"အဝတ်အထည်လုပ်ငန်းမှ ပတ်ဝန်းကျင်ထိခိုက်မှုကို Upcycling နည်းလမ်းဖြင့်လျှော့ချခြင်း"

ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုတာ အကြောင်းအရင်းမရှိဘဲ ဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ လူတွေရဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ အဝတ်အထည်လုပ်ငန်းတွေက ညစ်ညမ်းမှုရဲ့တရားခံဖြစ်နေလိမ့်မယ်လို့ ဘယ်သူကတွေးမိပါ့မလဲ။ ဒါပေမဲ့ ဒါကငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ။ အဝတ်အထည်လုပ်ငန်း တွေမှာ ချည်မျှင်၊ ဝါဂွမ်းနဲ့ ရေအမြောက်အမြားအသုံးပြုဖို့ လိုအပ်ပါတယ်။ အထည်လုပ်ငန်းရဲ့သဘာဝအရ ပတ်ဝန်းကျင်ကိုထိခိုက်စေမှုနဲ့ ဝယ်လိုအားတိုးမြင့်လာမှုက ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ အဓိက လုပ်ငန်းကြီးတစ်ခု ဖြစ်လာပါတော့တယ်။ အတိအကျပြောရရင် ဖက်ရှင်ပစ္စည်းတွေကို အလွန်အကျွံ ထုတ်လုပ်လာခြင်းက ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ အဓိကတရားခံပါပဲ။

သုံးစွဲသူတွေကြားမှာ ဖက်ရှင်အသုံးအဆောင်များကို လွယ်လွယ်ဝယ်ယူပြီး လွယ်လွယ်စွန့်ပစ်တဲ့ အပြုအမူတွေက ခေတ်စားနေပါတယ်။ ဈေးပေါပေါနဲ့ခေတ်ရေစီးကြောင်းနဲ့အညီ အဝတ်အစား အသစ်တွေ ထုတ်လုပ်ရောင်းချနေခြင်းက သုံးစွဲသူတွေကို ကောင်းကောင်းဆွဲဆောင်နိုင်ပြီး ဝယ်ယူ ထားပြီးသား အဝတ်အစားတွေကို အသစ်တွေနဲ့ ခပ်မြန်မြန်အစားထိုးလာကြပါတယ်။ ဒီလိုနဲ့ပဲ သဘာဝ ရင်းမြစ်ထုတ်ယူမှုတွေ မြင့်တက်လာပြီး စွန့်ပစ်ပစ္စည်းတွေလည်း ပိုများလာတယ်လို့ INTI International College မှ Louise Lee [Head of Diploma in Fashion Design Programme, Centre of Art & Design (ICAD)] က ပြောခဲ့ပါတယ်။ ဈေးပေါတဲ့အဝတ်အစားတွေအတွက် ပတ်ဝန်းကျင်က ပေးဆပ်နေရတဲ့ အဖိုးအခကို ထည့်တွက်ဖို့ မေ့လျော့နေခဲ့ကြပြီး အသစ်ပြန်မဖြစ်နိုင်တဲ့ ရင်းမြစ်တွေအားလုံး ကုန်ဆုံးသွား တဲ့အခါ တာဝန်ရှိသူ ဘယ်သူလဲလို့ သူက သတိပေးစကား ထပ်ပြောခဲ့ပါတယ်။ ဒီအချက်ကို သုံးစွဲသူတွေ သတိထားမိသွားရင် ခဏခဏ အသစ်ဝယ်ယူခြင်းထက် အရည်အသွေးကောင်းတဲ့အဝတ်ကို အကြိမ်ရေ လျှော့ဝယ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ပါလိမ့်မယ်။

