ရည်မှန်းချက်တွေ အောင်မြင်ဖို့ SOSTAC Model သုံးကြစို့

SOSTAC Model ဆိုတာက စီးပွားရေးလုပ်ငန်းတွေရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်းတိကျစွာ သတ်မှတ်နိုင်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းအစီအစဥ်တွေကို တည်ဆောက်ကာ လုပ်ငန်းအတွက် အရေးပါတဲ့ Marketing Plan ဆွဲဖို့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် စွမ်းဆောင်နိုင်စေတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ SOSTAC Model ကို Marketing နဲ့ ပတ်သက်တဲ့ International Speaker အဖြစ် နာမည်ကျော်ကြားတဲ့ PR Smith က ၁၉၉၀ လောက်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ Chartered Institute of Marketing ကနေပြီးတော့လည်း ကမ္ဘာ့အကောင်းဆုံး စီမံကိန်းနည်းလမ်းတွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ LinkedIn, KPMG, RBS တို့ကလည်း SOSTAC model ကို Marketing plan စီမံကိန်းတွေမှာ အသုံးပြုပြီး လက်တွေ့မှာလည်း အောင်မြင်မှုတွေ ရရှိနေကြတာကို တွေ့ရပါတယ်။

အဓိကတော့ SOSTAC model ဟာ စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိတဲ့ Marketing Planဆွဲဖို့ နဲ့ ရောင်းချတဲ့နေရာတွေမှာ အသုံးပြုနိုင်တဲ့ marketing strategy တွေထဲက တစ်ခုလည်း ဖြစ်သလို စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်တဲ့ စျေးကွက်တိုးချဲ့ရေးတွေအထိပါ ဆောင်ရွက် လုပ်ကိုင်နိုင်စေပါတယ်။ SOSTAC Model ကို Situation Analysis (အခြေအနေကိုသုံးသပ်ခြင်း)၊ Objectives (ရည်မှန်းချက်များ)၊ Strategy (မဟာဗျူဟာ)၊ Tactics (နည်းဗျူဟာများ)၊ Action (အကောင်အထည် ဖော်လုပ်ဆော်ခြင်း)နှင့် Control (ထိန်းချုပ်မှု) တို့နဲ့ ဖွဲ့စည်းထားပါတယ်။

SOSTAC ရဲ့ အဆင့် (၆) ဆင့်ကို ရှင်းပြသွားပါမယ်။

Situation Analysis

Situation Analysis ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။ အရင်ဆုံး Marketing Plan စဆွဲမယ်ဆိုရင် မိမိလုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ External factor နဲ့ Internal Factor ကို စတင်သုံးသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခြေအနေကို သုံးသပ်တဲ့နေရာမှာ လုပ်ငန်းရဲ့ အားနည်းချက်များ၊ အားသာချက်များကို လေ့လာဖို့ SWOT Analysis ကိုလည်း အသုံးပြုနိုင် ပါသေးတယ်။ ဥပမာအနေနဲ့ မြန်မာရိုးရာ ကတ္တီပါနဲ့ သားရေဖိနပ်ဆိုင် (၁) ဆိုင်ဖွင့်မယ်လို့ ကျွန်မတို့ စတင် စီစဥ်နေပြီဆိုရင် လက်ရှိမြန်မာဖိနပ်စျေးကွက်ကို ကောင်းကောင်းသိဖို့ လိုအပ်ပြီး စျေးကွက်မှာလက်ရှိ Trend ဖြစ်နေတဲ့ ဖိနပ်ဒီဇိုင်းများ၊ မိမိလုပ်ငန်းရဲ့ အားသာချက်များ၊ အားနည်းချက်များနဲ့ စျေးကွက် တောင်းဆိုမှုများက ဘယ်လိုရှိတယ်ဆိုတာကို သေချာသုံးသပ်လေ့လာသင့်ပါတယ်။ လုပ်ငန်းကို သုံးသပ်တဲ့နေရာမှာလည်း အရှိကိုအရှိအတိုင်း သုံးသပ်ဖို့လည်းလိုပါတယ်။

