မိမိကိုယ်ကိုယ် တိုးတက်စေဖို့အတွက် အကြံပြုချက်များ

ဘွဲ့တစ်ခုရတဲ့အချိန် ဒါမှမဟုတ် အလုပ်သစ်တစ်ခုစတဲ့အချိန်ကစပြီး လူတိုင်းဟာ ဘဝတိုးတက်ရေးဆီကို ကြီးမားတဲ့ခြေလှမ်းများနဲ့ စတင်လျှောက်လှမ်းကြပါတယ်။ သို့ပေမဲ့ စိတ်အားထက်သန်မှု လျော့ပါးသွားတဲ့ နေ့ရက်တွေမှာတော့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ခြင်းဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါတယ်။ ဒါဆို အလုပ်ထဲမှာ စိတ်မပါသလိုခံစားရတဲ့ အချိန်တွေဆိုရင် မိမိချမှတ်ထားတဲ့ ကတိကဝတ်တွေကို ဘယ်လို လိုက်နာမလဲ။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် လှုံ့ဆော်နိုင်မယ့်နည်းလမ်းများနဲ့ တိုးတတ်စေဖို့ အချက်များကို ဒီဆောင်းပါးမှာ မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ ချမှတ်ထားတဲ့ ပန်းတိုင်အတွက် တိကျတဲ့ ရက်စွဲတစ်ခု သတ်မှတ်ပါ။

သင့်အတွင်းစိတ်ကို လှုံ့ဆော်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တိကျတဲ့ ရက်စွဲတစ်ခု သတ်မှတ်ခြင်း ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ပြက္ခဒိန်ပေါ်မှာရေးမှတ်တဲ့ အကျင့်ကိုပျိုးထောင်ပါ။ ဥပမာ - သတ်မှတ်ထားတဲ့ ရက်စွဲအတွင်း သင်တန်းပြီးဆုံးအောင်တက်ခြင်း၊ စာမေးပွဲအတွက်ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။ မာရသွန်ပြေးချင်ပါသလား။ ပြိုင်ပွဲတစ်ခုမှာ စာရင်းသွင်းပြီး သတ်မှတ်ထားတဲ့ရက်အတွင်း ပြင်ဆင်ပါ။ ဘွဲ့တစ်ခု ရဖို့အတွက် စဉ်းစားနေပါသလား။ လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်ကို ချရေးထားပြီး ပြင်ဆင်ပါ။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူဖို့ စိတ်ကူးနေပါသလား။ သင်တန်းတစ်ခုမှာ စာရင်းသွင်းပြီး ပြီးဆုံးဖို့ ရည်မှန်းထားတဲ့ရက်ကို သတ်မှတ်ပါ။ ပစ်မှတ်ရက်စွဲတစ်ခုရှိခြင်းက စိတ်အားတက်ကြွ စေရုံသာမက  သင့်တိုးတက်မှုကို ခြေရာခံဖို့လည်း ကူညီပေးနိုင်ပါလိမ့်မယ်။

၂။ ပန်းတိုင်ကို အရောက်လှမ်းဖို့ အလေ့အကျင့်တစ်ခု ပြုလုပ်ပါ။

ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့က စိတ်အားထက်သန်မှုအပေါ်မှာ မှီခိုနေစရာမလိုပါဘူး။ အလေ့အကျင့် တစ်ခုအဖြစ် ပြောင်းလဲပြီး အရယူပါ။ ဒါဆို အလေ့အကျင့်အဖြစ် ဘယ်လိုပြောင်းမလဲ။ သွားတိုက်ခြင်း ဒါမှမဟုတ် နေ့လယ်စာစားခြင်းတို့လို သင်နေ့စဥ်လုပ်ဆောင်လေ့ရှိတဲ့ အရာတွေကို ရွေးချယ်ပါ။ ပြီးရင် အစီအစဉ် ကိုရေးပါ။ ဥပမာ သင်က အတန်းတစ်တန်းအတွက် နေ့စဉ်စာကျက်တဲ့ အလေ့အထကို ဖန်တီးလိုပါက သင့်ရဲ့အစီအစဥ်မှာ နေ့တိုင်းနေ့လယ်စာ စားပြီးပါက စာကျက်မယ်လို့ ဆုံးဖြတ်ထားခြင်းပဲ ဖြစ်ပါတယ်။

