17 Sustainable Development Goals

2030 Agenda မှာ Sustainable Development Goals တွေကို အကောင်အထည်ဖော်သွားဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂနိုင်ငံအသီးသီးမှ သဘောတူရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိနဲ့ အနာဂတ်အချိန်တွေမှာ လူတိုင်းအတွက်ကောင်းမွန်တဲ့ဘဝတွေကို ပိုင်ဆိုင်စေနိုင်ဖို့ဖြစ်ပါတယ်။ နိုင်ငံတိုင်း မဖြစ်မနေပူးပေါင်းပါဝင်ဖို့လိုအပ်တဲ့ အဲ့ဒီအစီအစဉ်မှာ Sustainable Development Goals (SDGs) (၁၇) ခု ပါဝင်ထားပါတယ်။

SDGs မှာ စားနပ်ရိက္ခာရှားပါးခြင်းနဲ့ ဆင်းရဲမွဲတေမှုကိုအဆုံးသတ်နိုင်ဖို့၊ ပညာရေးနဲ့ကျန်းမာရေးကို အဆင့်မြှင့်တင်ဖို့၊ မညီမျှမှုကွာဟခြင်းတွေကို ဖြည်းဖြည်းချင်းလျှော့ချနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်တဲ့ လူနေမှုပုံစံဖြစ်စေဖို့ စတဲ့ရည်မှန်းချက်ကြီး (၁၇) ခု ပါဝင်ကာ နိုင်ငံတိုင်းလက်တွဲပြီး အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အဓိကထောက်တိုင်ကြီးသုံးခုဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖော်ဆောင်မှုများကို ဟန်ချက်ညီညီလှုပ်ရှားစေပြီး လူတိုင်းအတွက်ကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးပေးနိုင်ဖို့ အစီအစဉ်ချမှတ်ထားခဲ့ပါတယ်။ SDGs များကို ကမ္ဘာတစ်ဝန်းနဲ့ ကုလသမဂ္ဂနိုင်ငံတွေအားလုံးက ၂၀၂၃ မှာ အကောင်အထည်ဖော်နိုင်မယ်လို့ ရည်မှန်းထားပါတယ်။ ဆိုလိုတာက တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုများအတွက် အဖြေအသီးသီးထွက်လာစေဖို့ နိုင်ငံအားလုံး၊ ပြည်နယ်အားလုံး ပါဝင်ပေးရမှာ ဖြစ်ပါတယ်။

