အင်တာဗျူးဖြေဆိုဖို့အတွက် နည်းလမ်းကောင်းများ

အင်တာဗျူးဖြေတယ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းပြီး စိုးရိမ်စိတ်များရတဲ့အရာတစ်ခုပါပဲ။ ယုံကြည်မှု ရှိရှိနဲ့ တည်တည်ငြိမ်ငြိမ် ဖြေနိုင်ပါ့မလား” ဆိုတဲ့ ကြောက်ရွံ့စိတ်တွေ ဖြစ်ရတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ဒါက သင် ဒီစာကို မဖတ်ခင်အချိန်ထိပဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ အင်တာဗျူးမဖြေခင် လုပ်ဆောင်သင့်တာနဲ့ အင်တာဗျူးဖြေနေချိန် လုပ်ဆောင်သင့်တာဆိုပြီး နှစ်ပိုင်းခွဲပြီး ရှင်းပြပေးပါမယ်။

ဒါဆိုရင် အင်တာဗျူးမဖြေခင် ပြင်ဆင်သင့်တာလေးကို လေ့လာကြည့်ကြရအောင်။

(၁) ကြိုတင်လေ့လာပါ။

အင်တာဗျူးမဖြေခင် ကြိုတင်လေ့လာဖို့ လိုအပ်ပါတယ်။ ဘာကိုကြိုတင်လေ့လာရမလဲဆိုတော့ ကိုယ်လျှောက်မယ့် ကုမ္ပဏီရဲ့နောက်ကြောင်းရာဇဝင် (company background/ profile)၊ ကုမ္ပဏီရဲ့မစ်ရှင် (mission)၊ ထုတ်လုပ်မှု အပိုင်း၊ ကုမ္ပဏီသဘောထား (culture) နဲ့ စည်းကမ်းချက်တွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ ဒီလိုလေ့လာ ထားမှသာ တကယ်လို့ သင့်ဘက်က မေးချင်တဲ့မေးခွန်းမျိုးရှိခဲ့ရင် အခွင့်အရေးရတဲ့အခါ မေးနိုင်ဖို့ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။

(၂)အလုပ်ရဲ့လိုအပ်ချက်ကို သိပါစေ။

အလုပ်ရဲ့လိုအပ်ချက်ကို သိဖို့လိုအပ်ပါတယ်။ သင်က အလုပ်ခေါ်စာတွေ့လို့ လျှောက်လိုက်တယ်ဆိုတာထက် ပိုပြီး အလေးအနက်ထားသင့်ပါတယ်။ အဲဒီလိုအလေးအနက်ထားပြီး စဉ်းစားမှသာ သင့်မှာ ရှိလာမယ့်တာဝန်နဲ့ ကျွမ်းကျင်မှုကို သိမှာဖြစ်ပါတယ်။ ဒီလိုနားလည်သဘောပေါက်ထားမှသာ သင့်ကိုယ်သင်လည်း ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုအပ်မယ့် အရည်အချင်းတွေကိုလည်း သေချာစဉ်းစားဖော်ထုတ်နိုင်မှာ ဖြစ်ပြီးတော့ အင်တာဗျူးဖြေဆိုတဲ့အချိန်မှာလည်း သင့်မှာရှိတဲ့အားသာချက်တွေကို သေချာပြောပြနိုင်မှာ ဖြစ်ပါတယ်။

(၃) CV ကို သေချာပြင်ဆင်ပါ။

သင်က အထက်ပါနှစ်ချက်ကို သေသေချာချာလုပ်နိုင်ပြီဆိုရင် Curriculum Vitae (CV) ကိုလည်း သေချာပြင်ဆင် ရေးသားနိုင်မှာ ဖြစ်ပါတယ်။ သင်က အလုပ်ရဲ့လိုအပ်ချက်ကို သိမယ်၊ ကုမ္ပဏီရဲ့သဘောထားကို သိမယ်ဆိုရင် သင့်ရဲ့ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဖော်ပြနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး လိုအပ်တဲ့အရည်အချင်းကို ဖော်ပြပြီးတဲ့အပြင် “သင့်စိတ်ဝင်စားမှုနဲ့ဝါသနာ”၊ “ဘာကြောင့် ဒီအလုပ်ကို လျှောက်သလဲ”ဆိုတဲ့နေရာမှာလည်း အလုပ်နဲ့ပတ်သက်နိုင်လောက်တဲ့ အရည်အချင်းကို ဖော်ပြပေးသင့်ပါတယ်။

