မိဘများက သားသမီးတို့အတွက် အသက်မွေးဝမ်းကြောင်း ရွေးချယ်ပေးရာမှာ ဖြစ်တတ်တဲ့အမှားအယွင်းများ

ကလေးအများစုက သူတို့ရဲ့အရည်အချင်းနဲ့ စိတ်ဝင်စားမှုများအပေါ်အခြေခံပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်မယ့်အစား မိဘများရဲ့ဆန္ဒအတိုင်း လေ့လာမှုနယ်ပယ်ကို ရွေးချယ်ကြရပါတယ်။

Timesjobs.com မှ 'Job Satisfaction 2016' ခေါင်းစဉ်ဖြင့် စစ်တမ်းတစ်ခုမှာ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းက သူတို့ရဲ့အလုပ်တွေကို စိတ်ကျေနပ်မှုမရှိကြကြောင်းနဲ့ ၈၀ ရာခိုင်နှုန်းက အလုပ်ပြောင်းဖို့ ရှာဖွေနေကြောင်း သိရပါတယ်။ ဖြေဆိုသူစုစုပေါင်းထဲမှ ၃၀ ရာခိုင်နှုန်းက ‘မိမိတို့အတွက် အဓိပ္ပာယ်မဲ့တဲ့ အလုပ်ဖြစ်နေတာကြောင့်’ အလုပ်ပြောင်းဖို့ အကြောင်းပြချက်အဖြစ် ဖော်ပြခဲ့ ပါတယ်။ ဒါကြောင့် မိမိတို့သားသမီးက စိတ်ပါဝင်စားပြီး စိတ်အားထက်သန်တဲ့ အလုပ်အကိုင်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မိဘတစ်ဦးအနေနဲ့ အသင့်တော်ဆုံး အသက်မွေး၀မ်းကြောင်းဆီကို လမ်းညွှန်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ သားသမီးတွေကို အသက်မွေးဝမ်းကြောင်းရွေးချယ်နည်းကို လမ်းညွှန်ရာမှာ မိဘများလုပ်လေ့ရှိတဲ့ အမှားများကို သတိထားရှောင်ရှားဖို့ လိုအပ်ပါတယ်။

မိဘများလုပ်တတ်တဲ့ အမှားများ

၁။ မိဘများက သူတို့ရဲ့သားသမီးများကို စီးပွားရေးအရ ပြည့်စုံတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုမှာ အခြေတကျ ဖြစ်ခြင်းကို မြင်တွေ့လိုကြပါတယ်။ အင်တာနက်မှ အကြံဉာဏ်များရယူပြီး သူတို့ရဲ့သားသမီးများကို အလားတူလိုက်နာဖို့  တောင်းဆိုတဲ့ မိဘများက အမြင်ကျဉ်းမြောင်းနိုင်တဲ့ ဆုံးဖြတ်ချက်များကို မကြာခဏ ဖြစ်ပေါ်စေပါတယ်။

၂။ မိဘများက ကလေးများအတွက် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ရွေးချယ်ရာမှာ သူတို့ကိုယ်တိုင်ရဲ့ တိုးချဲ့မှုတစ်ခုအဖြစ် မြင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ အိပ်မက်များကို သားသမီးများမှတစ်ဆင့် အကောင်အထည်ဖော်ပြီး မပြည့်၀ခဲ့သေးတဲ့ ရည်မှန်းချက်များကို ကလေးတွေအပေါ်မှာ သက်ရောက်စေလိုကြပါတယ်။

၃။ မိဘများက ကလေးများရဲ့ အရည်အချင်းကို အာရုံစိုက်ခြင်းထက် နာမည်ကြီးခေတ်စားတဲ့ လမ်းကြောင်းများအပေါ်မှာသာ အလေးထားလေ့ရှိပါတယ်။

၄။ တချို့မိဘများက အသက်မွေးဝမ်းကြောင်းရွေးချယ်မှုများအတွက် ကလေးအသက် ၁၂ နှစ်မပြည့်ခင်မှာ လိုအပ်တဲ့ နောက်ဆက်တွဲ ပညာရေးဆိုင်ရာလေ့ကျင့်မှုများကို ဆုံးဖြတ်ကြပါတယ်။ အဲ့ဒါက အမျိုးမျိုးသောအလုပ်များနဲ့ အသက်မွေးဝမ်းကြောင်းမှုများအတွက် ကလေးရဲ့ထိတွေ့မှုကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ မိဘများရဲ့ အသိတရားမရှိခြင်းကြောင့် ကလေးများစွာက လွတ်လပ်တဲ့ အသက်မွေးဝမ်းကြောင်းရွေးချယ်ခွင့်များကို ဆုံးရှုံးသွား ကြပါတယ်။