Louise Lee ကတော့ Upcycling Fashion ဆီကို ဦးတည်သွားဖို့ အကြံပေးထားပါတယ်။ Upcycling Clothing ဆိုတာက အသုံးမပြုတော့တဲ့ အဝတ်အစားတွေကို မူလတန်ဖိုးထက်ပိုတဲ့ အသုံး အဆောင်ပစ္စည်းများအဖြစ် ပြောင်းလဲယူခြင်း ဖြစ်ပါတယ်။ အသုံးမပြုတော့တဲ့အဝတ်တွေ၊ ခေတ်ဟောင်း အဝတ်အစားတွေကိုသုံးပြီး ဖန်တီးမှုအားကောင်းတဲ့ ဒီဇိုင်းတွေကို အခြေတည်ကာ တန်ဖိုးရှိတဲ့ အရာအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ လူအများစုက Recycle နဲ့ Upcycle နှစ်ခုကို သေချာ မကွဲပြားကြပါ။ Upcycle မှာ ဆေးကြောသန့်စင်ခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ အဆင့်ဆင့်ပါဝင်ပြီး နဂိုထက်တန်ဖိုးမြင့်တဲ့ ထုတ်ကုန်တစ်ခုရအောင် ဖန်တီးခြင်းဖြစ်ပြီး Recycle ကတော့ အလားတူတန်ဖိုးရှိတဲ့ ထုတ်ကုန်တစ်ခုဖြစ်အောင် ပြုလုပ်ခြင်းပါ။

Upcycling နည်းလမ်းနဲ့ အသုံးမပြုတော့တဲ့အဝတ်အစားတွေကို တခြားအသုံးလိုတဲ့သူဆီ လွှဲပြောင်းခြင်းက အဝတ်အစားရဲ့သက်တမ်းကို အကျိုးရှိရှိရှည်ကြာစေပြီး အမှိုက်ပုံမှာသွားစုနေမယ့် ပြဿနာကို တစ်မျိုးတစ်ဖုံဖြေရှင်းပြီးသားလည်း ဖြစ်စေပါတယ်။ ဒါပေမဲ့ အသုံးပြုပြီးသား အဝတ်အစားတွေကို Upcycling လုပ်ခြင်းက အဝတ်အစားအသစ် ဖန်တီးရခြင်းထက် ပိုပြီးခက်ခဲကြောင်း Louise က ဖြည့်စွက်ပြောပြခဲ့ပါတယ်။ ထုတ်ကုန်များကိုရွေးချယ်တဲ့အခါ Sustainable Practice ကို အသားပေးတဲ့ တံဆိပ်များကို ရွေးချယ်ခြင်းဖြင့် အရင်းအမြစ်သစ်များပြုန်းတီးမှုနဲ့ စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ပါတယ်။ Upcycling က ပတ်ဝန်းကျင်ကို အကျိုးပြုစေပြီး သုံးစွဲသူတွေအနေနဲ့လည်း sustainability ကိုဦးစားပေးတဲ့ ရွေးချယ်မှုက မမှားယွင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

Upcycling လုပ်ထားတဲ့ပစ္စည်းတွေက ဈေးအနည်းငယ်ပိုများမယ်ဆိုပေမယ့် မိမိတို့တစ်နေ့တာ အသုံးပြုတဲ့ပစ္စည်းတွေရဲ့ နောက်ကွယ်က အဖိုးအခအစစ်အမှန်ကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ အသိပညာနည်းပါးခြင်းနဲ့ ဈေးနှုန်းတို့ကြောင့် Upcycled ပစ္စည်းများဟာ အာရှနိုင်ငံတွေမှာ ခေတ်စားမှု နည်းပါးနေပါသေးတယ်။ ပံ့ပိုးမှုအားနည်းခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းနဲ့ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ဗျူဟာများမရှိခြင်းကြောင့် ရေပန်းစားမှုနည်းနေပါသေးတယ်။ ရေရှည်အကျိုးရှိစေခြင်းရဲ့နောက်ကွယ်က ကြိုးစားအားထုတ်မှုနဲ့ တန်ဖိုးကိုအသိအမှတ်ပြုပေးသင့်တယ် ဆိုပေမယ့်လူတွေက “အလှအပ” နဲ့ “ဈေးနှုန်း” ကို Sustainability ထက် ပိုပြီးအလေးပေးနေကြဆဲပါပဲ။