ဥပမာ- သင်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတစ်ခုမှာ ဆရာလျှောက်တယ်ဆိုပါစို့။ အလုပ်ခေါ်စာရဲ့ “လိုအပ်တဲ့ အရည်အချင်းများ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုပ်သက်အတွေ့အကြုံ အနည်းဆုံး(၃)နှစ် ရှိရမယ်၊ သက်ဆိုင်ရာ ဘာသာရပ်အပေါ် ကျွမ်းကျင်မှုရှိရမယ်၊ ဘွဲ့လက်မှတ်နဲ့ သင်ရိုးရေးဆွဲနိုင်စွမ်း ရှိရမယ်၊ ကောင်းမွန်တဲ့အခန်းတွင်း ထိန်းသိမ်းနိုင်စွမ်းရှိရမယ် စတဲ့ အချက်အလက်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို အလုပ်ခေါ်စာတွေရဲ့ အချက်အလက်တွေမှာ သင်နဲ့ကိုက်ညီတဲ့အရာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနေရာမျိုးမှာ သင့်မှာ ရှိနေတဲ့အရည် အချင်းတွေက ကျန်နေသေးပါလိမ့်မယ်။ အဲ့လိုသင့်အရည်အချင်းတွေက လိုတာထက်တောင် ပိုရှိနေတယ်ဆိုရင် ဒီအချက်အလက်တွေကို “သင့်စိတ်ဝင်စားမှုနဲ့ဝါသနာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထပ်ထည့်ပေးနိုင်ပါတယ်။ ဥပမာ- သင်ဟာ အလုပ်အတွက် အကျိုးသက်ရောက်စေမယ့် “စိတ်ပညာ (psychology) ကို အင်မတန် စိတ်ဝင်စား ပါတယ်၊ လေ့လာနေပါတယ်၊ စာပေကို စိတ်ဝင်စားပါတယ်”လို့ ထည့်ရေးသင့်ပါတယ်။ “ဘာကြောင့် ဒီအလုပ်ကို လျှောက်သလဲ” ဆိုတဲ့နေရာမှာလည်း တခြားအကြောင်းအရာတွေကို ရေးပေး (ပြောပေး) တာထက် အလုပ်အတွက် အကူအညီဖြစ်တဲ့ “ကျောင်းသားတွေကို စာသင်ရရင် စိတ်ချမ်းသာလို့၊ အတွေ့အကြုံကောင်းကောင်းလိုချင်လို့” စတဲ့စကားမျိုးကို ပြောပေး၊ ရေးထည့်ပေးသင့်ပါတယ်။ ဒီလိုရေးပေးလိုက်ခြင်းက သင့်ကို သာမန်အလုပ်လျှောက်သူ တွေကြားမှာ ပိုစိတ်ဝင်စားခြင်းခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ “ရိုးရိုးသားသား အရှိကိုအရှိအတိုင်း ပြောဖို့ လိုအပ်ပါတယ်။” ဒါမှသာ တကယ်အလုပ်လုပ်တဲ့အခါ သင်နဲ့အလုပ်ရှင်အပြင် ကျောင်းသားတွေနဲ့ပါ အဆင်ပြေ နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ရေးကြီးတာတစ်ခုရှိပါတယ်။ ဒါက သင့်ရဲ့အလုပ်အပေါ်ကို အားထုတ်နိုင်စွမ်း၊ တာဝန်ထမ်းဆောင် နိုင်စွမ်းကို ဖော်ပြပေးသင့်ပါတယ်။ သင်က အလုပ်အပေါ်ကို ဘယ်လောက်အားထုတ် ကြိုးစားနိုင်သလဲဆိုတာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဘယ်အလုပ်ရှင်ကမှ ပျင်းနေတဲ့ ဝန်ထမ်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ဝန်ထမ်းကို လိုချင်ကြမှာ မဟုတ်ပါဘူး။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးသူကိုသာ သဘောကျမှာပါ။

