ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ရဲ့ ကောင်းကျိုးသက်ရောက်မှုများ

အလုပ်တစ်ခုရဲ့ပတ်ဝန်းကျင်က ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားနဲ့ တိုးတက်မှုအပေါ်မှာ အများကြီး လွှမ်းမိုး နိုင်ပါတယ်။ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေက ရလဒ်အရည်အသွေး ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ကြပါတယ်။ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာအသုံးချ တတ်မယ်ဆိုရင် သင့်ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေနိုင်မှာပါ။  ဒီဆောင်းပါးမှာတော့ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်‌ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ကောင်းကျိုးတွေနဲ့ လက္ခဏာတွေကို ဆွေးနွေးထားပါတယ်။

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်‌ရှိခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးများ

၁။ Productivity တက်စေခြင်း

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရခြင်းက စိတ်ဓာတ်ပိုမိုတက်ကြွ‌ပြီး အလုပ်တွေကို ပိုမိုပြီးမြောက်စေမှာပါ။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ ကိုယ့်တာဝန်တွေကို ထိထိရောက်ရောက် ရှိစေဖို့အတွက် ပြင်ဆင်ချိန်ပိုရလာနိုင်ပါတယ်။

၂။ အတွေးအမြင်ကိုတိုးတက်စေခြင်း

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ရှိတဲ့အဖွဲ့အစည်းက ဝန်ထမ်းတွေရဲ့ အတွေးအမြင်ကို တိုးတက်စေပါတယ်။ အတွေးအမြင်တိုး‌တက်ခြင်းက တစ်ဦးချင်းအရည်အချင်းနဲ့ အဖွဲ့အစည်းရဲ့ စွမ်းအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေကို စိတ်ဓာတ်မြှင့်တင်‌ရေးဆိုင်ရာဟောပြောပွဲတွေ တက်ရောက်သကဲ့သို့ ထိရောက်မှု ရှိစေပါတယ်။

၃။ ပူးပေါင်းဆောင်ရွက်တတ်ခြင်း

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ရှိခြင်းက ဝန်ထမ်းများကြား အတူတူပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည်ကို တိုးတက်စေပါတယ်။ ဝန်ထမ်း‌များကြား ပိုမိုရင်းနှီးစေပြီး အချင်းချင်းရိုင်းပင်းကူညီကာ အလုပ်ကိုပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်စေပါတယ်။

၄။ စိတ်နေသဘောထားကိုပိုမိုကောင်းမွန်စေခြင်း

ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ဟာ သူတို့အတွေးအမြင်နဲ့ စိတ်သဘောထားပေါ် များစွာမူတည်ပါတယ်။ အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်က ဝန်းထမ်းတွေရဲ့စိတ်ဓာတ်အပေါ် များစွာသက်ရောက်မှုရှိနိုင်ပါတယ်။ အဖွဲ့အစည်းရဲ့ ရလဒ်ဟာ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်တွန်းအားအပေါ် များစွာမှီခိုနေပါတယ်။

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင် အမျိုးအစားများ

အဖွဲ့အစည်းတွေက အောက်ပါအချက်နှစ်ချက်မှ တစ်ချက်ကိုအသုံးပြုပြီး ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးလေ့ရှိကြပါတယ်။

၁။ အသင်းအဖွဲ့ပေါ်မူတည်တဲ့ အလုပ်ပတ်ဝန်းကျင်

အသင်းအဖွဲ့ပေါ်မူတည်တဲ့ အလုပ်ပတ်ဝန်းကျင်က ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည်ကို တိုးတက်စေပါတယ်။ ဒီလိုပုံစံမျိုးရှိတဲ့အဖွဲ့အစည်းတွေက အသင်းအဖွဲ့လိုက် အလုပ်တွေကိုပြီးမြောက်အောင် စွမ်းဆောင်လေ့ ရှိကြပါတယ်။ ဉပမာအနေနဲ့ စီမံခန့်ခွဲသူက တစ်ဦးတစ်ယောက်ချင်း အလုပ်တွေကိုပြီးမြောက်စေခြင်းထက် အသင်းအဖွဲ့များစွာဖွဲ့ပြီးမှ အလုပ်တွေကိုပြီးမြောက်အောင် စီမံလေ့ရှိကြပါတယ်။ အသင်းအဖွဲ့အချင်းချင်း နားလည်မှုနဲ့ တာဝန်တွေကို ခွဲဝေကြပြီး အသင်းလိုက်စွမ်းဆောင်ရည်ကိုလည်း သိသိသာသာတိုးတက် စေပါတယ်။

