"အလုပ်နဲ့ဘဝ ဟန်ချက်ညီညီ လုပ်ကြစို့"

Work-Life Balance (အလုပ်နှင့်ဘဝဟန်ချက်ညီခြင်း) ဆိုတာက အလုပ်လုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်နှစ်ခုက မျှမျှတတရှိနေခြင်းကို ဆိုလိုတာပါ။ တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ ကျွန်တော်တို့ရဲ့ နေ့စဉ် အလုပ်တာဝန်တွေကလည်း များပြားလာပါတယ်။ ဒီလိုများပြားလွန်းတဲ့ အလုပ်တာဝန်တွေကြားမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေက တဖြည်းဖြည်းလျော့နည်းလာပါတယ်။ လျင်လျင်မြန်စွာ တိုးတက်နေတဲ့ခေတ်ကို အမီလိုက်ရင်း ကျွန်တော်တို့ဝန်ထမ်းအများစုဟာလည်း အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင်လုပ်ဖို့ ခက်ခဲလာပါတယ်။ တစ်နေ့တာအချိန်အများစုကို အလုပ်ထဲမှာချည်းပဲ အာရုံစိုက်ထား မယ်ဆိုရင်၊ အလုပ်တွေချည်းပဲအချိန်တိုင်းလိုလိုလုပ်နေမယ်ဆိုရင် ကြာလာတဲ့အခါ လူရောစိတ်ပါ ပင်ပန်းလာနိုင်ပြီး ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်ကာ စိတ်ဓာတ်ကျတာတွေ၊ ပေါင်းသင်းဆက်ဆံရေးမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ရဲ့ လူနေမှုဘဝအပေါ်ကိုပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တစ်ဖက်မှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ဖြစ်မြောက်အောင် ကြိုးစားနေသလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့လူနေမှုဘဝအတွက် ကိုယ်ပိုင်အချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း Work-Life Balance ဆိုတဲ့ စကားလုံးဟာ ပိုမိုတွင်ကျယ်လာပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ Work-Life Balance ကို ပိုမိုအလေးထားလုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် စာဖတ်သူတို့အတွက်လည်း အလုပ်နှင့်ဘဝဟန်ချက်ညီအောင် ကူညီပေးနိုင်တဲ့ အချက်လေးတွေကို တင်ပြလိုက်ပါတယ်။

၁။ အကန့်ခွဲထားပါ။

ကျွန်တော်တို့ရဲ့ နေ့စဉ််အလုပ်တာဝန်တွေနဲ့ ကိုယ်ပိုင်အချိန်အတွက်ကို အကန့်ခွဲထားသင့်ပါတယ်။ တိကျတဲ့ အချိန်စာရင်းကိုသတ်မှတ်ပြီး ကိုယ့်ရဲ့အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို မရောထွေးအောင် ထားသင့်ပါတယ်။ အလုပ်ချိန်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နေမယ်ဆိုရင် အလုပ်ပြီးစီးမှုကို ထိခိုက်နိုင်ပြီး တစ်ဖက်မှာလည်း ကိုယ်ပိုင်အချိန်မှာ အလုပ်တွေလုပ်နေရတာ၊ အထက်လူကြီးဆီက အလုပ်တွေ၊ ညွှန်ကြားချက်တွေ ရောက်လာတာမျိုးက ကိုယ့်ရဲ့ လူမှုဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အကန့်ခွဲထားဖို့ လိုအပ်ပါတယ်။

၂။ ဦးစားပေးအဆင့်ခွဲထားပါ။

ကျွန်တော်တို့ရဲ့အလုပ်တာဝန်တွေကို အရေးပါမှုအပေါ်မူတည်ပြီး ဦးစားပေးအဆင့်တွေ သတ်မှတ်ထားဖို့ လိုပါတယ်။ တစ်နေ့တာအလုပ်ချိန်အတွင်း ကိုယ့်အတွက်အရေးကြီးတဲ့ အလုပ်တာဝန်ကို အရင် ပြီးမြောက်အောင် ဦးစားပေးဆောင်ရွက်ဖို့လို ပါတယ်။ အဲ့ဒီလို ဦးစားပေးအဆင့်လိုက် လုပ်ဆောင်မှသာ ကိုယ်လိုချင်တဲ့ရလဒ်ကို ပိုပြီးထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ရရှိနိုင်မှာပါ။