(၄)မေးနိုင်မယ့်မေးခွန်းတွေကို ကြိုပြင်ထားပါ။

ဒီအဆင့်ကလည်း တကယ့်အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ သင်က အင်တာဗျူးမှာ မေးနိုင်မယ့်မေးခွန်းတွေကို ကြိုလေ့လာထားသင့်ပါတယ်။ ဒါမှသာ သင် အင်တာဗျူးဖြေဆိုနေစဉ်မှာ ထိရောက်တဲ့အဖြေကို စဉ်းစားစရာမလိုဘဲ ချက်ချင်းလက်ငင်း လိုတိုရှင်းဖြေဆိုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မေးနိုင်မယ့် မေးခွန်းတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ သင့်ရဲ့အတွေ့အကြုံရှိတဲ့ မိတ်ဆွေကိုပဲဖြစ်ဖြစ်၊ အင်တာနက်က ရှာတာဖြစ်ဖြစ် သင်သဘောကျတဲ့ နည်းနဲ့ လေ့လာလို့ ရပါတယ်။ နောက်ထပ် လူတော်တော်များများ နားလည်မှုလွဲတဲ့ မေးခွန်းတစ်ခုကို ဖော်ပြပေးပါ့မယ်။ ဒါကတော့ “သင့်အကြောင်း ပြောပြပါ (Tell me about yourself)” ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်း မေးလာရင် သင်ရောဘယ်လိုဖြေမလဲ။ ဒီမေးခွန်းက သင့်အကြောင်းကို ပြောပါဆိုပေမယ့် သင့်ဘဝအကြောင်းကို အပြည့်အစုံပြောရမှာ မဟုတ်ပါဘူး။ အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ သင့်ရဲ့အားသာချက်နဲ့ သင့်ရဲ့အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကိုသာ ပြောပြပေးရမှာ ဖြစ်ပါတယ်။ သင်က သင့်ရဲ့အကြောင်းကို ရှည်ရှည်ဝေးဝေးအချိန်ယူပြီး ပြောနေရင် အင်တာဗျူးတဲ့ သူတောင် စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အတွေ့အကြုံကိုသာ ပြောဖို့ လိုအပ်ပါတယ်။

ကဲ ဒါဆိုရင် အင်တာဗျူးဖြေနေစဉ်မှာ လုပ်သင့်တဲ့အချက်ကလေးတွေကို ထပ်ပြီးလေ့လာကြရအောင်။

(၁) အချိန်တိကျရမယ်။

သင်က အင်တာဗျူးဖြေရမယ့်အချိန်ကို တိတိကျကျ ရောက်နေသင့်ပါတယ်။ သင်က စိတ်ပူပြီး စိုးရိမ်စိတ်များတဲ့ သူဆိုရင် အချိန်စောစောတောင် ကြိုသွားထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့စိတ်က ကိုယ်နဲ့စိမ်းတဲ့နေရာ တစ်ခုကို သွားတဲ့အခါ စိတ်လှုပ်ရှားတတ်တဲ့သဘာဝကြောင့် ဖြစ်ပါတယ်။ ဒီလို စောစောလေး သွားထားခြင်းဖြင့် သင့်စိတ်ကို ထိန်းချုပ်ချိန် ရှိနိုင်ပါသေးတယ်။ နောက်ပြီး အချိန်ဆိုတာ အရေးကြီးတဲ့ ဒြပ်မဲ့တန်ဖိုး ဖြစ်ပါတယ်။ ယနေ့လူသားတိုင်းက ဒီဒြပ်မဲ့တန်ဖိုးကို အပွန်းအပဲ့မခံဘဲ တယုတယ တန်ဖိုးထားနေကြပါတယ်။ သင်ဟာ အင်တာဗျူးဖြေဆိုဖို့ အချိန်တိတိကျကျ ရောက်နေခြင်းက အင်တာဗျူးအတွက်လည်း အဆင်ပြေနိုင်သလို၊ First Impression လည်း ကောင်းကောင်းရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိကျပါ။