၅။ ကလေးများက သူတို့ရဲ့အရည်အချင်းနဲ့ စိတ်အားထက်သန်မှုပေါ်မူတည်ပြီး  အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုအရည်အချင်းများကို လျစ်လျူရှူထားတတ်ပြီး ပညာရေးစွမ်းဆောင်နိုင်မှုတစ်ခုအပေါ်ကိုသာ မူတည်ကာ အလုပ်အကိုင်ကို ရွေးချယ်တတ်ကြပါတယ်။

၆။ မိဘအများစုက လူကြိုက်များတဲ့ တက္ကသိုလ် ဒါမှမဟုတ် သူတို့ရဲ့တည်ရှိရာနေရာအပေါ်အခြေခံပြီး ကလေးများအတွက် ကောလိပ်သင်တန်းများကို ရွေးချယ်လေ့ရှိပါတယ်။ ကလေးအတွက် အမှန်တကယ်အကျိုးရှိစေမယ့် လေ့လာမှုသင်တန်း တွေထက် ပိုမိုဦးစားပေးရွေးချယ်ကြပါတယ်။

၇။ ကလေးအများစုက သူတို့မိဘများရဲ့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်များနဲ့ ဝန်ထုပ်ဝန်ပိုးများဖြစ်နေကြပြီး ၆ တန်းအထိ အထူးအနီးကပ်သင်တန်းများကို တက်ရောက်ဖို့ တွန်းအားပေးခံနေရပါတယ်။ တချို့ကလေးများက သူတို့အတွက် လေ့ကျင့် သင်ကြားနေတဲ့ သင်တန်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု ဒါမှမဟုတ် အရည်အချင်းများ မရှိနိုင်ပါဘူး။

၈။ တချို့မိဘများက ကလေးများကို 'ကလေးဆန်သော'၊ 'ထူးဆန်းသော' ဒါမှမဟုတ် 'မရင့်ကျက်သူ' လို့ သတ်မှတ်ပြီး ကလေးများရဲ့ ပြင်ပအလုပ်အကိုင်ရွေးချယ်မှုများကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုလေ့ရှိပါတယ်။ ဒါက ကလေးကို စိတ်ဓာတ် ကျဆင်းစေပြီး စိတ်ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။

၉။ မကြာခဏဆိုသလို မိဘများက သူတို့ရဲ့ကလေးအတွက် အသက်မွေးလမ်းကြောင်းကိုရွေးချယ်ရာမှာ အသက်မွေး ဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်ပေးသူများရဲ့အကူအညီကို ရယူနိုင်ကြောင်း မိဘများက သဘောမပေါက်ကြပါဘူး။ ဆယ်ကျော်သက်များအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းက သူတို့ရဲ့အရည်အချင်းကို ခွဲခြားသတ်မှတ်ကာ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းနဲ့ ကိုက်ညီအောင် လုပ်ဆောင်ရာမှာ များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။
၁၀။ မိဘများက ကလေးများရဲ့ အသက်မွေးဝမ်းကြောင်းပန်းတိုင်များကို သူ့သူငယ်ချင်းများရဲ့ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်ဆန္ဒများနဲ့ နှိုင်းယှဉ်ကာ ရွယ်တူချင်း တူတဲ့အသက်မွေးဝမ်းကြောင်းအတိုင်း လိုက်စေလိုပါတယ်။ ကလေး တစ်ယောက်အတွက် လုပ်ဆောင်ပေးတဲ့အရာက တခြားတစ်ယောက်အတွက် အလုပ်မဖြစ်နိုင်ဘူးဆိုတာ မှတ်သားထားဖို့ လိုပါတယ်။

သင့်ကလေးအတွက် သင့်လျော်တဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးချယ်ရာမှာ ကူညီဖို့ အကြံပြုချက်များ

၁။ သင့်ကလေးကို ကူညီဖို့အတွက် ပထမခြေလှမ်းမှာ ကလေးများရဲ့ ကိုယ်ပိုင်အားသာချက်များနဲ့ စိတ်ဝင်စားမှုများကို ရှာဖွေတွေ့ရှိစေခြင်းပဲ ဖြစ်ပါတယ်။ ကလေးက မတူညီတဲ့အလုပ်များနဲ့ နွေရာသီမှာအလုပ်သင်အဖြစ် စမ်းလုပ်နိုင်ပြီး သူကျွမ်းကျင်ရာကို သိရှိနိုင်စေဖို့ သူ့လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများနဲ့ လမ်းညွှန်သူများထံမှ အကြံပြုချက်များကို ရယူနိုင်ပါတယ်။