၃။ အချိန်ကိုစီမံခန့်ခွဲပါ။

အချိန်ကိုသေချာစီမံခန့်ခွဲတာက Work-Life Balance ဖြစ်ဖို့ အရေးကြီ:ဆုံးထဲက တစ်ချက်ပါ။ အချိန်ကို ကောင်းစွာစီမံခန့်ခွဲဖို့အတွက် ပြက္ခဒိန်၊ Planner၊ To Do List တွေကိုသုံးပြီး ကိုယ့်ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အချိန်ဇယားနဲ့ စနစ်တကျ သတ်မှတ်ထားသင့်ပါတယ်။ တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးကို တစ်ပြိုင်တည်းလုပ်ဆောင်တာကို တတ်နိုင်သလောက် ရှောင်ကြဉ်ပြီး အရေးကြီးအဆင့်လိုက် လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အချိန်ဇယားကိုလည်း ပုံမှန် Up to Date ဖြစ်နေအောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။

၄။ အနားယူပါ။

ကျွန်တော်တို့ဟာ တစ်ဖက်မှာအလုပ်တာဝန်တွေကို အချိန်ဇယားနဲ့ သေသေချာချာလုပ်ဆောင်ဖို့ လိုသလို တစ်ဖက်မှာလည်း အနားယူချိန်ကိုပါ ကျွန်တော်တို့ရဲ့အချိန်ဇယားထဲမှာ သတ်သတ်မှတ်မှတ် ထားဖို့ လိုပါတယ်။ ဉပမာ သုံးနာရီလောက်အလုပ်လုပ်ပြီးတဲ့အခါမှာ အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ်ဖြစ် လမ်းလျှောက်တာ၊ ကော်ဖီသောက်တာ၊ မိသားစုမိတ်ဆွေတွေနဲ့ စကားစမြည်ပြောဆိုတာတွေ အစရှိတဲ့ အရာလေးတွေကို လုပ်ခြင်းဖြင့် ခန္ဓာကိုယ်နဲ့ စိတ်ကိုအနားပေးနိုင်ပြီး နောက်ထပ်အလုပ်လုပ်ဖို့အတွက် ပိုပြီးအားအင်ပြည့် ဖြစ်စေနိုင်ပါတယ်။

၅။ အချိန်ပိုဆင်းတာတွေကို လျှော့ချပါ။

အချိန်ပိုဆင်းတယ်ဆိုတာ ဝန်ထမ်းတွေနဲ့ ရင်းနှီးပြီးသားစကားလုံးပါ။ ကျွန်တော်တို့ရဲ့အလုပ်တာဝန်တွေက အရေးကြီးလျှင်ကြီးသလို အချိန်ပိုဆင်းရတာတွေ၊ နားရက်မှာ အလုပ်ဆင်းပေးရတာတွေက မကြာခဏ ရှိတတ်ပါတယ်။ သို့ပေမဲ့ အမြဲတမ်းလိုလို အချိန်ပိုဆင်းနေရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ကို ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် ကိုယ့်ရဲ့အလုပ်တွေကို ပုံမှန်အလုပ်ချိန် အတွင်းမှာပဲ ပြီးမြောက်အောင် စနစ်တကျစီမံခန့်ခွဲသင့်ပါတယ်။

၆။ ယဉ်ကျေးစွာငြင်းပယ်ပါ။

ကိုယ့်ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့တာဝန်တွေကလည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ဘဝဟန်ချက်ညီဖို့အတွက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့တာဝန်တွေကို ငြင်းပယ်နိုင်ရပါမယ်။ ငြင်းပယ်တဲ့အခါမှာလည်း ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ယဉ်ကျေးစွာငြင်းပယ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းက အတိုင်းအတာဘယ်လောက်ထိရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့လိုပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။

နောက်ဆုံးအချက်အနေနဲ့ ကျွန်တော်တို့ဟာ ဘဝရပ်တည်ရေးအတွက် အလုပ်မှာကြိုးစားကြရသလို တစ်ဖက်မှာလည်း ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေမှာ ကျန်းမာပျော်ရွှင်နေအောင်လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ အာဟာရရှိတဲ့အစားအသောက်တွေကို စားတာ၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ အားလပ်ရက်တွေမှာခရီးသွားတာ၊ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေလုပ်တာ၊ ကိုယ်ချစ်ခင်ရသူတွေကိုအချိန်ပေးတာ စတာတွေကို မမေ့မလျော့လုပ်ဆောင်တာကလည်း အလုပ်နဲ့ဘဝ ဟန်ချက်ညီဖို့အတွက် များစွာအထောက်အကူပြုကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

U Myo Htet Naing

B.Com (Hons), M.Com (YIE)