(၂)ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ပါစေ။

လူဆိုတာ ကြောက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအကြောက်တရားကို ကျော်ဖြတ်နိုင်မှ သင်က အကြောက်တရားကို ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်ရွံ့တုန်လှုပ်နေရတာတွေကို သဘာဝလို့ တွေးပြီး ကျော်ဖြတ်နိုင်ရမယ်လို့ ယုံကြည်ထားသင့်ပါတယ်။ သင့်စိတ်က ကြောက်ရွံ့တုန်လှုပ်မှုရှိနေရင်တောင် မျက်နှာမှာပေါ်မလာအောင် သတိထားကိုင်တွယ်ရပါမယ်။ ကြောက်ရွံ့မှုကို ထိန်းသိမ်းနိုင်ပါစေ။

(၃) သင့်လက်တွေကို သတိထားထိန်းချုပ်ပါ။ 

သင့်လက်တွေကို သတိထားထိန်းချုပ်ပါ။ ဟုတ်ပါတယ်။ ဒါ တကယ့်ကို အရေးကြီးပါတယ်။ လူဟာ ကိုယ့်ထက် ရာထူးကြီးတဲ့ အကြီးအကဲနဲ့စကားပြောတဲ့အခါ လက်အနေအထားနဲ့ ပတ်သက်လို့ စိတ်ကသိကအောက် ဖြစ်ကြရတတ်ပါတယ်။ သင်ဟာ အင်တာဗျူးဖြေနေချိန်မှာ သင့်လက်က လက်ဟန်ကိုပဲ သုံးရင်းပြောရမလား၊ လက်ပိုက်ထားရမှာလား၊ စားပွဲခုံပေါ်တင်ရမှာလား၊ ကိုယ့်ကုလားထိုင် လက်တန်းပေါ်တင်ရမှာလား၊ ပေါင်ပေါ် တင်ရမှာလား စတဲ့ ပြဿနာတွေရှိပါတယ်။ ဒီနေရာမှာ သင်က အရင်ဆုံး အင်တာဗျူးသူကို သတိထားရမှာ ဖြစ်ပါတယ်။ သူက လက်ဟန်ပြတာကို သဘောကျရဲ့လား။ စားပွဲပေါ်တင်တာကိုပဲ သဘောကျရဲ့လားဆိုတာ သတိထားပါ။ ဒါက သတိပေးချက်တစ်ခုသက်သက်ပါ။ သင်က အဲ့ဒါကို သတိမထားနိုင်လည်း ကိစ္စတော့ သိပ်မရှိလှပါဘူး။ အဓိကတော့ သင့်ရဲ့လက်ကို သင်အဆင်ပြေသလို အနေအထားမှာ ထားထားပါ။ ပေါင်ပေါ် တင်မလား၊ စားပွဲပေါ်တင်မလား၊ သင်အဆင်ပြေသလိုတင်ထားဖို့ လိုပါတယ်။ အရေးကြီးတာက သင့်လက်ကြီးကို တောင့်တောင့်ကြီးထားမနေဖို့နဲ့ ရိုင်းပြတဲ့ပုံစံပေါက်မသွားဖို့က အရေးကြီးပါတယ်။ သင်က လက်ကြီးပိုက်ထားပြီး ဟိတ်ဟန်ကြီးနဲ့လုပ်ပြဖို့ မသင့်သလို လက်ကို အတင်းသေသေသပ်သပ်ထားပြီး ရိုကျိုးပြနေလို့လည်း မသင့်ပါဘူး။ သင့်လက်ကို ဖြေလျော့ထားပါ။ စိတ်ကို ပေါ့ပေါ့လေးထားလိုက်ပါ။

