသံများမှတစ်ဆင့် အမူအယာများကို စောင့်ကြည့်စစ်ဆေးနိုင်တယ် ဆိုပေမယ့်လည်း ကျောင်းသားတွေကို တစ်ပြိုင်နက်တည်း စောင့်ကြည့်ဖို့မှာ မဖြစ်နိုင်တဲ့အတွက် အခက်အခဲဖြစ်လာပါတယ်။

ကျောင်းသားများဟာ မိမိတို့ရဲ့ သင်ယူမှုများပေါ်မှာ စိတ်ဝင်စားမှုရှိဖို့ လိုအပ်ပါတယ်။ စာအုပ်များ၊ ဗီဒီယိုဖိုင်များ ရှိရုံနဲ့ ပြီးပြည့်စုံတဲ့ လေ့လာသင်ယူမှုတွေကို ပြုလုပ်ဖို့မှာ သူတို့အတွက်မဖြစ်နိုင်ပါ။ Online ပညာရေးဟာ အဲ့ဒီ နည်းလမ်းအတိုင်း လုပ်ဆောင်တဲ့ သင်ကြားနည်းတစ်ခု ဖြစ်ပါတယ်။ သင်ထောက်ကူအရာများ အပြည့်အစုံ ရှိပေမယ့်လည်း ကျောင်းသားတွေဟာ အမှန်တကယ် စိတ်ဝင်စားခြင်းရှိလိမ့်မှာ မဟုတ်ပါဘူး။

၂။ Online သုံးစွဲမှုများလာခြင်းကြောင့် မသင့်တော်တဲ့ အနှောင့်အယှက်များ တိုးပွားလာခြင်း။

ကျောင်းသားများဟာ Online မှ လေ့လာမှုတွေနဲ့ ဖျော်ဖြေမှုကဏ္ဍများအတွက် တစ်နေ့ ၆ နာရီနဲ့အထက် အချိန်ပေး လာကြပါတယ်။ ကျောင်းသားတွေဟာ တစ်စုံတစ်ယောက်ရဲ့ စောင့်ကြည့်မှု၊ လမ်းညွှန်မှုများမရှိဘဲ သူတို့တွေရဲ့ အရေးပါတဲ့တစ်နေ့တာ အချိန်တွေကို ကွန်ပျုတာနဲ့ ဖုန်း screen များပေါ်မှာ အသုံးပြုလာကြပါတယ်။ အများအားဖြင့် မိဘတွေဟာ မိမိတို့ သား/သမီးများအသုံးပြုနေတဲ့ ကွန်ရက်တွေထဲမှာ ကျောင်းသားတွေအတွက် မသင့်တော်တဲ့ အကြောင်းအရာများရှိ/မရှိ၊ သုံး/မသုံးကို စစ်ဆေးကြဖို့ အားနည်းကြပါတယ်။ အကျိုးဆက်အနေနဲ့ မသင့်တော်တဲ့ အကြောင်းအရာတွေဟာ အင်တာနက်ပေါ်မှာ အလွယ်တကူ ပျံ့နှံ့သွားစေနိုင်ပါတယ်။ ကျောင်းသားအများစုဟာ အင်တာနက်ကို အကန့်အသတ်မရှိဘဲ ဝင်ရောက် ကြည့်ရှုခွင့်ရရှိနေကြပါတယ်။ ညစ်ညမ်းစာပေဆိုင်ရာ အကြောင်းအရာ အမြောက်အမြား တိုးများလာသလို ကျောင်းသားများ အနေနဲ့လည်း ပါဝင်ပတ်သက်မှုများ ရှိကောင်းရှိလာနိုင်မှာ ဖြစ်ပါတယ်။

