" လုပ်ငန်းခွင်အတွင်း Aggressive ဖြစ်တဲ့ မန်နေဂျာများနဲ့ဆက်ဆံတဲ့အခါ ကိုင်တွယ်သင့်တဲ့ နည်းလမ်းများ"

လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲသူများဟာ သူတို့ရဲ့ အသင်းအဖွဲ့များကို လှုံ့ဆော်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ လှုံခြုံမှုရှိစေဖို့ ဓလေ့ထုံးတမ်းများကိုသတ်မှတ်ခြင်း စတဲ့အရေးကြီးသော အခန်းကဏ္ဍများမှာပါဝင်ကြပါတယ်။ တစ်ခါတစ်ရံ မန်နေဂျာများက ချမှတ်ထားတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်အောင်လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ အခွင့်အာဏာကိုတည်မြဲနေစေဖို့အတွက် ရန်လိုတဲ့အပြုအမူ (aggressive behavior) များရှိလာတတ်ကြ ပါတယ်။ ဒီအပြုအမူများက လုပ်ငန်းခွင်အတွင်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုများရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အလုပ်ခွင်အတွင်း aggressive ဖြစ်တဲ့ မန်နေဂျာများရဲ့ လက္ခဏာရပ်များ၊ aggressive ဖြစ်တဲ့ မန်နေဂျာများကြောင့် တခြားသူများအပေါ်သက်ရောက်မှုများနဲ့ aggressive ဖြစ်တဲ့ မန်နေဂျာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို အပိုင်း(၃)ပိုင်းနဲ့ ဆွေးနွေးထားပါတယ်။

အပိုင်း(၁) Aggressive ဖြစ်တဲ့ မန်နေဂျာများရဲ့လက္ခဏာရပ်များ

ရန်လိုစိတ်ဟာ အလုပ်ခွင်အတွင်းနည်းလမ်းအမျိုးမျိုးနဲ့ ပေါ်ပေါက်နိုင်ပြီး aggressive ဖြစ်တဲ့ မန်နေဂျာဟာ အောက်ပါလက္ခဏာများကိုပြသနိုင်ပါတယ်။

1. ကျယ်ကျယ်လောင်လောင်ပြောခြင်း။
Aggressive ဖြစ်တဲ့ မန်နေဂျာတွေဟာ အသံမာမာနဲ့ ပြောဆိုတတ်ကြပါတယ်။ ဒေါသထွက်နေတာ မဟုတ်တာတောင် သူတို့ရဲ့ အသံကဒေါသဖြစ်နေပုံ ဖြစ်နေတတ်ပါတယ်။

2. လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအပေါ် လေးစားမှုမရှိခြင်း။
Aggressive ဖြစ်တဲ့ မန်နေဂျာတွေဟာ တခြားအဖွဲ့သားများရဲ့ ကိုယ်ရေးကိုယ်တာများကို လိုက်ပါခြင်း၊ မလေးစားခြင်း၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအပေါ် လေးစားမှုမရှိခြင်းကို မကြာခဏ လုပ်တတ်ကြပါတယ်။

3. ကိုယ့်ကိုယ်ကိုယ်ပဲဂရုစိုက်ခြင်း။
Aggressive ဖြစ်တဲ့ မန်နေဂျာတွေဟာ အသင်းအဖွဲ့အတွက် အကောင်းဆုံးကို စဉ်းစားခြင်းထက် သူတို့ရဲ့ ရည်မှန်းချက်များ၊ ဒါမှမဟုတ် စိတ်ကြိုက်ရွေးချယ်မှုများအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်များ ချတတ်ကြပါတယ်။

4. အဖွဲ့သားအပေါ်မြင့်မားတဲ့ မျှော်လင့်ချက်များထားရှိခြင်း။
Aggressive ဖြစ်တဲ့မန်နေဂျာတွေဟာ သူတို့ရဲ့ ဝန်ထမ်းများအတွက် မသင့်လျော်တဲ့ မျှော်လင့်ချက်များ ထားရှိပြီး လုပ်ဖော်ကိုင်ဖက်လက်အောက်ငယ်သားများရဲ့ တုံ့ပြန်ချက်များကို လက်မခံပေးခြင်း၊ နားမထောင်ပေးခြင်း စတဲ့အပြုအမူများကို လုပ်လေ့ရှိတတ်ကြပါတယ်။

5. စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ကင်းမဲ့ခြင်း။ (Lacking emotional intelligence)
Aggressive ဖြစ်တဲ့ မန်နေဂျာတွေဟာ တခြားသူများအပေါ် စာနာခြင်း၊ ဖေးမခြင်း၊ ကူညီခြင်း စတဲ့ အကြောင်းအရာများကို မတွေးတောနိုင်ဘဲ တခြားသူအပေါ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသာ တွေးနေတတ်ကြပါတယ်။ သူတို့က တခြားသူများအပေါ် စာနာမှုနည်းကြတာကို တွေ့ရလေ့ ရှိတတ်ပါတယ်။

Aggressive ဖြစ်တဲ့မန်နေဂျာများကြောင့်တခြားသူများအပေါ်သက်ရောက်မှုများ
Aggressive ဖြစ်တဲ့မန်နေဂျာဟာ အလုပ်ခွင်မှာအပျက်သဘောသက်ရောက်မှု များစွာရှိနိုင်ပါတယ်။


1. အလုပ်သမားများရဲ့စိတ်အားထက်သန်မှုကို နိမ့်ကျစေခြင်း။
ရန်လိုတဲ့မန်နေဂျာနှင့်နေတဓူဝ အတူတူလုပ်နေရခြင်းဟာ အဖွဲ့သားများအတွက် လုပ်ငန်းစွမ်းဆောင်ရည် စိတ်အား ထက်သန်မှုကို နိမ့်ကျစေပါနိုင်ပါတယ်။

2. အလုပ်အပေါ်ကျေနပ်မှုလျော့နည်းလာခြင်း။
ရန်လိုတဲ့မန်နေဂျာများကြောင့် ဝန်ထမ်းများဟာ မိမိရဲ့အလုပ်နဲ့ ကုမ္ပဏီအပေါ် စိတ်ကျေနပ်မှု လျော့နည်း လာနိုင်ပါတယ်။

3. ထုတ်လုပ်မှုစွမ်းအား (productivity) ကိုလျော့ကျစေခြင်း။
ရန်လိုတတ်တဲ့မန်နေဂျာကြောင့် ဝန်ထမ်းများက အလုပ်အပေါ် အာရုံစိုက်မှုလျော့နည်းလာပြီး သူတို့ရဲ့ productivity ကို ကျဆင်းစေနိုင်ပါတယ်။

4. ပူးပေါင်းဆောင်ရွက်မှုလျော့နည်းလာခြင်း။
ရန်လိုတဲ့မန်နေဂျာအပေါ် ဝန်ထမ်းများက အရိုအသေနည်းလာပြီး တစ်ယောက်နဲ့တစ်ယောက်အကြား ဆက်ဆံရေးဟာလည်း ပူးပေါင်းဆောင်ရွက်တတ်မှုအားနည်းလာနိုင်ပါတယ်။

5. ဝန်ထမ်းထွက်နှုန်းများလာခြင်း။
ရန်လိုတဲ့မန်နေဂျာရဲ့အပြုအမူတွေကြောင့် ဝန်ထမ်းများက အလုပ်ခွင်အတွင်း ရေရှည်မနေနိုင်တော့ဘဲ တခြားနေရာကို ပြောင်းရွှေ့ဖို့ စဉ်းစားလာကြပါတယ်။ ဒါကြောင့် လုပ်ငန်းအတွက် ဝန်ထမ်းထွက်နှုန်းများ ပိုမြှင့်လာနိုင်ပါတယ်။

အလုပ်ခွင်အတွင်း aggressive ဖြစ်တဲ့ မန်နေဂျာကို ဘယ်လိုကိုင်တွယ်မလဲ?

အလုပ်ခွင်အတွင်း aggressive ဖြစ်တဲ့မန်နေဂျာများကို ကိုင်တွယ်တဲ့အခါ အောက်ပါအချက်များကို သင့်အနေနဲ့ လိုက်နာနိုင်ပါတယ်။


1. သင့်အလုပ်ကို ကောင်းမွန်ပီပြင်စွာလုပ်ပြပါ။
သင်ကအလုပ်ကို ကောင်းမွန်ပြီး ပီပြင်စွာလုပ်ပြနိုင်ခြင်းက သင့်ရဲ့မန်နေဂျာက သင့်အပေါ် ရန်လိုတဲ့ စိတ်ကိုကန့်သတ်ထားနိုင်ပါတယ်။