၂။ တစ်ဦးတစ်ယောက်တည်းအပေါ် မူတည်တဲ့ အလုပ်ပတ်ဝန်းကျင်

တစ်ဦးတစ်ယောက်တည်းအပေါ် မူတည်တဲ့ အလုပ်ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို တစ်ဦးချင်းသာ အလုပ်လုပ် စေပါတယ်။ တစ်ဦးချင်းဆောင်ရွက်စေတဲ့အခါ အသင်းအဖွဲ့ရဲ့ အလုပ်လုပ်ပုံလုပ်နည်းကိုကြည့်စရာမလိုဘဲ ကိုယ်နဲ့အကိုက်ညီဆုံးနည်းလမ်းကို ရွေးချယ်လုပ်ကိုင်စေနိုင်ပါတယ်။ ဒီလိုအလုပ်ပတ်ဝန်းကျင်ရဲ့ ဝန်ထမ်း တစ်ယောက်အနေနဲ့ သူတို့အလုပ်အပေါ် ကိုယ်တိုင်လွတ်လပ်စွာထိန်းချုပ်စေတာဖြစ်တဲ့အတွက် တစ်ဦး တစ်ယောက်ချင်းစွမ်းရည်ကို တိုးတက်စေပါတယ်။ ဒီလိုအလုပ်ပတ်ဝန်းကျင်ကိုကျင့်သုံးတဲ့ အဖွဲ့အစည်းတွေက တချို့တာဝန်တွေကို တစ်ဦးတည်းပြီးမြောက်စေပြီး တချို့တာဝန်တွေကို အသင်းအဖွဲ့လိုက် စွမ်းဆောင် စေခြင်းဖြင့် အလုပ်များကိုလုပ်ကိုင်လေ့ရှိကြပါတယ်။

ကောင်းမွန်သောအလုပ်ပတ်ဝန်းကျင်တစ်ခုမှာ အောက်ပါအချက်များ ရှိနေဖို့လိုအပ်ပါတယ်။

၁။ အလုပ်လုပ်နိုင်စွမ်းအားများတဲ့ ပတ်ဝန်းကျင်

အလုပ်လုပ်နိုင်စွမ်းအားများဖို့အတွက် တည်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခု ရှိနေဖို့လိုအပ်ပါတယ်။ အနှောင့် အယှက်နည်းတဲ့ အလုပ်ပတ်ဝန်းကျင်မှာ ဝန်ထမ်းတစ်ယောက်က သူ့ရဲ့နေ့စဉ်တာဝန်တွေကို အချိန်မီပြီးမြောက် စေနိုင်ပါတယ်။ အချိန်မီပြီးမြောက်တဲ့အတွက် အလုပ်တာဝန်ဖိအားကို လျော့စေပြီး စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေပါတယ်။

၂။ ရိုးရှင်းတဲ့ ဆက်ဆံရေး

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ရှိတဲ့အဖွဲ့အစည်းမှာ ဝန်ထမ်းအချင်းချင်း၊ အထက်လူနဲ့ လက်အောက်ငယ်သား အပါအဝင် တိကျပြတ်သားတဲ့ ဆက်ဆံရေးတွေ ရှိကြပါတယ်။ ဒီအရာက တစ်ဦးနဲ့တစ်ဦးကြား ပွင့်လင်း မြင်သာတဲ့ တုံ့ပြန်မှုမျိုးကို ရရှိနိုင်မှာပါ။ ဥပမာ ဝန်ထမ်းတစ်ဦးက အကြံများစွာလိုအပ်တဲ့ တာဝန်အသစ်တစ်ခုကို လုပ်ဆောင်နေစဉ် အဲ့ဒီအကြံတွေကို လုပ်ဖော်ကိုင်ဖက်တွေဆီက ပွင့်လင်းမြင်သာတဲ့ တုံ့ပြန်မှုကိုရရှိခြင်းက ရိုးရှင်းကောင်းမွန်တဲ့ဆက်ဆံရေးကို တိုးတက်စေပါတယ်။

၃။ နားလည်မှုရှိခြင်း

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်မှာ လုပ်ဖော်ကိုင်ဖက်များကြား နားလည်မှုရှိကြပါတယ်။ ဒီလိုစိတ်က အတူတူ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးတက်စေပြီး ပတ်ဝန်းကျင်ကို တန်ဖိုးရှိစေပါတယ်။