ဒါပေမဲ့ ဖက်ရှင်လုပ်ငန်းမှ လုပ်ပိုင်ခွင့်ရှိသူတွေက Sustainability ကို အလေးထားလာကြကာ Upcycling နဲ့ပတ်သက်တဲ့ ဖက်ရှင် နယ်ပယ်ထဲကို ဝင်ရောက်လာကြပြီဖြစ်ကြောင်း Louise က ဖြည့်စွက်ပြောပြခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Sustainability နဲ့စပ်လျဉ်းတဲ့ အသိပညာတွေကိုမြှင့်တင်ပေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းတဲ့ အဝတ်အစားဈေးကွက်ဆီ ဦးတည်လာနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Sustainable Clothing သီးသန့်အသုံးပြုဖို့အတွက် ရွေးချယ်စရာနည်းနေခဲ့ရင် ဒါမှမဟုတ် ဝယ်ယူဖို့ အခက်အခဲ ရှိနေခဲ့ရင် သက်တမ်းကြာရှည်ခံတဲ့ အရည်အသွေးရှိ အဝတ်အထည်တွေကို အသုံးပြုနိုင်ပါတယ်။ ဒီဇိုင်းနာများအနေနဲ့လည်း ဖန်တီးမှုတိုင်းမှာ Sustainability ဆိုတဲ့ အသိတစ်ခုကပ်ပြီး အလုပ်လုပ်ရပါမယ်။ အလေအလွင့်အနည်းဆုံးနဲ့ Sustainable ဖြစ်တဲ့ ကုန်ပစ္စည်းတွေကို ဦးစားပေး သုံးပြီး လှပတဲ့ဒီဇိုင်းများဖန်တီးခြင်းက Sustainable Design ရဲ့အခြေခံဖြစ်ကြောင်း သူက ထပ်မံဖြည့်စွက်ပြောခဲ့ပါတယ်။

အသိပညာမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ICAD က Deconstruction နဲ့ပတ်သက်တဲ့ Workshop တစ်ခုကို Yayasan Sime Darby Art Festival မှာ ပြုလုပ်ခဲ့ပါတယ်။ အသုံးမပြုတော့တဲ့ ခြေအိတ် တွေကိုသုံးပြီး ဆွယ်တာအင်္ကျီဖန်တီးကြည့်ဖို့ Workshop မှာ တာဝန်ပေးခဲ့တယ်။ အဲ့ဒီနည်းလမ်းက Maison Martin Margiela ရဲ့ဖန်တီးထားတဲ့ မူပိုင်နည်းလမ်းတစ်ခုဖြစ်ပြီး သူက Deconstructing မှာ ကျွမ်းကျင်မှုကြောင့် လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ICAD မှာ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကိုသုံးပြီး ပြုလုပ်ထားတဲ့ ကျောင်းသားတွေရဲ့လက်ရာတွေကို ပြသထားပါတယ်။ အထည် အပိုင်းအစတွေနဲ့ ဖန်တီးထားတဲ့ ပန်းချီကားတွေ၊ အဝတ်အစားတွေကနေ ပြောင်းလဲထားတဲ့ လက်အိတ်တွေလည်း ပါဝင်ပါတယ်။

Deconstruction Fashion ရဲ့ရည်ရွယ်ချက်မှာ ပြည့်စုံမှုမရှိတဲ့၊ တကွဲတပြားစီရှိနေတဲ့၊ Upcycled ပြုလုပ်ထားတဲ့ အထည်အပိုင်းအစတွေကို ပေါင်းစပ်ဖန်တီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး Traditional နည်းနဲ့ သွေဖီပါတယ်။ အထည်ရဲ့အစိတ်အပိုင်းများကို ခွဲထုတ်ခြင်း၊ မပြည့်စုံသေးတဲ့ အထည်များကို ပေါင်းစပ်ခြင်းတို့ ပါဝင်တဲ့ ပြန်လည်ဖန်တီးမှုပြုလုပ်ခြင်း (Deconstruction) က သမားရိုးကျနည်းလမ်းကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အဝတ်အထည်လုပ်ငန်းမှာ ပိုပြီး တွင်တွင်ကျယ်ကျယ်ဖြစ်လာဖို့ တတ်နိုင်တဲ့ ဘက်က ကြိုးစားသင့်ပါတယ်။

INTI International University & Colleges Website မှ Upcycling Fashion to Save the Earth ဆောင်းပါးအားဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲ ဖြစ်ပါတယ်။

 

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University