ပျော်ရွှင်မှုအတွက် လမ်းစဉ် (၇) ခု (7 Ways to be Happy Right Now)

ကျွန်မတို့ ငယ်စဉ်ကတည်းက ဒီလိုအတွေးအခေါ်မျိုးနဲ့ အသားကျလာကြပါတယ်။ “အလုပ်ကိုကြိုးစားပြီး ကောင်းကောင်းမွန်မွန်လုပ်ရင် အောင်မြင်မှုကြီးကြီးမားမားရမယ်၊ဒါဆိုရင် ပျော်ရွှင်ရမယ်” လို့ပေါ့။ ဒီတော့ကြိုးစားပြီး အလုပ်လုပ်ကြတာပေါ့။ လုပ်တော့ အောင်မြင်တယ်။ အောင်မြင်တော့ နောက်တစ်ဆင့်ရည်မှန်းချက်ကိုချမှတ်ပြီး ထပ်လုပ်ကြပြန်ပါတယ်။ ပျော်ရွှင်မှုဆိုတဲ့ “ပန်းတိုင်” အတွက် ခံစားဖို့ အချိန်မပေးနိုင်တော့ဘဲ၊ အောင်မြင်မှုဆိုတဲ့ လမ်းခရီးမှာတင် သာယာနေပြီး နောက်တစ်ခါ အောင်မြင်မှုကို ရဖို့အတွက် ထပ်လုပ်ကြပြန်ကြပြန်ပါတယ်။

ခုခေတ်က အရာရာပြောင်းလဲနေပါပြီ။ ဒါကြောင့် ကျွန်မတို့စရမယ့်နေရာက “ရောက်တဲ့နေရာမှာ အကောင်းမြင်စိတ်နဲ့ ပျော်အောင်နေပါ။ ပျော်နေရင် အလုပ်ကောင်းကောင်းလုပ်နိုင်ပါတယ်။ အလုပ်ကောင်း ကောင်းလုပ်နိုင်တော့၊ အောင်မြင်မှု ကြီးကြီးမားမားရတာပေါ့”။ ကျွန်မတို့အတွက် တစ်ခုတည်းနဲ့ အကြီးဆုံး အခက်အခဲက “ပျော်ရွှင်ဖို့သိပ်ခက်ခဲတာပဲ” ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျွန်မတို့ရဲ့ ဦးနှောက်က တစ်ခါတလေမှာ Negative things တွေကို Focus လုပ်နေလို့ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက Negative Self-talk တွေ ပြောလေ့ရှိကြပါတယ်။ “ငါမဖြစ်နိုင်လောက်ဘူး၊ မလုပ်နိုင်လောက်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူး” စသဖြင့်ပေါ့။ ကိစ္စမရှိပါဘူး။ အကောင်းမြင်စိတ်ရှိတဲ့သူတွေတောင် တစ်ခါတလေ Negative Self-talk တွေ ပြောဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ ဦးနှောက်မှတ်ဉာဏ်မှာ Negative Thought တွေရှိနေတာက ပြဿနာမဟုတ်ပါဘူး။ အဲ့ဒီ Negative Thought တွေမရှိသင့်ဘူးလို့ တွေးထင်နေတာကမှ ပြဿနာဖြစ်နေတာပါ။ အရှိကိုအရှိအတိုင်း လက်မခံနိုင်ကြလို့ပါပဲ။ အကြောက်တရားကြောင့်ပါပဲ။

ကျွန်မတို့က လူ့အဖွဲ့အစည်းအတွင်းနေထိုင်ကြစဉ်မှာ အောင်မြင်ချင်ကြပါတယ်။ ပျော်ရွှင်ချင်ကြပါတယ်။ အဲ့လိုဖြစ်ဖို့အတွက် ကြိုးစားနေကြရာမှာ၊ Negative Thought တွေ မဝင်စေချင်ပါဘူး။ မဝင်စေချင်တော့ အတင်းတွန်းလှန်ကြတော့တာပေါ့။ အကြောက်တရားကြောင့် အရှိကိုအရှိအတိုင်း လက်မခံနိုင်တော့ပါဘူး။ လူသားတွေရဲ့ဦးနှောက်သဘောသဘာဝကိုက ပြဿနာတစ်ခုကိုဖြေရှင်းပြီး ရလဒ်ကောင်းကို ရှာဖွေပေးရမယ့် အစား၊ ပြဿနာတွေကိုလိုက်ရှာပြီး ပိုကြီးထွားအောင်လုပ်ဖို့ဆိုတဲ့ သဘောတရားနဲ့ ကျွမ်းဝင်နေတာဖြစ်လို့၊ Negative Thought တွေဝင်နေတာ ဖြစ်ပါတယ်။ Aristotle ပြောခဲ့တာကတော့ “ ပျော်ရွှင်မှုဆိုတာ ကျွန်ုပ်တို့ပေါ်မှာပဲ မူတည်ပါတယ်” တဲ့။

