" စိတ်ဖိစီးရခြင်းရဲ့ ကောင်းကျိုး "

ယခုခေတ်လို အပြိုင်အဆိုင်များတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေသူတော်တော်များများဟာ အလုပ်များပြီး ရှုပ်ထွေးတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ဖြည်းဖြည်းချင်း လက်ခံလာကြတယ်။ အကြောင်းက တကယ့်အောင်မြင်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာကို မလွှဲမရှောင်သာ ကြုံနေရတာပဲလေ။ အလုပ်လုပ်တဲ့လူတိုင်းကတော့ မတူညီတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရယ်၊ အလုပ်နဲ့ပတ်သက်တဲ့ ဖိစီးမှုတွေရယ်ကြုံရပြီး တချို့ဆို ရာထူးအဆင့်တွေမတူတော့ တခြားသူတွေထက်တောင် ပိုစိတ်ဖိစီး ရတာရှိသေးတယ်။ စိတ်ဖိစီးမှုများလွန်းတာက စိတ်ပိုင်းဆိုင်ရာရောဂါ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး ကိုယ် လက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ အလုပ်ကိုတောင် အနှောင့်အယှက် ဖြစ်စေနိုင် ပါသေးတယ်။ ဒါပေမဲ့ တချို့ စိတ်ဖိစီးမှုတွေကတော့ အပြုသဘော၊ အကောင်းသဘောဆောင်တဲ့ အာရုံစူးစိုက်မှု အားကောင်းစေတာမျိုး ဖြစ်ပေါ်လာတတ်ပြီး ကိုယ်ဖြစ်ချင်တာရဖို့ ရည်မှန်းချက်တွေ ပြည့်ဖို့ လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကိုတော့ သိထားသင့်တယ်။

ဒီတော့ စိတ်ဖိစီးမှုက ဘယ်လိုမျိုး ကိုယ့်ရဲ့အလုပ်နဲ့ ရလဒ်တွေကို ပိုကောင်းစေသလဲဆိုတာ ပြောပြ ချင်ပါတယ်။

၁။ Stress is a Motivator.

Stress က လူတွေကို လှုံ့ဆော်နိုင်တယ်၊ စိတ်ခွန်အားတွေ ပေးနိုင်တယ်လို့ပြောရင် တော်တော် များများက သိပ်မယုံချင်ကြဘူးပေါ့ဗျာ။ ဒါပေမဲ့ စဉ်းစားကြည့်ရင် တစ်ခုခုကြောင့် Stress ရလိုက်ပြီဆို တာနဲ့ ဘယ်လိုလုပ်ရမလဲ၊ ဖြေရှင်းရမလဲဆိုတဲ့ အပြုသဘောဆောင်ပြီး အကျိုးရှိတဲ့ တုံ့ပြန်မှုတွေကို စဉ်းစားတတ်ကြပြီး အရေးကြီးတဲ့အလုပ်တို့၊ ရည်မှန်းချက်တို့ကို ပိုမိုဦးတည်စေပါတယ်။ ဥပမာ၊ ကျွန်တော်တို့ အန္တရာယ်ရှိတဲ့၊ Risk များတဲ့၊ စိန်ခေါ်မှု ကြီးကြီးမားမားရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က adrenalin လို့ခေါ်တဲ့ တုံ့ပြန်မှုကို ပိုမြန်စေတဲ့ ဓာတ်တစ်မျိုးဖြစ်စေတာမို့ လူကိုပိုမိုနိုးကြားလာစေပြီး မြန်မြန်တုံ့ပြန်တတ်ဖို့ အားတစ်ခု ဖြစ်လာစေ ပါတယ်။ လုပ်ငန်းခွင်မှာ Deadline နီးတဲ့အလုပ်တွေကြောင့် Stress ရတဲ့အခါ အဲ့အလုပ်ကို ပြီးမြောက်ဖို့အတွက် စိတ်ဖိစီးမှုက အားတစ်ခုအဖြစ် လှုံဆော်ပေးတတ်ပါတယ်။ အရမ်းကြီး လေးလွန်းတဲ့ စိတ်ဖိစီးမှုမျိုးတွေတော့ မစဉ်းစားစေချင်ပါ။ ဘာလို့ဆိုတော့ စိတ်ရော၊ လူရော ပိုပင်ပန်းစေလို့ပါ။ အချုပ်ပြောရရင် ပေးသင့်တဲ့ Stress မျိုးတွေကိုပေးပြီး Performance တို့ Productivity တို့ တိုးတက်အောင် လုပ်လို့ရပါတယ်။

၂။ Stress improves Efficiency.