၂။ သင့်ကလေးကို အားကစား၊ အနုပညာနဲ့ တခြားဖန်တီးမှုဆိုင်ရာများကို လိုက်လံပြသပါ။ လုပ်ဆောင်ချက်တစ်ခုခုကို သူ ကြိုက်လား၊ မကြိုက်ဘူးလားကြည့်ပါ။ သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများစွာမှာ စာရင်းသွင်းခြင်းက ကောင်းတဲ့အရာ ဖြစ်ပေမယ့်လည်း အလွန်အကျွံမဖြစ်စေဖို့ လိုပါတယ်။

၃။ သင့်ကလေးရဲ့ ကြိုက်နှစ်သက်မှုနဲ့ မကြိုက်နှစ်သက်တာတွေကို တက်ကြွစွာ နားထောင်သူဖြစ်ပါစေ။ သူကြိုက်တာကို အခြေခံပြီး အသက်မွေးဝမ်းကြောင်းပညာရဲ့ သင့်လျော်မှုကို စဉ်းစားပါ။ ဥပမာ သူက ဂိမ်းအသစ်များကို ဖန်တီးခြင်းနဲ့ ဂိမ်းကစားခြင်းကို နှစ်သက်ပါက၊ သူ့မှာ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ကောင်းများရှိပြီး အဆိုပါကျွမ်းကျင်မှုများ လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်များကို စူးစမ်းလေ့လာဖို့ စဉ်းစားနိုင်ပါတယ်။

၄။ သင့်ကလေးရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုအဆင့်အကြောင်း လေ့လာပါ။ အမှတ်စာရင်းစာရွက်ပေါ်မှာ လုံးလုံးလျားလျား အခြေခံပြီး ကလေးရဲ့အရည်အချင်းများအပေါ် မဆုံးဖြတ်ပါနဲ့။ သင့်ကလေးက ပညာရေးနဲ့မသက်ဆိုင်တဲ့ နယ်ပယ်များမှာ ထူးချွန်သူလည်း ဖြစ်နိုင်ပါတယ်။ တချို့ကလေးများက စာသင်ခန်းမှာ မသင်ယူနိုင်ပေမယ့်လည်း အဲ့ဒီဘာသာရပ်များကို လက်တွေ့ကျကျ သင်ကြားပေးခြင်းက သူတို့အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဥပမာ ရူပဗေဒဘာသာရပ်မှာ အမှတ် ကောင်းကောင်းမရပေမယ့်လည်း စက်ပိုင်းဆိုင်ရာအစုံနဲ့ လက်တွေ့စက်တည်ဆောက်ရာမှာ ထူးချွန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၅။ သင့်ကလေးရဲ့ ကြိုးစားအားထုတ်မှုများကို သင့်ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများနဲ့ ဆက်စပ်ပေးဖို့ တိုက်တွန်းချက်ကို တွန်းလှန်ပါ။ မိမိကလေးကိုလမ်းပြပြီး အားပေးမှုများလုပ်ဆောင်ပေးပါ။ သူ့ကိုယ်သူယုံကြည်ပြီး အိပ်မက်တွေ မျှော်မှန်းချက်တွေ နောက်ကို လိုက်လျှောက်ဖို့ အားပေးပါ။

၆။ သင့်ကလေးကို သင်ရဲ့လမ်းညွှန်မှု၊ ပံ့ပိုးမှုနဲ့ အသက်မွေးဝမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါ။ ဆေးပညာ၊ အင်ဂျင်နီယာ၊ ဥပဒေ၊ သင်ကြားရေး ဒါမှမဟုတ် ဆိုရှယ်မီဒီယာ၊ အမွေအနှစ်ထိန်းသိမ်းမှု၊ ပြဇာတ်ရုံ ဒါမှမဟုတ် သိပ္ပံဂျာနယ်လစ်ဇင်ကဲ့သို သမားရိုးကျမဟုတ်တဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ သင့်ကလေးက သူချစ်တာကို လုပ်သင့်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ အားသာချက်တွေက ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ တိုးတက် ပြောင်းလဲလာပါလိမ့်မယ်။ သင့်ကလေးကို အမျိုးမျိုးသောလှုပ်ရှားမှုများမှာ ထူးချွန်စေဖို့ အားပေးပြီး အထက်တန်း ကျောင်းမတက်မီ ကလေးအတွက် အလျင်စလို အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဆုံးဖြတ်ချက်မချမိအောင် ကြိုးစားပါ။ မိမိကလေးနဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီနဲ့ လမ်းညွှန်မှုများအတွက် သင့်ထံချဉ်းကပ်ရာမှာ ကလေးရဲ့ယုံကြည် အားထားမှုကို ခံစားရစေပါတယ်။

parentcircle.com website မှ role-of-parents-in-choosing-a-career-for-their-children ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),Heriot-Watt University