၄။ တိုးတက်ရာလမ်းကြောင်း ပိုမိုများပြားခြင်း

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်မှာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အရည်အချင်းကိုတိုးတက်စေဖို့ လှုံ့ဆော်ပေး ပါတယ်။ ဒါက ဝန်ထမ်းတွေကို စိတ်ကျေနပ်မှု ရရှိစေပါတယ်။ ဒီအချက်က ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အထက်လူကြီးကိုရော လုပ်ဖော်ကိုင်ဖက်တွေကိုပါ အထောက်အကူဖြစ်စေတဲ့အတွက် အရေးကြီးပါတယ်။ ဝန်ထမ်းတွေစိတ်ဓာတ်တက်ကြွခြင်းက စွမ်းဆောင်ရည်နဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးတက်စေပါတယ်။

၅။ အကောင်းမြင်ခြင်း

အလုပ်တာဝန်တစ်ခုကို အကောင်းမြင်ခြင်းက ကိုယ့်အလုပ်ပေါ်မှာ ထားတဲ့အမြင်ကို ကောင်းမွန်စေပါတယ်။ ဥပမာ အလုပ်တာဝန်တစ်ခုယူရတဲ့ အသင်းအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် ကိစ္စတစ်ခုအပေါ် ကိုင်တွယ် ဖြေရှင်းတဲ့နည်းလမ်းက ကိုယ့်အသင်းသားတွေရဲ့ အတွေးအမြင်ကို များစွာထိရောက်မှုရှိစေပါတယ်။ ခေါင်းဆောင်တစ်ယောက်က အခက်အခဲတစ်ခုကို အကောင်းမြင်စိတ်နဲ့ ကိုင်တွယ်ဖြေရှင်းပါက အသင်းသား တွေကလည်း ခေါင်းဆောင်ကို အတုယူတတ်ကြပါတယ်။

၆။ မျှတတဲ့ ကိုယ်ပိုင်အချိန်နဲ့ အလုပ်အချိန်

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်မှာ ကိုယ်ပိုင်အချိန်နဲ့ အလုပ်အချိန် သင်တင့်မျှတမှုရှိကြပါတယ်။ ဒီအချက်က ဝန်ထမ်းတစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်ကို ထိခိုက်မှုမရှိစေဘဲ အလုပ်အပေါ် ကျေနပ်အားရမှုရှိစေပါတယ်။

 

ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ဖန်တီးဖို့အတွက် အကြံပေးချက်များ

၁။ ဝန်ထမ်းအချင်းချင်းပွင့်လင်းမြင်သာစွာဆက်ဆံခြင်း

အဖွဲ့အစည်းတွေမှာ ဝန်ထမ်းအချင်းချင်း ပွင့်လင်းမြင်သာစွာ ဆက်ဆံသင့်ပါတယ်။ အရည်အချင်းပေါ်မူတည်ပြီး ဝန်ထမ်းအချင်းချင်း အပြန်အလှန် တုံ့ပြန်မှုပေးသင့်ပါတယ်။ ဝန်ထမ်းအချင်းချင်း ပွင့်လင်းမြင်သာစွာ ဆက်ဆံမှု များပါက လုပ်ငန်းပြင်ပကလူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပို‌ရှိစေပါတယ်။

၂။ ဝန်ထမ်းတွေကိုကောင်းမွန်တဲ့ထောက်ပံ့မှုတွေပေးပါ။

ဝန်းထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းပေးပါ။ ကောင်းမွန်တဲ့ထောက်ပံ့မှုတွေပေးပါ။ ဥပမာ -  တာဝန် ကျေပွန်မှုရှိပြီး အောင်မြင်တဲ့ဝန်ထမ်းတွေကို ဆုငွေပေးပါ။ ဧည့်ခံစားပွဲတွေ ပြုလုပ်ပေးပါ။ အလုပ်ကို ပုံမှန်အမြဲတမ်းကြိုးစားတဲ့ဝန်ထမ်းကို လစာတိုးပေးပါ။

၃။ ကောင်းမွန်တဲ့ အလှဆင်မှုများပြုလုပ်ပါ။

လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့မြင်ကွင်းရှိခြင်းက ဝန်ထမ်းတွေရဲ့စိတ်ကို ပျော်ရွှင်တက်ကြွစေပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စားပွဲကို သပ်ရပ်လှပစွာ ပြင်ဆင်သင့်ပါတယ်။ ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်‌တစ်ခု ဖန်တီးထားခြင်းအားဖြင့်  ဝန်ထမ်းတွေရဲ့စွမ်းရည်နဲ့ လုပ်အားများကို တိုးတက်လာစေနိုင်ပြီး အဖွဲ့အစည်း အတွက်လည်း ကောင်းကျိုးများကို ယူဆောင်ပေးနိုင်ပါတယ်။

 

https://uk.indeed.com/career-advice/career-development/positive-working-environment  ဆောင်းပါးမှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) , B.C.Sc, (Hons) (U.C.S.Y) 

M.C.Sc, (U.C.S.Y)