(၄) ပြုံးထားနိုင်ပါစေ။

ပြုံးတယ်ဆိုတာလည်း အရေးကြီးတဲ့အရာတစ်ခုပါပဲ။ အင်တာဗျူးဖြေဆိုတဲ့အခါမှာ ခပ်တည်တည်ကြီးနဲ့ ဖြေနေတာကလည်း သိပ်ပြီးကြည့်မကောင်းလှပါဘူး။ ဒါကြောင့် အထက်ကရေးခဲ့သလို စိတ်ကို ပေါ့ပေါ့လေး လွှတ်ထားလိုက်ပါ။ ပြုံးသင့်တဲ့အခိုက်အတန့်မှာ ဖော်ဖော်ရွေရွေ ပကတိအတိုင်းပြုံးပါ။

(၅) မိမိကိုယ်ကို ယုံကြည်မှုရှိပါစေ။

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ကလည်း အရေးကြီးပြန်ပါတယ်။ ယုံကြည်မှုမှာ အပြင်ယုံကြည်မှုနဲ့ အတွင်းယုံကြည်မှု နှစ်မျိုးရှိပါတယ်။ အပြင်ယုံကြည်မှုက အင်တာဗျူးသူရဲ့အမြင်မှာ သင်က မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေကြောင်း ပေါ်လွင်နေဖို့ လိုအပ်ခြင်းဖြစ်ပါတယ်။ တကယ်တော့ ဒီလိုပေါ်လွင်ဖို့ဆိုတာ အထက်ကအချက်တွေဖြစ်တဲ့ အချိန်တိကျခြင်း၊ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်အနေအထားနဲ့ လက်အနေအထားမှန်ကန်ခြင်း၊ ပြုံးထားနိုင်ခြင်းတွေက သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိကြောင်း ပေါ်လွင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်းကတော့ အင်တာဗျူးမဖြေခင် လုပ်ဆောင်ထားတဲ့အချက်တွေရော၊ အင်တာဗျူး ဖြေနေချိန် သင်ကိုယ်တိုင် လုပ်ဆောင်လိုက်တဲ့အချက်တွေကြောင့် သင့်မှာ ယုံကြည်မှုတွေရှိလာမှာ ဖြစ်ပါတယ်။သင်က အထက်ပါအချက်အားလုံးကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မယ်ဆိုရင် သင်နဲ့ အင်တာဗျူး ဖြေသူကြားမှာ အဆင်ပြေနိုင်မှာပါ။ ဒါ့အပြင် သင့်ရဲ့ဖော်ရွေတဲ့အပြုံး၊ ချောမွေ့တဲ့စကားပြော၊ အစီအစဉ်ကျနတဲ့ အဖြေတွေကြောင့် အင်တာဗျူးဖြေချိန်ခဏအတွင်းမှာ သင်နဲ့အင်တာဗျူးဖြေဆိုသူကြားမှာ ပျော်ရွှင်စရာ အခိုက်အတန့်နဲ့ ခင်မင်မှုတွေ ရလာနိုင်ပါတယ်။ အချိန်ရမယ်ဆိုရင် သင်က စကားပြောနေရင်း ပုဂ္ဂိုလ်ရေး ခင်မင်မှုကိုတောင် ယူနိုင်ပါသေးတယ်။ အင်တာဗျူးဖြေဆိုပြီးအပြန်မှာ သင်က အင်တာဗျူးသူကို လက်ဆွဲ နှုတ်ဆက်တာဖြစ်ဖြစ်၊ ရိုးရိုးနှုတ်ဆက်စကားပြောတာပဲဖြစ်ဖြစ် လုပ်ဆောင်ရင်း သင့်ရဲ့အင်တာဗျူးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။

သင့်အတွက် လိုအပ်ရင် ဒီစာကို သေချာဖတ်ပြီး အသေအချာ ပြင်ဆင်ကြည့်ပါ။ သင့်အတွက် အကျိုးကျေးဇူးများစွာ ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အင်တာဗျူးကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေ။

Aung Thu

B.Com , M.Com(Mtl Eco)

PG Dip in Research Studies (Myw Eco)