17 Sustainable Development Goals မှာဘာတွေပါဝင်လဲ?

  1. No Poverty - ၁၉၉၀ ကနေစပြီး ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ ကြပေမယ့် လက်ရှိ ဆင်းရဲမွဲတေမှုကြုံတွေ့နေရတဲ့ သန်း ၈၀၀ ကျော်မှာ အမျိုးသမီး ၇၀ ရာခိုင်နှုန်းက အလွန်အမင်း ဆင်းရဲမွဲတေမှုကိုခံစားနေရဆဲဖြစ်ပါတယ်။ SDGs ပထမအချက်အနေနဲ့ ၂၀၃၀ မှာ အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်စေဖို့ရည်မှန်းထားပါတယ်။
  2. Zero Hunger - တိုးတက်မှုနှုန်း မြင့်မားလွန်းတဲ့နိုင်ငံတွေရှိနေသလို တစ်ဖက်မှာလည်းငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတဲ့သူတွေရှိနေဆဲပါပဲ။ ၂၀၁၅ မှာ ရေးဆွဲခဲ့တဲ့ 2023 Agenda ရဲ့ရည်မှန်းချက်ထဲမှာ လာမယ့် ၁၅ နှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှု၊ အာဟာရချို့တဲ့မှုတွေကိုအဆုံးသတ်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံစွာရရှိဖို့ ပါဝင်ပါတယ်။
  3. Good Health and Well-being- အသက်အရွယ်မရွေး ကျန်းမာပျော်ရွှင်ပြီး ကောင်းမွန်တဲ့နေထိုင်မှုနဲ့ စိတ်ချမ်းသာမှုကိုရရှိစေဖို့ ရည်ရွယ်ထားပါတယ်။ ကူးစက်ရောဂါတွေ၊ မီးဖွားရင်းအသက်ဆုံးရှုံးမှု၊ မတော်တဆမှုစတဲ့ သေဆုံးမှုနှုန်းများတဲ့ပြဿနာတွေကို ထိထိရောက်ရောက်လျှော့ချဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
  4. Quality Education - လူသားအားလုံး သာတူညီမျှပါဝင်နိုင်ပြီး အရည်အသွေးကောင်းမွန်ပြီး အာမခံချက်ရှိတဲ့ ပညာရေးစနစ်ပုံစံကို ဖော်ဆောင်ပြီး တစ်သက်တာလုံးစဉ်ဆက်မပြတ်သင်ယူနိုင်မယ့် အခွင့်အရေးတွေ ရရှိစေဖို့ဖြစ်ပါတယ်။
  5. Gender Equality - အမျိုးသမီးများအတွက် အခွင့်အရေးပေးတာနည်းတဲ့ကန့်သတ်မှုဘောင်တွေကို တွန်းလှန်ပြီး အမျိုးသားနဲ့အမျိုးသမီးတန်းတူအခွင့်အရေးပေးနိုင်ဖို့ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အရွယ်မတိုင်ခင်အတင်းအဓမ္မလက်ထပ်ယူခြင်းတွေအထိ အကျုံးဝင်ပါတယ်။
  6. Clean Water and Sanitation - လူတိုင်းအတွက် သန့်ရှင်းတဲ့သောက်ရေ၊သုံးရေရရှိနိုင်ဖို့နဲ့ စွန့်ပစ်ရေဆိုးများအတွက် ကောင်းမွန်တဲ့စနစ်တွေရှိဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
  7. Affordable and Clean Energy - လက်ရှိကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၆ ဘီလီယံက လျှပ်စစ်မီး သုံးလို့မရနိုင်သေးသလို ၂.၅ ဘီလီယံက ရုပ်ကြွင်းလောင်စာတွေအပေါ်မှာမှီခိုနေကြဆဲပါ။ အနာဂတ်မှာတော့ ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိတဲ့ စွမ်းအင်တွေကို စရိတ်သက်သက်သာသာ အသုံးပြုနိုင်ဖို့အတွက် ရည်မှန်းထားတာဖြစ်ပါတယ်။
  8. Decant Work and Economic Growth – SDGs နံပါတ် (၈) မှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်ပြီး လူတိုင်းအတွက် သင့်တော်တဲ့အလုပ်အကိုင်တွေပေးနိုင်ဖို့၊ အလုပ်လက်မဲ့မရှိစေဖို့ ရည်ရွယ်ထားပါတယ်။
  9. Industry, Innovation and Infrastructure – Infrastructure တွေကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဆောင်သွားကာ လာမယ့် ၂၀၃၀ မှာ စက်မှုထွန်းကားမှုနဲ့ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ဖို့ပဲဖြစ်ပါတယ်။