၃။ မပြည့်စုံမှုအတွက် အစီအစဉ်ဆွဲပါ။

သင့်ရဲ့ပန်းတိုင်ကိုရောက်ဖို့ စိတ်လှုပ်ရှားပြီး ယုံကြည်မှုရှိတာ အရမ်းကောင်းပေမယ့် နေ့ရက်တိုင်းက စီစဉ် ထားတဲ့အတိုင်း အတိအကျဖြစ်မှာမဟုတ်ဘူး။ ဖြစ်လာနိုင်သမျှအားလုံးကို မခန့်မှန်းနိုင်ရင်တောင် သင့်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဖြစ်ပေါ်လာနိုင်တဲ့ တချို့အတားအဆီးတွေကို ခန့်မှန်းနိုင်ပါတယ်။ ဒါ့ကြောင့် အတားအဆီးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အစီအစဉ်ဆွဲပါ။ ဥပမာ သင့်အင်တာနက် ပြတ်တောက် သွားတဲ့အခါ ဘယ်လိုကြိုတင်စီစဉ်ထားမလဲ။ အော့ဖ်လိုင်းအသုံးပြုနိုင်ဖို့ သင့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာထဲမှာ ဖိုင်တွဲများနဲ့ ဟောပြောပွဲဗီဒီယိုတချို့ကို ကြိုသိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် wifi ရနိုင်တဲ့ အနီးနားရှိ ကော်ဖီဆိုင် ဒါမှမဟုတ် စားသောက်ဆိုင်ကို သိထားဖို့ လိုအပ်ပါတယ်။

၄။ အရှိန်အဟုန်မြှင့်တင်ဖို့ ပန်းတိုင်ငယ်များ ချမှတ်ပါ။

မနက်တိုင်း အိပ်ယာစောစောထပြီး တစ်နေ့တာရဲ့ ပထမဆုံးအလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်ပါ။ ဒီအချက်က အဲဒီနေ့ကိုသင်ဖြတ်သန်းဖို့ ခွန်အားပေးလိမ့်မယ်။ ဒါ့အပြင် သင့်ကို အလုပ်နောက်တစ်ခုနဲ့ တခြား အရာတွေကို လုပ်ဆောင်ဖို့ တွန်းအားပေးပါလိမ့်မယ်။

၅။ သေးငယ်တဲ့ အောင်မြင်မှုတွေအတွက်လည်း သင့်ကိုယ်သင် ဆုချပါ။

သင့်အလုပ်အတွက် သင့်ကိုယ်သင် ဆုချီးမြှင့်ခြင်းမှာ ကြည်နူးစရာကောင်းပါတယ်။ ဆုလာဘ်များဟာ စိတ်အား ထက်သန်မှုနဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်ပါတယ်။ မှတ်တိုင်သေးသေးလေးတွေနဲ့ ရည်မှန်းချက်ကြီးကြီး တွေကို ပြီးမြောက်အောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆုချတာက သင်လုပ်နေတဲ့အလုပ်မှာ သင့်ရဲ့စိတ်ဝင်စားမှုနဲ့ ပျော်ရွှင်မှုကို တိုးစေပါတယ်။

၆။ စိတ်ကို မြှင့်တင်ပေးပါ။

ကောင်းမွန်တဲ့ စိတ်နေစိတ်ထားဟာ ကုန်ထုတ်စွမ်းအား တိုးလာခြင်း၊ အလုပ်ရဲ့ အရည်အသွေး ကောင်းမွန် လာြခင်း စတဲ့ တိုးတက်မှုတို့နဲ့ ဆက်စပ်နေပါတယ်။ တစ်ချိန်လုံး အကောင်းမြင်နေရမယ်လို့ မဆိုလိုပါဘူး၊ ဒါဟာ လက်တွေ့မကျပါဘူး။ ဒါပေမဲ့ သင့်ပန်းတိုင်ကို ရောက်အောင်လုပ်ဆောင်ဖို့ နှေးကွေးနေတယ်လို့ ခံစားရရင် စိတ်ခံစားချက်ကို အမြန်မြှင့်တင်ခြင်းက သင်စတင်လုပ်ဆောင်ဖို့ လုံလောက်ပါလိမ့်မယ်။

၇။ သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ပါ။

တစ်ခါတစ်ရံမှာ ပတ်၀န်းကျင် ရှုခင်းများပြောင်းလဲခြင်းက သင့်ကို လန်းဆန်းတက်ကြွတဲ့ လှုံဆော်မှုအသစ်ရဖို့ ကူညီပေးနိုင်ပါတယ်။ ဒါက သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းမှရရှိတဲ့ ရေတိုတိုးတက်မှု တစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ စိတ်ခံစားမှုကောင်းများ ရဖို့နဲ့ အကြံဉာဏ်ကောင်းများရဖို့အတွက် ပတ်၀န်းကျင်ကို ပြောင်းလဲဖို့ လိုပါတယ်။

Coursera ရဲ့ How to Motivate Yourself ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics