Program ရေးသားရာမှာ အမြန်ဆုံး သင်ယူတတ်မြောက်စေဖို့အတွက် အကြံပြုချက်များ

Programmer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် program code တွေကို မြန်မြန်ဆန်ဆန် တတ်မြောက်အောင် ဘယ်လိုလေ့လာရမလဲ?” ဆိုတဲ့မေးခွန်းဟာ ကျောင်းသားများကြားမှာ အခြေခံအကျဆုံး မေးခွန်းများထဲက တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ကျောင်းသားတစ်ယောက် ဒါမှမဟုတ် program ရေးတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် စတင်နေသူတစ်ဦးဖြစ်ပါက program code တွေကို အမြန်ဆုံး တတ်မြောက်အောင် ဘယ်လိုလေ့လာရမလဲ? ဆိုတဲ့ နည်းဗျူဟာတွေကို ရှာဖွေမှာပဲ ဖြစ်ပါတယ်။ Programmer အလုပ်ဟာ လုပ်ခလစာ အမြင့်ဆုံး အလုပ်တွေထဲက တစ်ခုဖြစ်ပြီး အလုပ်သမားဈေးကွက်မှာ အလုပ်ရှာဖွေမှု အများဆုံးလည်း ဖြစ်ပါတယ်။ Program ရေးနည်းကို သင်ယူပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ စတင်လေ့လာသူတစ်ယောက်အတွက် နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ချက်ချင်းရေးနိုင်ဖို့ ခက်ခဲပေမယ့်လည်း လူတွေစဉ်းစားထားသလောက် မခက်ပါဘူး။ အဓိကအနေနဲ့ကတော့ program code တွေအပေါ်မှာ စိတ်နှစ်မြှပ်ထားမှု၊ လေ့လာတဲ့အခါ စိတ်အားထက်သန်မှု၊ စိတ်ဝင်တစားရှိပြီးတော့ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပါတယ်။ အွန်လိုင်းနဲ့ စာအုပ်တွေကနေ ရရှိနိုင်တဲ့ အရင်းအမြစ်တွေ များစွာရှိတာကြောင့် သင့်ရဲ့လေ့လာမှုကို များစွာ အထောက်အကူပြုနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် အကြံပြုချက်တွေကတော့

၁ - သင့်အနေနဲ့ အခြေခံနားလည်ရမယ့် သင်ခန်းစာများကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ထားသင့်ပါတယ်။

ကျောင်းသား (ဒါမှမဟုတ်) စတင်လေ့လာနေသူတစ်ယောက်အနေနဲ့ ပုံမှန်လုပ်နေကြ အမှားတစ်ခုကတော့ အခြေခံအနေနဲ့ နားလည်ရမယ့် သင်ခန်းစာတွေကိုကျော်ပြီး နောင်လာမယ့် သင်ခန်းစာတွေကို ကျော်ခွပြီး လေ့လာခြင်းပဲ ဖြစ်ပါတယ်။ Program ရေးခြင်းနဲ့ သက်ဆိုင်တဲ့ အယူအဆတွေကို နားလည်သဘောပေါက်နိုင်ဖို့အတွက်  Program ရေးခြင်းရဲ့ အခြေခံအချက်များနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိထားမှဖြစ်ပါမယ်။ အခြေခံအချက်များကို မသိဘဲနဲ့ သူများတွေလို သင်ခန်းစာတွေကို ကျော်ခွပြီးလေ့လာနေမယ် ဆိုရင်တော့ တစ်ချိန်ချိန်မှာ သင့်ရဲ့ အတွေးအခေါ် အယူအဆတွေဟာ ရှုပ်ထွေးလာနိုင်ပြီး ရှေ့ဆက်လေ့လာဖို့ အခက်အခဲတွေနဲ့အတူ အစကနေ ပြန်ပြီးလေ့လာရတဲ့ အဖြစ်ကို ရောက်ရှိသွားနိုင်ပါတယ်။ Programming ကို စတင် လေ့လာသူတစ်ယောက်အနေနဲ့ သိထားရမယ့် အခြေခံအချက်တွေကတော့ data structures ဆိုတာကို ကောင်းကောင်းနားလည်ဖို့ လိုသလို variables တွေကိုလည်း သိထားဖို့ လိုပါတယ်။ ရေးရမယ့်အရေးအသားတွေ သုံးရမဲ့ tools တွေနဲ့ program ရေးဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ code editors များ အကြောင်းကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ သင်ဟာ programmer ကောင်းတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် အခြေခံတွေကို ရှင်းရှင်းလင်းလင်း သိရှိထားဖို့ လိုအပ်ပါတယ်။