Objectives

မိမိလုပ်ငန်းအတွက် “ဘယ်လိုရည်မှန်းချက်ကို ရောက်ချင်သလဲ” ဆိုတဲ့ လုပ်ငန်းအတွက် အနာဂတ်ရည်မှန်းချက်များကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ရည်မှန်းချက်များကို ချမှတ်တဲ့နေရာ မှာလည်း SMART (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်အောင် သတ်မှတ်နိုင်ရပါမယ်။ ၁နှစ်အတွင်း Mandalay မြို့မှာ ဖိနပ်ဆိုင် ၂ ဆိုင်ဖွင့်နိုင်ဖို့ရန် အရောင်းဝင်ငွေ သိန်း ၅၀၀ အနည်းဆုံးရရှိဖို့ ရည်မှန်းချက်ချမှတ်ခြင်းကလည်း အမှန်တကယ်လက်တွေ့မှာဖြစ်နိုင်တဲ့ ရည်မှန်းချက်များဖြစ်ဖို့လည်း လိုပါသေးတယ်။

Strategy

ကိုယ်ချမှတ်ထားတဲ့ Objectives တွေအတွက် "ဘယ်လိုနည်းလမ်းနဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်မလဲ" ရယ် မိမိရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဖို့ မှန်ကန်တဲ့ ဦးတည်ချက်တွေကို သတ်မှတ်ဖို့ နည်းဗျူဟာလည်း လိုပါတယ်။ Customer Segmentation ခွဲတာတွေ၊ Positioning ယူတာတွေ စတာတွေကို ဆောင်ရွက်ရပါမယ်။ အဓိကအားဖြင့် STPD strategy ကို သေချာစွာသတ်မှတ်သင့်ပါတယ်။ ဥပမာ မန္တလေးမြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသူတွေကို အဓိက ထားပြီး ထုတ်မယ့်ဖိနပ်ဒီဇိုင်းတွေကို စျေးသင့်တင့်ပြီး လူငယ်ဆန်ကာ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေ ရောင်းချမယ်ဆိုတဲ့ တိကျစွာ သတ်မှတ်ချက်များလည်း ပါရပါမယ်။

Tactics

Tactics ကတော့ လုပ်ငန်းကချမှတ်ထားတဲ့ Strategy ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို အသေးစိတ်ချမှတ်တဲ့ အကြောင်းအရာတွေလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အရင် Marketing tools တွေထဲက တစ်ခုဖြစ်တဲ့ 4P's (Product, Price, Place, Promotion) ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

Action

Action ကတော့ လက်တွေ့မှာ အမှန်တကယ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ "ဘယ်သူတွေက ဒီလုပ်ငန်းတွေကို လုပ်မှာလဲ?" “ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ” တစ်ခုချင်းစီကို ဘယ်လိုလုပ်မလဲဆိုတာကအစ အကုန်စီစဉ်ရပါမယ်။ ဖိနပ်ဆိုင် ဖွင့်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို သီးသန့်တစ်စုချင်းစီပေါ်မူတည်ပြီး လုပ်ဆောင်ရပါမယ်။ ဥပမာ Facebook နဲ့ Instagram အတွက် post တင်မယ့်သူတွေ၊ website maintenance လုပ်သူများနဲ့ customer service တွေကိုလည်း သေချာစွာစီစဉ်ပြီး အစီအစဉ်နဲ့အညီ အကောင်အထည်ဖော်ရမယ့် အဆင့်ဖြစ်ပါတယ်။

Control

Control ကတော့ အဲ့ဒီရည်မှန်းချက်တွေကို ပြည့်မီရေးအတွက် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေကို ထိန်းကွပ်ကြီးကြပ်တာပဲဖြစ်ပါတယ်။ Facebook Ads တွေ, Sales Data တွေကို မကြာခဏ စစ်ဆေးပြီး လုပ်ငန်းရဲ့တိုးတက်မှုကို လိုအပ်သလို ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ခြင်းတွေ ဖြစ်ပါတယ်။ SOSTAC Model ကို ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုနိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေ သုံးသပ်ခြင်းမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ လုပ်ငန်းရဲ့ အခြေအနေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖို့ စီမံကိန်းတွေချမှတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနေကြပြီး အသုံးပြုတဲ့လုပ်ငန်းတွေလည်း အောင်မြင်မှုတွေ ရနေကြတာကို လက်တွေ့မှာလည်း မြင်ရမှာဖြစ်ပါတယ်။

Daw Ei Mon Soe

ME-IT (TU Mdy)

MBA Shinawatra University Thailand (International Program)