"တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းရဲ့ အရေးပါမှု"

နေ့စဉ်နဲ့အမျှတိုးတက်နေတဲ့ နည်းပညာတွေ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ အရင်ကထက်ကိုပိုပြီး အရေးပါလာပါတယ်။ ယနေ့ခေတ်မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စွမ်းဟာ မိမိတို့ရဲ့ အရင်းအမြစ်တစ်ခုသာမကဘဲ လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာရဲ့ ရှုပ်ထွေးမှုတွေမှာပါ ဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလိုက်သင့်ပြောင်းလဲနိုင်မှုအတွက် လိုအပ်တဲ့ အခြေခံသဘောတရားတစ်ခု ဖြစ်ပါတယ်။ အလုပ်အကိုင်စျေးကွက်အသစ်တွေ၊ နည်းပညာအသစ်တွေနဲ့အတူ အဆက်မပြတ် ပြောင်းလဲမှုဖြစ်ပေါ်နေတဲ့ကမ္ဘာမှာ စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုကို လက်ခံကျင့်သုံးတဲ့ တစ်ဦးချင်းဆီတိုင်းအတွက် ရလဒ်ကောင်းရစေမှာပဲ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုဆိုတာဟာ ဘဝရဲ့ကဏ္ဍမျိုးစုံမှာ အောင်မြင်စေတဲ့ အထောက်အပံ့တစ်ခုပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အလုပ်ခွင်အနေအထားတွေနဲ့ အလုပ်အကိုင်အခန်းကဏ္ဍတွေကလည်း ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုတွေအတွက် ကျွမ်းကျင်မှုအသစ်တွေကလည်း လိုအပ်နေပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းက မိမိတို့တစ်ဦးချင်းစီအတွက် မိမိတို့ရဲ့အလုပ်တွေမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်နိုင်ပြီး အလုပ်အကိုင်ခိုင်မာအောင်လုပ်နိုင်တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အွန်လိုင်းသင်တန်းတွေကနေတစ်ဆင့် ဆွေးနွေးပွဲတွေ၊ အသိပညာမျှဝေခြင်းတွေမှ အသိအမှတ်ပြုလက်မှတ်တွေအထိ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လမ်းကြောင်းတွေများစွာကိုလည်း လက်လှမ်းမီနိုင်မှာ ဖြစ်ပါတယ်။

စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ မှတ်ဉာဏ်နဲ့ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကိုလည်း ရရှိနိုင်ပါသေးတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ အသစ်အသစ်တွေကို သင်ယူတာဖြစ်ပြီး ဦးနှောက်ကို နှိုးဆွပေးပါတယ်။ ဒါ့အပြင် ပြဿနာတွေဖြေရှင်းနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပြီး မှတ်ဉာဏ်ကျဆင်းမှုကိုတောင် ကာကွယ်ပေးပါတယ်။ စဉ်ဆက်မပြတ်သင်ယူခြင်းက စိတ်အားတက်ကြွစေခြင်းရဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ကမ္ဘာကြီးဟာရွာကြီးလို ဖြစ်လာတယ်လို့ ပြောလာကြပါတယ်။ အဲ့ဒီခိုင်းနှိုင်းမှုနဲ့အတူပဲ ကမ္ဘာကြီးပေါ်က မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ အမြင်တွေ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို နားလည်နိုင်ဖို့အတွက်ဆိုရင်လည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်လာပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူနေတဲ့သူတွေအတွက် ဒီလိုတစ်ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးလာကြတဲ့အခါ တော်တော်များများ ပါဝင်ဆွေးနွေးနိုင်လာကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဆိုတာ ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ မျက်မြင်ပဲဖြစ်ပါတယ်။

စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုတွေအတွက်လည်း အများကြီးအရေးပါပါတယ်။ ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင် ခြင်းကြောင့် အလုပ်ခွင်တွေမှာ ရာထူးတိုးခြင်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ အလွတ်တန်း (Freelancer) အလုပ်တွေ ထွန်းကားလာတဲ့အခါ မတူကွဲပြားတဲ့ကျွမ်းကျင်မှုတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့က ယခင်ကထက် ပိုအရေးကြီးလာပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာ အလုပ်ခွင်တွေမှာ တွေ့ရတတ်တဲ့ မတူညီတဲ့အခန်းကဏ္ဍတွေနဲ့ နယ်ပယ်တွေကြားမှာ လိုက်လျောညီထွေရှိမှုရှိစေဖို့ များစွာကူညီပေးမှာပဲဖြစ်ပါတယ်။

ယခုလို နည်းပညာတွေက လွှမ်းမိုးတဲ့ခေတ်မှာ နည်းပညာတိုးတက်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်လာပါတယ်။ နည်းပညာအသုံးပြုပြီး ထိရောက်တဲ့ ဆက်သွယ်ရေး၊ ပြဿနာဖြေရှင်းရေးနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးတွေမှာ ပါဝင်ဖို့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းကသာ မိမိတို့ကို အထောက်အကူ ဖြစ်စေမှာပါ။ စူးစမ်းလေ့လာမှုအားနည်းခဲ့တဲ့ ၂၁ ရာစုဆိုတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့ရင်း စဉ်ဆက်မပြတ် လေ့လာ သင်ယူခြင်းရဲ့အရေးပါမှုကို လျှော့တွက်လို့မရပါဘူး။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဆိုတဲ့ စိတ်သဘောထား၊ အလေ့အကျင့်ကို မြတ်နိုးခြင်းက လူတစ်ဦးချင်းရဲ့ဘဝဖွံ့ဖြိုးမှု၊ ထူးချွန်မှုတို့ရရှိစေကာ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းမှာလည်း ပါဝင်ခွင့်ရရှိစေမှာပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဟာ ရွေးချယ်မှုတစ်ခုသာမက အောင်မြင်မှုရဲ့အခြေခံအုတ်မြစ်အဖြစ် ရှိနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Prashant Srivastava ရဲ့ The Importance of Lifelong Learning in a Rapidly Changing World ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Tun

B.Com ,M.Com (MEUE)

Meiktila University of Economics