၂ - သင်ခန်းစာတွေကို ဖတ်ကြည့်ရုံတင် မဟုတ်ဘဲ လက်တွေ့ကျကျ ရေးကြည့်ရပါမယ်။

စတင်လေ့လာသူတွေ ပုံမှန်လုပ်နေကြအမှားကတော့ programming လေ့လာတော့မယ်ဆိုရင် စာအုပ်တွေကို လိုက်ဖက်မယ့် ဥပမာပြထားတဲ့ program code တွေကို လေ့လာကြည့်မယ်။ ဒါပေမဲ့ သူတို့တွေဟာ ကွန်ပျူတာပေါ်မှာတော့ လက်တွေ့ရေးကြည့်တာမျိုးတွေ လုပ်လေ့မရှိကြပါဘူး။ Looping ပတ်တဲ့အကြောင်းတွေ၊ variables အကြောင်းတွေဟာ ဖတ်ရတာ လွယ်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ programming ရဲ့ သဘောတရားအရ လက်တွေ့မရေးကြည့်ဘူးဆိုရင် လေ့လာမှတ်သားထားတာတွေဟာ အသုံးမဝင်ပါဘူး။ Program code တွေကို အမြဲလက်တွေ့ကျကျ ရေးကြည့်နေဖို့ လိုပါတယ်။ Program code တွေကို ရေးကြည့်မယ်။ ပြီးရင် ရေးထားတဲ့ code က အလုပ်လုပ်ရဲ့လား? ထွက်လာတဲ့ အဖြေက မှန်ရဲ့လား? လို့ စမ်းသပ်ကြည့်ရပါမယ်။ မှန်သွားပြီ၊ ကိုယ်လိုချင်တဲ့ အဖြေလည်းရသွားပြီးဆိုရင် တခြားအဖြေတစ်ခု အတွက်ဆိုရင်ရော ဘယ်လိုရေးရင် ရနိုင်မလဲဆိုတာကို ကြိုးစားပြီး စမ်းသပ်ရေးကြည့်ရပါမယ်။ အဲ့လိုစမ်းသပ်ပြီး မတူညီတဲ့ အဖြေတွေရအောင်  program code တွေကို ရေးကြည့်ခြင်းအားဖြင့် သင့်ရဲ့ အတွေးအခေါ်ဆိုင်ရာ စွမ်းရည်တွေ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာပြီး programmer ကောင်းတစ်ယောက်ဖြစ်လာအောင် သင့်ကို အထောက်အကူ ပေးပါလိမ့်မယ်။ Program code တွေကို စတင်လေ့လာတဲ့အခါ တူညီတဲ့ code တွေကိုပဲ ခဏခဏ ပြန်ပြီးရေးကြည့်သင့်ပါတယ်။ ကိုယ်လေ့လာနေတဲ့ စာအုပ် ဒါမှမဟုတ် တခြားကိုးကားလို့ရတဲ့နေရာကနေ နောက်ထပ် ပြန်ပြီးကြည့်စရာ မလိုတော့တဲ့အထိ လေ့ကျင့်နေသင့်ပါတယ်။