2. ဆက်သွယ်မှုတစ်ခုဖန်တီးပါ။
သင်နဲ့ သင့်ရဲ့မန်နေဂျာအကြားမှာ လိုက်လျောညီထွေတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပါ။ ဥပမာ-အလုပ်အကြောင်း မဟုတ်ပေမယ့်လည်း သင့်မန်နေဂျာရဲ့ ဝါသနာတစ်ခုခု၊ စိတ်ပါဝင်စားတဲ့ အကြောင်းအရာအပေါ် အကြံပေးဆွေးနွေးပြောဆိုခြင်းကလည်း သင်နဲ့သင့်မန်နေဂျာကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလာပါလိမ့်မယ်။

3. သင့်မန်နေဂျာနဲ့စကားပြောဖို့အချိန်ယူပါ။
သင့်ရဲ့မန်နေဂျာနဲ့ တိုက်ရိုက်စကားပြောဆွေးနွေးပါ။ သူရဲ့ aggressive ဖြစ်တဲ့ အပြုအမူက သင့်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ တိုက်ရိုက်ဆွေးနွေးပါ။ သင့်မန်နေဂျာထံမှ feedback များတောင်းယူပါ။ သင်ကိုယ်တိုင်ကလည်း သင့်ရဲ့မန်နေဂျာနဲ့ တိုက်ရိုက်ဆွေးနွေးတွေ့ဆုံဖို့ သင့်တော်တဲ့အချိန်ကို ကြိုတင်ပြင်ဆင်ပါ။ သင့်ရဲ့မန်နေဂျာနဲ့ တွေ့ဆုံမေးမြန်းရာမှာ စကားပြောဖို့ ဒီအကြံပြုချက်များကို လိုက်နာနိုင်ပါတယ်။
• တိကျတဲ့ဥပမာတွေသုံးပါ။
• ငြိမ်သက်တဲ့အချိန်ကိုရှာပါ။
• မတွေ့ဆုံခင်မေးရမယ့် မေးခွန်းများကို အစီအစဉ်ဆွဲပါ။

4. နယ်နိမိတ်သတ်မှတ်ခြင်း။
Aggressive ဖြစ်တဲ့ မန်နေဂျာနဲ့ အလုပ်အတူတူလုပ်ရတဲ့အခါမှာ အလုပ်မှာသက်သောင့်သက်သာနဲ့ ဘေးကင်းတယ်လို့ ခံစားရအောင် သင့်ကိုယ်ပိုင်နေရာ (private area) တစ်ခုကို ဖန်တီးဖို့အရေးကြီးပါတယ်။

5. ကူညီဖို့ကမ်းလှမ်းပါ။
သင့်ရဲ့ရန်လိုတတ်တဲ့ မန်နေဂျာကိုကူညီဖို့ ကမ်းလှမ်းပါ။ သင့်မန်နေဂျာဟာ အလုပ်တာဝန်တွေနဲ့ စိတ်ဖိစီးနေလို့ ရန်လိုနေတာဖြစ်နိုင်ပါတယ်။ သင်အနေနဲ့ ကူညီနိုင်တဲ့အပိုင်းကို ကူညီပေးခြင်းက သင့်မန်နေဂျာနဲ့ သင့်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါတယ်။

6. အပြုအမူကိုအစီရင်ခံပါ။
သင့်မန်နေဂျာက သင့်အပေါ် ဆိုးရွားစွာဆက်ဆံလာပါက ထိုအခြေအနေကို အထက်လူကြီး အကြီးအကဲများ ထံအသိပေးပါ။ အသိပေးရာမှာ လိုအပ်လောက်မယ့် စာရွက်စာတမ်း သက်သေများကိုစုဆောင်းပါ။

7. ရာထူးသစ်သို့မဟုတ်ကုမ္ပဏီသစ်ကိုရှာဖွေပါ။
နောက်ဆုံး သင့်အလုပ်ပတ်ဝန်းကျင်က သင့်အတွက် အဆိပ်အတောက်ဖြစ်စေတယ်လို့ခံစားရရင် တခြား အလုပ်သစ်နေရာတစ်ခုကို ရှာဖွေရန်ကြိုးစားပါ။ ကိုယ်ကဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆိပ်အတောက် ဖြစ်စေတဲ့ အလုပ်ခွင်က သင့်အတွက် တိုးတက်ကောင်းမွန်တဲ့ နေရာတစ်ခုကို ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီဆောင်းပါးကို Indeed Editorial Team မှရေးသားထားတဲ့ how to handle an aggressive manager article မှ ဘာသာပြန်ရေးသားထားပါတယ်။

Daw Hlaing May Win
B.Com , MBA (Meikhtila University of Economics)