အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင် ဘယ်လိုလုပ်ဆောင်မလဲ ?

အလုပ်နဲ့ဘဝကို ဟန်ချက်ညီအောင် လုပ်ဆောင်ခြင်းဆိုတာဟာ ရုံးတွင်ရော အိမ်မှာပါ သင့်အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးဖို့ အကောင်းဆုံးနည်းလမ်းများကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။ သင့်အတွက် အဆင်ပြေစေမယ့် အချိန်ဇယားကို ဖန်တီးတဲ့အခါ အလုပ်နဲ့ သင့်ကိုယ်ပိုင်ဘဝကို မျှတမှုရရှိဖို့နဲ့ အကောင်းဆုံးနည်းလမ်းကို စဉ်းစားဖို့ လိုအပ်ပါတယ်။ "အလုပ်-ဘဝ ဟန်ချက်ညီမှု" ကိုပြောတဲ့အခါ အလုပ်မှာ အလွန်အကျိုးဖြစ်ထွန်းတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ရပြီး ကျန်တစ်ဝက်ကို သူငယ်ချင်းများ၊ မိသားစုများနဲ့ ကုန်ဆုံးဖို့ စိတ်ကူးကြမယ်လို့ ထင်ပါတယ်။ ဒါဟာ စိတ်ကူးဖို့ လွယ်ပေမယ့် လက်တွေ့လုပ်ဆောင်ဖို့အတွက်တော့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ လက်တွေ့ဆန်ဖို့ လိုအပ်ပါလိမ့်မယ်။ တချို့ရက်တွေမှာ အလုပ်အပေါ် ပိုအာရုံစိုက်နိုင်ပေမယ့် တချို့ရက်တွေမှာတော့ ဝါသနာကိုလိုက်စားဖို့ ဒါမှမဟုတ် သင်ချစ်ရသူတွေနဲ့ အချိန်ဖြုန်းဖို့အတွက် အခြေအနေပေးတာမျိူး ရှိနိုင်ပါတယ်။

အလုပ်ဆိုတာက လူတိုင်းမျှော်မှန်းထားတဲ့ လူမှုစံနှုန်းတစ်ခုဖြစ်ပေမယ့် အဲ့ဒီအလုပ်က သင့်ကိုယ်ပိုင် အချိန်၊ လွတ်လပ်ခွင့်တွေကိုပါ ထိခိုက်စေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် သင့်အလုပ်ကို မခင်တွယ်၊ မချစ်ဘူးဆိုရင် သင့်ရဲ့ နေ့စဉ် ဖြတ်သန်းနေရတဲ့ဘ၀ဟာ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ သင့်အလုပ်ရဲ့ ကဏ္ဍတိုင်းကို ချစ်ဖို့ မလိုပါဘူး၊ ဒါပေမဲ့ မနက်တိုင်း အိပ်ရာထပြီး အလုပ်သွားရမှာ မကြောက်ဖို့လိုပါတယ်။ သင်လုပ်နေတဲ့အလုပ်က သင့်ကို ပင်ပန်းနွမ်းနယ်စေပြီး အလုပ်ပြင်ပမှာလည်း သင်နှစ်သက်တဲ့ အရာတွေကိုလုပ်ဖို့ အဟန့်အတားဖြစ်နေတယ်ဆိုရင် တစ်ခုခုတော့မှားနေပြီဆိုတာ သတိပြုပါ။ ဒါဟာ သင်မနှစ်သက်တဲ့ အလုပ်ခွင်၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် သင့်စိတ်ကိုညစ်ညူးစေတဲ့ ပတ်၀န်းကျင်မှာ အလုပ်လုပ်နေရလို့ ဖြစ်ပါလိမ့်မယ်။ ဒီလိုဆိုရင် အလုပ်သစ်ရှာဖို့ အချိန်ရောက်ပြီ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ လူတိုင်းအတွက် အဓိကအလေးထားမှု ဖြစ်သင့်ပါတယ်။ ကျန်းမာရေးကို ပထမဆုံး ဦးစားပေးတာက သင့်ကိုပိုမိုကောင်းမွန်တဲ့ဝန်ထမ်း ဒါမှမဟုတ် လူတစ်ဦးဖြစ်လာစေမှာပါ။ သင့်အလုပ်တွေ ပုံမှန်ပြီးစီးနိုင်ပြီး ပိုအကျိုးရှိလာမှာပဲ ဖြစ်ပါတယ်။ သင့်ကျန်းမာရေးကို ဦးစားပေးခြင်းမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ဆောင်မှုများ ပါဝင်နေဖို့ မလိုအပ်ပါဘူး။ နေ့စဉ် တရားထိုင်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းမျိုး စတဲ့ ရိုးရှင်းတဲ့အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။