၃ - Program code တွေကို လက်နဲ့ချရေးပါ။

သင် programming ကို စတင်လေ့လာတဲ့အခါ ဘာကြောင့် code တွေကို လက်နဲ့ချရေးသင့်တာလဲဆိုတာကို တွေးမိပါလိမ့်မယ်။ ဒါဟာ အချိန်ကုန်တဲ့ အလုပ်တစ်ခုဖြစ်တယ်။ ငါကတော့ code တွေကို စာရွက်ပေါ်မှာ ချရေးပြီး စမ်းသပ်မကြည့်နိုင်ဘူး။ ကွန်ပျူတာနဲ့ စမ်းသပ်မှ အလုပ်လုပ်မယ့် code တွေကို ဘာကြောင့် စာရွက်တွေနဲ့ သုံးပြီးရေးရမှာလဲဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်ပါတယ်။ ဒီမေးခွန်းအတွက် အကောင်းဆုံး အကြောင်းပြချက် တစ်ခုကတော့ လုပ်ငန်းခွင်ဝင်ဖို့ အလုပ်အင်တာဗျူးမှာ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ သင်ဟာ programmer ရာထူးနဲ့ အလုပ်သွားလျှောက်မယ်ဆိုရင် အင်တာဗျူးရဲ့ အချိန်တော်တော်များများဟာ လက်တွေ့ကျကျ code တွေကို ရေးပြရတာပဲ ဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ code တွေကို စာရွက်ပေါ်မှာပဲဖြစ်ဖြစ်၊ သင်ပုန်းပေါ်မှာပဲဖြစ်ဖြစ် ရေးပြကောင်း ရေးပြရမှာပဲ ဖြစ်ပါတယ်။ Code တွေကို လက်နဲ့ရေးပြရခြင်းဟာ ဟောင်းနွမ်းနေတဲ့ နည်းလမ်း တစ်ခုဖြစ်ပေမယ့်လည်း programmer တစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကိုသိဖို့ စမ်းသပ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ Code တွေကို လက်နဲ့ချရေးခြင်းဟာ program ရေးတဲ့အခါ သုံးတဲ့အသုံးအနှုန်းတွေကို သေချာနားလည်ပြီး ဦးနှောက်ထဲမှာ ပိုပြီး မှတ်မိစေနိုင်ပါတယ်။

၄ - ကိုယ်သိထားတဲ့ အတွေးအခေါ်တွေကို မျှဝေပါ။ မသိသေးတာတွေကို သင်ယူပါ။တခြားလူတွေနဲ့ ဆွေးနွေးပါ။ ကိုယ်နားမလည်တာတွေအတွက် မေးမြန်းပါ။

Programming ကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် နားလည်တတ်ကျွမ်းစေမယ့် အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ သင်ယူခြင်းပဲ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဆီကနေ သင်ယူခြင်း၊ သင်သိထားတဲ့ အသိပညာ တွေကို မျှဝေခြင်းနဲ့ တခြားတတ်ကျွမ်းတဲ့ programmer တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခြင်းဟာ သင့်ကို programmer ကောင်းတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ Programming လေ့လာတဲ့ အခါ နားမလည်တာတွေကို မေးမြန်းဖို့အတွက် မနှောင့်နှေးပါနဲ့။ စတင်လေ့လာသူတွေဟာ တခြားသူကို မေးမြန်းဖို့ကို ရှက်တတ်ကြပါတယ်။  မေးရမှာရှက်တဲ့အတွက် မမေးဘူး၊ မမေးတော့ သိသင့်သိထိုက်တဲ့ အခြေခံ သဘောတရားတွေ၊ ကျွမ်းကျင်သူတွေဆီကသာ ရနိုင်တဲ့ program ရေးတဲ့ အတွေ့အကြုံ၊ အယူအဆတွေကို မသိရှိနိုင်ဘဲ ကိုယ်လေ့လာထားတဲ့ အရာလေးတွေနဲ့ပဲ ရှေ့ဆက်နေမယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါ program code တွေကို ကောင်းကောင်းရေးနိုင်လာဖို့အတွက် ရုန်းကန်လာရနိုင်ပါတယ်။

၅ - အွန်လိုင်းပေါ်က အရင်းအမြစ်တွေကို အသုံးချပါ။

အွန်လိုင်းပေါ်မှာ ငွေကြေးနဲ့ဖြစ်စေ၊ အခမဲ့ဖြစ်စေ လေ့လာလို့ရတဲ့ အရင်းအမြစ်တွေ အများကြီးရှိပါတယ်။ အွန်လိုင်းပေါ်က အရင်းအမြစ်တွေကနေ သင့်ရဲ့ programming နဲ့ ပတ်သက်ပြီး လေ့လာတာကို စတင်လို့ ရပါတယ်။ Youtube ကနေဖြစ်စေ၊ program code တွေနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ ဥပမာအနေနဲ့ ရေးပြထားတဲ့ code တွေကို မျှဝေပေးနေတဲ့ websites တွေကနေဖြစ်စေ အကျိုးရှိရှိနဲ့ မြန်မြန်ဆန်ဆန် လေ့လာလို့ရပါတယ်။ Programming နဲ့ဆိုင်တဲ့ blogs တွေ ဒါမှမဟုတ် အွန်လိုင်းအဖွဲ့အစည်းတွေကနေလည်း လေ့လာလို့ရပါတယ်။ “GeeksforGeeks” ဆိုတဲ့ website မှာလည်း programming လေ့လာဖို့အတွက် လမ်းညွှန်ပေးထားတဲ့ အရင်းအမြစ်တွေ များစွာရှိပါတယ်။

၆ - အနားယူတဲ့ အကျင့်ကိုလုပ်ပါ။

သင်ဟာ programming ကို လေ့လာချင်တယ်ဆိုရင် ကွန်ပျူတာရှေ့မှာ နာရီများစွာ အချိန်အကြာကြီး ထိုင်ပြီး သင်ခန်းစာတွေကို တစ်ခါတည်းနဲ့ သဘောပေါက်နားလည်နိုင်ဖို့ လေ့လာနေတာဟာ ကောင်းမွန်တဲ့ အလေ့အထ တစ်ခု မဟုတ်ပါဘူး။ ဒီအပြုအမှုမျိုးဟာ သင့်ကို စိတ်ဖိစီးမှုကို ခံစားရစေနိုင်တာကြောင့် သင်ခန်းစာတွေကို အပိုင်းတစ်ခုစီခွဲပြီး လေ့လာတာက ပိုပြီးအဆင်ပြေပါတယ်။ ဆက်တိုက်လေ့လာနေတာမျိုးမလုပ်ဘဲ ဦးနှောက်ကို အနားပေးဖို့အတွက် မိနစ်အနည်းငယ် အနားယူသင့်ပါတယ်။ တစ်ခါတလေမှာ အချိန်ကြာမြင့်စွာ code တွေကို ရေးနေမယ်၊ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အဖြေကိုလည်းရအောင် မရေးနိုင်သေးဘူးဆိုရင်တော့ အနားယူခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ အနားယူလိုက်ခြင်းက စိတ်ထဲမှာ ရှုပ်ထွေးညစ်ငြူးနေတာတွေ ရှင်းလင်းသွားပြီး အစပိုင်းကစိတ်ရှုပ်ပြီး တွေးလို့မရတဲ့ အတွေးအခေါ်အသစ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဖြစ်ချင်တဲ့အရာကို လုပ်ဆောင်ဖို့အတွက် ဘယ်အချိန်မဆို လေ့လာသင်ယူလို့ရပါတယ်။ သင်ဟာ program code တွေရေးနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါလိမ့်မယ်။ Program code တွေကို မြန်မြန်ဆန်ဆန် တတ်မြောက်ဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကိုရွေးပြီး စိတ်ရှည်ရှည်နဲ့ လေ့လာဖို့တော့ လိုအပ်ပါတယ်။ အရာရာတိုင်းကို တစ်ဆင့်ပြီးမှတစ်ဆင့် လေ့လာပါ။ အခြေခံအနေနဲ့ သိရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် အရင်လုပ်ပါ။ အခြေခံမပိုင်ဘဲနဲ့ ရှေ့ဆက်လေ့လာတာမျိုး မလုပ်ပါနဲ့။ အခြေခံမပိုင်ဘဲနဲ့ ရှေ့ဆက်လေ့လာတဲ့အခါ ကိုယ့်အတွက် ပိုမိုခက်ခဲလာပါလိမ့်မယ်။ လေ့လာထားသမျှကို လက်တွေ့ရေးကြည့်ပါ။ ပိုပြီးကောင်းမွန်တဲ့ code တွေရေးနိုင်ဖို့နဲ့ ကိုယ့်ရဲ့ အတွေးအခေါ်တွေ တိုးတက်လာဖို့ အတွက် programming နဲ့ပတ်သက်တဲ့ sites တွေကနေ လေ့လာပါ။ ဒါမှသာ ပိုပြီးကောင်းတဲ့ အတွေးအခေါ်တွေ ရနိုင်ပြီး programmer တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

 

7 Tips and Tricks to Learn Programming Faster - GeeksforGeeks မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) , B.C.Sc, (Hons) (U.C.S.Y) , M.C.Sc, (U.C.S.Y)