Stress စိတ်ဖိစီးမှုက အလုပ်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်လို့ပြောရင် သိပ်လက်ခံချင် ကြမယ့်ပုံတော့ မပေါ်ဘူးပေါ့။ စဉ်းစားကြည့်ရင် တကယ့်ကိုအောင်မြင်ချင်သူတွေက အပြောင်းအလဲ တွေနဲ့ အောင်မြင်စွာလှုပ်ရှားမှုတွေကို လိုချင်တဲ့အခါ စိတ်ဖိစီးမှုတွေကိုလက်ခံပြီး အပြုသဘောဆောင် စွာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလေ့ရှိတယ်။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ စွမ်းအင်လေးတစ်ခုဟာ စွမ်းဆောင်ရည်တွေ ကြိုးစားအားထုတ်မှုတွေကို မြှင့်တင်ပေးသလို၊ အရှိန်ကိုလည်း ပိုကောင်းစေ ပါတယ်။ ပြောရရင် စိတ်ဖိစီးမှုမရှိဘဲ လုပ်တတ်တဲ့လူတွေက လွယ်ကူတဲ့နည်းလမ်းတွေကို သုံးတတ်ကြပြီး နောက်ဆုံးမိနစ်အထိတောင် အလုပ်ကို အချိန်ဆွဲကြလို့ပါ။ ဆိုတော့ ဒါဟာ သင့်တင့်တဲ့ Stress ရှိခြင်းက ကိုယ့်ကိုယ်ကိုယ် ပိုထိန်းနိုင်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရဖို့ တွန်းအားဖြစ်စေလို့ပါ။ ဥပမာ အားရုံစိုက်မှု ပိုကောင်းလာတယ်၊ အတွေးတွေ ပိုမြန်လာတယ်၊ နည်းလမ်းတွေ ပိုရှင်းလာတယ်။ တစ်ခါတလေ တစ်ပတ်လုံးလုပ်ရမယ့်အရာကို တစ်ရက်/နှစ်ရက် (သို့) ရက်တိုတိုနဲ့ ပြီးသွားနိုင်တဲ့အထိ ပိုကောင်းလာစေပါလိမ့်မယ်။

၃။ Stress breeds Success.

Stress စိတ်ဖိစီးမှုက အောင်မြင်မှုကို ဖြစ်စေတယ်လို့ ပြောရင်ကော လက်ခံမှာလား။ အပြိုင်အဆိုင်များတဲ့ အလုပ်ပတ်ဝန်းကျင်တွေမှာ တကယ့်ကိုကောင်းမွန်ပြီး သင့်တင့်တဲ့ ပူပန်မှုမျိုး တချို့ရှိဖို့ လိုအပ်ပါတယ်။ လူတချို့က သူတို့ရဲ့အနာဂတ်အတွက် တွေးပူတတ်ကြပါသေးတယ်။ ဆိုတော့ ဒီလူတွေက သူတို့ဆုံးရှုံးရနိုင်တယ်လို့တွေးကာ စိတ်ဖိစီးကြပြီး သူတို့ဖြစ်ချင်တဲ့အရာတွေကို ပြီးမြောက်ဖို့ တစ်နေ့တစ်နေ့ သူတို့မှာ အချိန်နာရီတွေ မလုံလောက်တော့မှာကို စိုးရိမ်ကြသေးတယ်။ ဒါကပဲ အောင်မြင်မှုလမ်းစတွေကိုရှာဖို့ စတင်စေတာလေ။ တကယ့်လက်တွေ့လုပ်ငန်းခွင် တော်တော်များများမှာလည်း ဒီလိုလူမျိုးတွေက တခြားသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ယှဉ်ရင် စွမ်းဆောင်ရည်ပိုင်းတွေမှာ ပိုထူးချွန်တတ်ကြပြီး၊ အကြောင်းကလည်း Stress to Strength ကို ပုံဖော်ပြောင်းလဲနိုင်ကြလို့ပါ။

၄။ Stress is Healthy.

Stress စိတ်ဖိစီးမှုက ကျန်းမာစေတယ်လို့ပြေရင် ရယ်ချင်စရာများဖြစ်နေမလား။ ဆေးဘက် ဆိုင်ရာလေ့လာမှုတွေအရ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ Small Stress တွေမှ ကောင်းကျိုး ဖြစ်စေတယ်ဆိုတဲ့ လေ့လာမှုတွေ ရှိပါတယ်။ စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ဓာတုပစ္စည်းတွေက ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဦးနှောက်ဆဲလ်တွေရဲ့ စွမ်းဆောင်ရည်ကို အထွတ်အထိပ်ရောက်အောင် ပိုမိုအားကောင်းစေအောင်ပြုလုပ်ကာ ရောဂါတွေကို ကာကွယ်ပေးနိုင် တယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုအပေါ် အပြုသဘောဆောင်တဲ့ အမြင်မျိုးကို မွေးမြူခြင်း၊ အလေ့အကျင့် လုပ်ခြင်းက စိတ်ဖိစီးမှုမှ ထွက်ပေါ်လာတဲ့ အဆိုးမြင်စိတ်တွေကို ဖယ်ရှားဖို့နဲ့ ပြဿနာထက် ဖြေရှင်းချက်အပေါ် အာရုံစိုက်နိုင်ဖို့ ကျွန်တော်တို့အတွက် အသုံးဝင်စေပါတယ်။

အချုပ်ဆိုရရင် စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ ပုံမှန်ကျန်းမာရေးနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ရရှိတဲ့ နေ့စဉ်စိတ်ဖိစီးမှုပမာဏတချို့ဟာ ဘဝရဲ့အောင်မြင်မှုတွေနဲ့ အလုပ်တွေကို အရှိန်မြှင့်ပြီး တိကျသေချာစေပါတယ်။ အရေးကြီးဆုံးအချက်က Stress ကိုရှောင်ဖယ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေမယ့်အစား လက်ခံပြီး အကျိုးရှိအောင် အလုပ်ဖြစ်အောင် လုပ်ဖို့ဖြစ်ပါတယ်။

ဒီဆောင်းပါးကို Career adviser Robert Walters ရဲ့ How stress can be good for you Article မှ ကောက်နှုတ်ရေးထားပါတယ်။

U Zin Lwin Thant

B.Act ,M.Act (MUE)