၃။ လူမှုဆက်ဆံရေး အားနည်းလာခြင်း။

ကျောင်းသားတွေဟာ မိမိတို့ရဲ့ လေ့လာသင်ယူမှုများမှာ တခြား ကျောင်းသားတွေရဲ့ အသိအမှတ် ပြုခြင်းခံရတာကို နှစ်သက်ကြပြီး လေ့လာမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်လာတတ်ကြသလို ကျောင်းမှာ ကျောင်းသားများ စုဝေး ရှိနေချိန်မှာ ပိုပြီးတက်ကြွစွာ လုပ်ဆောင်တတ်တာကို တွေ့ရှိရပါတယ်။ Online ပညာရေးမှာတော့ ကျောင်းသားတွေဟာ ဘယ်နေရာမှမဆို တက်ရောက်ရခြင်း၊ တက်ရောက်သူများကြား အပြန်အလှန်ဆက်သွယ်မှု အားနည်းခြင်း၊ အာရုံစူးစိုက်မှုကို လျော့ချထားခြင်း စတဲ့အချက်တွေကြောင့် ကျောင်းသားများ အချင်းချင်း ပိုပြီးဝေးကွာလာစေပါတယ်။ ဒါ့အပြင် ကျောင်းသားအများစုနဲ့ ဆရာ/ဆရာမ အများစုဟာ Online ပေါ်မှာ အချိန်များစွာ ပေးထားရခြင်းကြောင့် အပြန်အလှန်ဆက်သွယ်မှုများ အားနည်းလာပြီး လူမှုရေးဆိုင်ရာများမှာ သီးသန့်ဖြစ်နေတယ်လို့ ခံစားလာရစေပါတယ်။ အချင်းချင်းဆက်သွယ်မှု အားနည်းခြင်း၊ လူမှုရေးဆိုင်ရာများမှာ သီးသန့်ဖြစ်နေမှုများကြောင့် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများနဲ့ မကောင်းတဲ့အမြင်များ စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကိုလည်း ရရှိလာနိုင်ပါတယ်။

၄။ အချင်းချင်း ဆက်သွယ် လုပ်ဆောင်မှုများ အားနည်းလာခြင်း။

ကျောင်းသားများဟာ Online မှ တစ်ဆင့်သင်ယူမှု နည်စနစ်များကြောင့် အသိပညာများ ပိုတိုးတက်လာနိုင်သလို ကျောင်းသားများကြားရှိ အချင်းချင်းဆက်သွယ်မှုတွေကို အားနည်းလာစေပါတယ်။ ကျောင်းသားတွေဟာ သူတို့ အချင်းချင်းဖြစ်စေ၊ ဆရာ/ဆရာမများနဲ့ဖြစ်စေ မျက်နှာချင်းဆိုင် ဆက်သွယ်မှုများပြုလုပ်ဖို့ အခွင့်အရေးများ နည်းပါး လာခဲ့ကြပါတယ်။ Online ပညာရေးမှာ ကျောင်းသားတွေဟာ ဆရာ/ဆရာမများနဲ့ မျက်နှာချင်းဆိုင် ဆက်သွယ်မှုများ မပြုလုပ်နိုင်တာကြောင့် လူမှုဆက်ဆံရေးဟာ သီးသန့်ပုံစံဖြစ်လာခဲ့ပြီး ဆရာ/ဆရာမများက မိမိတို့အပေါ်မှာ အာရုံစိုက်ခြင်း မရှိဘူးဆိုတဲ့ ခံစားမှုကို ခံစားလာရစေနိုင်ပါတယ်။ အဲ့ဒီစိတ်ခံစားမှုတွေကြောင့် ကျောင်းသားများအနေနဲ့ အသင်းအဖွဲ့လိုက် လုပ်ဆောင်မှုတွေအပေါ်မှာ ထိရောက်စွာ လုပ်ဆောင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