နေ့စဉ်လုပ်ဆောင်နေတဲ့ အလုပ်များ ဒါမှမဟုတ် အလုပ်ပတ်၀န်းကျင်နဲ့ အခါအားလျော်စွာ အဆက်အသွယ်ဖြတ်ခြင်းက သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုမှ ပြန်လည်ကောင်းမွန်စေပြီး တခြား အတွေး အမြင်များနဲ့ အကြံဉာဏ်များ ထွက်ပေါ်လာစေဖို့ ကူညီပေးပါလိမ့်မယ်။ ဆိုလိုတာကတော့ သင့်ကိုယ်ပိုင်အချိန်မှာ အလုပ်အကြောင်းကိုမတွေးဘဲ စိတ်ရောကိုယ်ပါ အနားယူစေခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အဆက်အသွယ် ဖြတ်ခြင်းဆိုတာက အားလပ်ရက်အချိန်ယူခြင်းမျိုးလည်း ဖြစ်ပါတယ်။ အားလပ်ရက်မှာ သင့်၀ါသနာပါတာ တွေကို လုပ်ဆောင်နိုင်ခြင်း၊ ရက်ရှည်ခရီးထွက်ခြင်းများလည်း လုပ်ဆောင်နိုင်ကာ စိတ်ပိုင်းဆိုင်ရာ အားဖြည့်ဖို့အတွက် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။

အလုပ်ချိန်ပြင်ပမှာ သင့်မိသားစု၀င်များ၊ ချစ်ရသူများနဲ့ ကောင်းမွန်တဲ့အချိန်များကို အတူဖြတ်သန်း သင့်ပါတယ်။ ဒီလိုအလုပ်ချိန်ပြင်ပမှာ စိတ်ဖိစီးမှုမရှိဘဲ သင့်ပတ်၀န်းကျင်မှာရှိတဲ့သူတွေနဲ့ အချိန်တချို့ကို အတူတူကုန်ဆုံးခြင်းက အလုပ်နဲ့ဘဝမှာ ပဋိပက္ခများမရှိဘဲ အရည်အသွေးကောင်းမွန်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ အလုပ်က သင့်အတွက်အရေးကြီးတယ် ဆိုပေမယ့် သင့်ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ အလုပ်က ဘယ်လောက်ပဲအရေးကြီးတယ်လို့ သင်ထင် နေပါစေ သင် မနက်ဖြန် အလုပ်ကထွက်သွားတာနဲ့ ကုမ္ပဏီက ပြိုလဲသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားဖို့ သင်နဲ့ လုပ်ဖော်ကိုင်ဖက်များကြားမှာ နယ်နိမိတ်သတ်မှတ်ပါ။ ဆိုလိုတာက သူ့အလုပ်၊ ကိုယ့်အလုပ်သေချာခွဲခြားထားရမှာပါ။ အလုပ်ကနေ အိမ်ကိုပြန်တဲ့အခါမှာလည်း လုပ်လက်စ ပရောဂျက်များအကြောင်း မစဉ်းစားပါနဲ့။ ကုမ္ပဏီအီးမေးလ်တွေကို ဖြေကြားခြင်းမှ ရှောင်ကြဉ်ပါ။ အလုပ်အတွက် သီးခြားကွန်ပျူတာ ဒါမှမဟုတ် ဖုန်းတစ်လုံးရှိပါက အလုပ်ချိန်ပြီးဆုံးပါက ပိတ်ထားနိုင်ပါတယ်။ သင့်အာရုံစူးစိုက်မှုနဲ့ လုပ်နိုင်စွမ်းအားကို ထိခိုက်စေနိုင်တာကြောင့် သင့်အီးမေးလ်များနဲ့ ဖုန်းကို မိနစ်အနည်းငယ်ခြား စစ်ဆေးခြင်းကို ရှောင်ကြဉ်ပါ။ သင့်တစ်နေ့တာအချိန်တွေကို စီမံခန့်ခွဲမှု သေချာလုပ်ပါက လုပ်ငန်းခွင်အတွင်း ထုတ်လုပ်မှုစွမ်းအားကိုတိုးလာစေပြီး အလုပ်ချိန်ပြင်ပမှာလည်း အနားယူဖို့ အချိန်ပို ရလာနိုင်ပါတယ်။

ကျွန်ုပ်တို့ထဲမှာ တစ်ဦးတစ်ယောက်ကမှ သာလွန်ထူးခြားနေတဲ့ လူသားတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် အနားယူခြင်း၊ သင့်အလုပ်နဲ့ လိုက်လျောညီထွေရှိတဲ့ အချိန်ဇယားကို စီစဉ်ခြင်းတို့ လုပ်ဆောင်ကာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဘဝ ဟန်ချက်ညီမှုရှိစေဖို့အတွက် လိုအပ်သည်များကို ဆင်ခြင်သုံးသပ်ဖို့ လိုပါမယ်။

Business News Daily မှ How to Improve Your Work-Life Balance Today ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)