Psychology Professor Sonja Lyubomirsky (University of California) ရေးထားတဲ့ “The How of Happiness” မှာ ကျွန်မတို့ပျော်ရွှင်မှုရဲ့ ၁၀% ကသာ ကျွန်မတို့ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေတွေပေါ်မှာ မူတည်နေတယ်” လို့ တိတိကျကျ ဆိုထားပါတယ်။ တစ်နည်းအားဖြင့် ကျွန်မတို့ရဲ့ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးနဲ့ ဝင်ငွေ စတဲ့ အခြေအနေအရပ်ရပ်တို့က ကျွန်မတို့ရဲ့ ပျော်ရွှင်မှုအပေါ် ၁၀% သာ သက်ရောက်နိုင် ပါတယ်။ ကျန်တဲ့ ပျော်ရွှင်မှုရဲ့ ၉၀ % က ဒီလိုဖြတ်သန်းလာရတဲ့ အခြေအနေအရပ်ရပ်ကို ဘယ်လိုရှုမြင် သုံးသပ်ပြီးတုံ့ပြန်သလဲဆိုတာပေါ် အခြေခံပါတယ်။

ဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ပေးရမယ့် အချက် (၇) ချက် ရှိပါတယ်။

၁။ တစ်ပတ် (၃) ကြိမ် နာရီဝက်ခန့် အမြန်လမ်းလျှောက်ပါ။ (ခန္ဓာကိုယ်ကျန်းမာစေဖို့)

၂။ နေ့စဉ်ကြုံတွေ့ရတဲ့အတွေ့အကြုံများထဲက ကောင်းမွန်တဲ့အတွေ့အကြုံတွေကို မိနစ် ၂၀ ခန့် စာရေးပါ။ (စိတ်ပျော်ရွှင်စေဖို့)

၃။ တစ်ပတ်ကို ကောင်းမှု (၅) ခုလုပ်ပါ။ (မိတ်ဆွေများကို ကူညီခြင်း၊ လူ့အဖွဲ့အစည်းအတွက် တစ်ခုခု လုပ်ဆောင် ပေးခြင်း၊ ဘုရားကျောင်းကန်သွားပြီး ကုသိုလ်ပြုခြင်း။) (စိတ်ဓာတ်အင်အား ကောင်းလာစေဖို့)

၄။ လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်ပြီးသွားတဲ့အခါမှာ နောက်တစ်နေ့အတွက် အားဖြည့်တဲ့အနေနဲ့ စိတ်လွတ်ကိုယ်လွတ် အပြည့်အဝနားလိုက်ပါ (ဥပမာ - Off-line နေခြင်း) (စိတ်ကိုအပြည့်အဝ အနားပေးဖို့)

၅။ မိမိရဲ့အလုပ်တွေက ပင်ပန်းခက်ခဲစွာ လုပ်ရတာမျိုးဆိုပါက၊ အလုပ်ပြီးသွားရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေကို ထည့်မစဉ်းစားဘဲ ကိုယ်ဝါသနာပါတဲ့တစ်စုံတစ်ခုမှာ လွတ်လွတ်လပ်လပ် စီးမျောလိုက်ပါ (ဥပမာ - သီချင်းဆိုခြင်း၊ ကခုန်ခြင်း)။ (စိတ်လက်ပေါ့ပါးသွားစေဖို့)

၆။ ဦးနှောက်က မိမိရဲ့ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက်၊ နေ့စဉ် (၂) မိနစ် ငြိမ်သက်စွာတရားမှတ်ပါ။ (စိတ်ဓာတ်ခိုင်မာစေဖို့)

၇။ တစ်ပတ်မှာ တစ်ကြိမ်ခန့်၊ စာအုပ်၊ ဂျာနယ်၊ Website တစ်ခုခုတို့ကို ဖတ်မှတ်ပြီး၊ ကောင်းနိုးရာရာလေးတွေကို (၃) ခုမှ (၅) ခုထိ ရှာဖွေပြီး ချရေးထားပါ။ ဒါတွေက ကြာလာရင် အင်မတန်တန်ဖိုးရှိတဲ့ စုဆောင်းမှုတွေ ဖြစ်လာပါလိမ့်မယ်။ (အနာဂတ်အတွက် အသုံးပြုဖို့)

နောက်ဆုံးပြောချင်တာက၊ ဘာကိုမှလိုချင်လောဘစိတ်နဲ့မဟုတ်ဘဲ လုပ်စရာရှိတဲ့အရာအားလုံးကို စိတ်စေတနာမှန်နဲ့ သေသေချာချာ လုပ်ဆောင်သွားမယ်ဆိုရင် ပျော်ရွှင်မှုတာကို အရာရာတိုင်းမှာ တွေ့မြင်လာ ရပါလိမ့်မယ်။

Happiness Equation:

WANT Nothing + DO Anything = HAVE Everything

Ref: The Happiness equation by Neil Pasricha

 

Daw Aye Aye Win

B. Com (Hons, YIE), M.Com, Diploma in English,

M.A (International Business Studies), (Sophia University, Japan)