၅။ လက်တွေ့ကျကျ လေ့လာနိုင်မှု အားနည်းခြင်း။

စာတွေကိုဖတ်ခြင်းကြောင့် ရရှိလာတဲ့ အသိပညာထက် ကိုယ်တိုင်အတွေ့အကြုံများမှ ရလာတဲ့ ဗဟုသုတများဟာ ပိုပြီးအဖိုးတန်ပါတယ်။ Online ပညာရေးရဲ့ နည်းစနစ်ဟာ လှုပ်ရှားပုံရိပ်များ၊ ဗီဒီယိုများ၊ ရုပ်ပုံများနဲ့ သင်ကြားရတာမို့ လက်တွေ့လုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အားနည်းတာကို တွေ့ရှိရပါတယ်။ သို့ပေမဲ့ ကျောင်းသားများဟာ ကျောင်းကိုကိုယ်တိုင်လာပြီး တက်ရောက်ကြမယ်ဆိုရင် သင်ကြားရေး၊ သင်ထောက်ကူကိရိယာများ (ဒါမှမဟုတ်) ဘယ်အရာကိုမဆို လက်တွေ့စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်အသုံးပြုခြင်းဟာ ကျောင်းသားတွေအတွက် ကောင်းကျိုးများရရှိခြင်း၊ ပိုပြီးမှတ်မိလွယ်ခြင်း၊ သင်ယူနေတဲ့ ဘာသာရပ်အပေါ်မှာ စိတ်ဝင်စားမှုများ တိုးလာခြင်းစတဲ့ အချက်တွေကို အထောက်အကူဖြစ်စေပါတယ်။ Online ပညာရေးကတော့ ဒီအရာတွေကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။

အနှစ်ချုပ်အနေနဲ့ Online ပညာရေးဟာ လူ့ဘဝမှာ တခြားအရာတွေလို ကောင်းကျိုးများနဲ့ ဆိုးကျိုးများစွာကို ပေးဆောင်နိုင်ပါတယ်။ Online ပညာရေးဟာ ပညာရေးစနစ်အတွက် ဖြစ်နိုင်ခြေများစွာနဲ့ အခွင့်အလမ်းများစွာကို ယူဆောင်လာနိုင်တာမို့ ပညာရေးစနစ်အတွက် အနာဂတ် ဖြစ်လာပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် Online ပညာရေးဟာ ကျောင်းတွင်းပညာရေးထက် ပိုပြီးကျော်ကြားလာနိုင်ဖွယ် ရှိပါတယ်။ တချို့ဘွဲ့မရရှိရသေးတဲ့ ကျောင်းသားအရွယ်တွေဟာ ကျောင်းများမှ တိုက်ရိုက်ညွှန်ကြားမှု၊ လမ်းညွှန်မှုများရဲ့ အောက်မှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဘွဲ့ရရှိရထားတဲ့ ကျောင်းသားများအနေနဲ့လည်း “Master” ဒါမှမဟုတ် “PhD” စတဲ့ ဘွဲ့များကို ထပ်ဆင့်ရယူဖို့အတွက် Online ပညာရေးကို အသုံးချနိုင်ပါတယ်။ Online ပညာရေးနဲ့ ကျောင်းတွင်းပညာရေးစနစ်ရဲ့ မျှတမှုဟာ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကို မြှင့်တင်ပေးပြီး ဒီကမ္ဘာကြီးဟာ နေထိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာစေပါတယ်။ ဒါကြောင့် အစိုးရများနဲ့ Online ပညာရေး ထောက်ပံ့ပေးသူများအနေနဲ့ ကျောင်းတွင်း ပညာရေးစနစ်ကို ပပျောက်မှု သဘောမရှိစေဘဲ Online ပညာရေးကိုလည်း ဘယ်လိုအသုံးပြုသင့်ကြောင်း ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက်များကို ရေးဆွဲဖို့ လိုအပ်ပါတယ်။

Positive and negative impact of online education on students - World leading higher education information and services မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y), B.C.Sc, (Hons) (U.C.S.Y), M.C.Sc, (U.C.S.Y)