  10. Reduced Inequalities - ကမ္ဘာလုံးဆိုင်ရာမညီမျှမှုများက ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အကြီးမားဆုံး အတားအဆီးများထဲမှတစ်ခုဖြစ်ပါတယ်။ မညီမျှမှုများက လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ စီးပွားရေးများအတွက် အခွင့်အလမ်းများကို ကန့်သတ်ထားသလိုဖြစ်နေတာကြောင့် နိုင်ငံအချင်းချင်းသာမက နိုင်ငံတွင်းက မညီမျှမှုများကို လျှော့ချဖို့အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်။
  11.  Sustainable Cities and Communities - ၂၀၃၀ မှာ လူတိုင်းလက်လှမ်းမီနိုင်ပြီး လုံခြုံမှုရှိတဲ့နေအိမ် အဆောက်အဦး၊ အခြေခံဝန်ဆောင်မှုကိုပေးနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။
  12. Responsible Consumption and Production - လက်ရှိကမ္ဘာကြီးမှာ ဂေဟစနစ်ကပေးစွမ်းနိုင်တဲ့ အရင်းအမြစ်ထက် ပိုများတဲ့ပမာဏကိုထုတ်ယူသုံးစွဲနေကြပါတယ်။ ဒါကြောင့် ကမ္ဘာကြီးရေရှည်တည်တံ့ နိုင်ဖို့အတွက် လူနေမှုပုံစံတွေနဲ့ ထုတ်လုပ်မှုပုံစံတွေအပေါ်မှာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက တာဝန် ယူရမှာဖြစ်ပါတယ်။
  13. Climate Action - ရာသီဥတုပြောင်းလဲမှုနဲ့ အဲ့ဒီပြောင်းလဲမှုကနေဖြစ်တည်လာတဲ့သက်ရောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် အရေးတကြီးအကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။
  14. Life Below Water - ရေထုညစ်ညမ်းမှု၊ ရေနေသတ္တဝါနဲ့အရင်းအမြစ်တွေကို အလွန်အကျွံထုတ်ယူမှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်ကိုင်တွယ်ကြပ်မတ်နိုင်မှသာ ရေရှည်တည်တံ့ပြီးလှပတဲ့အနာဂတ်ဆီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
  15. Life on Land - SDGs နံပါတ် (၁၅) မှာတော့ ဂေဟစနစ်များထိန်းသိမ်းရေးနဲ့ ပြန်လည်တည်ထောင်ရေးတို့ ပါဝင်ပါတယ်။ သစ်တောများကိုစနစ်တကျပြန်လည်စိုက်ပျိုးကာ ၂၀၃၀ မှာ မိုးခေါင်မှု၊ ရေရှားမှု ပြဿနာတွေကို သိသိသာသာလျှော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်။ ထိန်းသိမ်းကာကွယ်ထားတဲ့ သစ်တောများနဲ့ တိရစ္ဆာန်မျိုးစိတ်များ မှောင်ခိုရောင်းဝယ်ခြင်းတွေ ရပ်တန့်စေဖို့လည်း နောက်ဆက်တွဲပါဝင်ပါတယ်။
  16. Peace and Justice Strong Institutions - အကြမ်းဖက်မှုတိုင်းကိုလျှော့ချပြီး လူတိုင်းရာဇဝတ်မှုနဲ့ အလွဲသုံးစားမှုများမှကင်းဝေးစေရေး၊ မျှတတဲ့တရားစီရင်ရေးကိုရရှိစေရေး၊ လူသားတိုင်းရဲ့ လူ့အခွင့် အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။
  17. Partnership for the Goals – Goal 17 ရဲ့ အဓိကယူဆချက်ကတော့ SDGs များအားလုံး အောင်မြင်စွာ ဖော်ဆောင်နိုင်စေဖို့အတွက် ခိုင်မာတဲ့ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အင်အားတွေ လိုအပ် ပါတယ်။ Government များ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ ကဏ္ဍအသီးသီးက လှုပ်ရှားသူတွေပါဝင်ပြီး Sustainable Development အတွက် အတူတကွ တက်ညီလက်ညီ ဆောင်ရွက်မယ်ဆိုရင် ရည်မှန်းချက် ပန်းတိုင်တွေအားလုံးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

United Nations မှ 17 Sustainable Development Goals ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.eda.admin.ch/agenda2030/en/home/agenda-2030/die-17-ziele-fuer-eine-nachhaltige-entwicklung/ziel-17-umsetzungsmittel-staerken-und-die-globale-partnerschaft.html

https://sdgs.un.org/goals

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt),

Heriot-Watt University