အရင်းအနှီးနည်းနည်းနဲ့ စတင်နိုင်တဲ့ လုပ်ငန်းအိုင်ဒီယာများ

အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုတဲ့ သူတွေအတွက် ပြီးပြည့်စုံပြီး အကျိုးအမြတ်များတဲ့ ခရီးတစ်ခုပဲဖြစ်ပါတယ်။ လူအများစုဟာ သူတို့ရဲ့ ဝါသနာတွေကို ဝင်ငွေစီးကြောင်းအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ထူးခြားတဲ့အရာတွေကို ဖန်တီးဖို့ကြိုးစားကြပြီး စိတ်ကျေနပ်မှုကို ကိုယ်တိုင်ရှာဖွေလေ့ရှိကြပါတယ်။ များသောအားဖြင့် လူတွေဟာ ဝင်ငွေကောင်းကောင်း၊ လိုက်လျောညီထွေရှိတဲ့အလုပ်ချိန်တွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းကို တိုက်ရိုက်အကျိုးသက် ရောက်နိုင်မှုတို့ကြောင့် ကိုယ်ပိုင်စီးပွားရေးတစ်ခုစဖို့အတွက် စဉ်းစားလေ့ရှိကြပါတယ်။ နောက်ပြီးတော့ လုပ်ငန်း တစ်ခုဖြစ်ပေါ်လာအောင် တည်ဆောက်ခြင်းနဲ့ ကြီးထွားလာဖို့အတွက် ကြုံရတဲ့စိန်ခေါ်မှုတွေဟာ စွန့်ဦးတီထွင်မှု စိတ်ဓာတ်ရှိသူတို့ကို ဆွဲဆောင်လေ့ရှိပြီး စဉ်ဆက်မပြတ်လေ့လာသင်ယူမှုနဲ့ ဆန်းသစ်တီထွင်မှု စတဲ့ အခွင့်အလမ်း များစွာကိုလည်း ဆောင်ကြဉ်းပေးပါတယ်။

မှန်ကန်တဲ့ စိတ်ကူးစိတ်သန်းနဲ့ အကောင်အထည်ဖော်ခြင်းဟာ သင့်ရဲ့ဝါသနာကို အမြတ်အစွန်းရနိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။ အထွေအထွေအသုံးစရိတ်နည်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ထုတ်ကုန်အခြေခံစီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ကြည့်ရင် ကနဦးအရင်းအနှီးနည်းတာကြောင့် စတင်ဖို့ ပိုမိုလွယ်ကူတတ်တဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ထုတ်ကုန်လုပ်ငန်းတွေမှာဆိုရင် ကုန်ကြမ်းပစ္စည်း ကုန်ကျစရိတ်၊ ထုတ်လုပ်မှုနဲ့ သိုလှောင်မှုအတွက် များပြားလှတဲ့ ငွေသားအသုံးစရိတ်ကို လိုအပ်တာအမှန်ပါပဲ။

ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနဲ့ လည်ပတ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေ အတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုတွေ ပေးအပ်ခြင်းနဲ့ ဝယ်ယူသူအခြေပြု တည်ဆောက်ခြင်းအပေါ် ပိုမိုအာရုံစိုက်နိုင်ပါတယ်။ ဥပမာ အလွတ်တန်းအကြံပေးခြင်း၊ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှုနဲ့ အိမ်သန့်ရှင်းရေးဝန်ဆောင်မှု စသဖြင့် ပါဝင်ပါတယ်။ သင့်ရဲ့ကျွမ်းကျင်မှုတွေကို ကောင်းကောင်း အသုံးချခြင်း အားဖြင့် ကုန်ကျစရိတ်ကြီးကြီးမားမားဖြစ်တဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးမရှိစေဘဲ စျေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အောင်မြင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို တည်ထောင်နိုင်ပါတယ်။ အကျိုးအမြတ်များများရနိုင်ပြီး စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ အသေးစား စီးပွားရေးလုပ်ငန်း အိုင်ဒီယာများကို အောက်မှာ ဖော်ပြပေးသွားပါမယ်။

1. E-commerce Store (E-commerce စတိုး)

အွန်လိုင်းကနေ ဈေးဝယ်မှုမြင့်တက်လာခြင်းဟာ လုပ်ငန်းရှင်တွေအတွက် သိသာထင်ရှားတဲ့ အခွင့်အလမ်း တစ်ခုပဲဖြစ်ပါတယ်။ လက်လုပ်လက်မှုပညာက စပြီးတော့ ထူးခြားတဲ့ ခေတ်ဟောင်းပစ္စည်းများအထိ ထုတ်ကုန်များစွာ ရောင်းချနိုင်ပါတယ်။ Shopify နဲ့ Etsy စတဲ့ ပလက်ဖောင်းတွေဟာ သင့်အွန်လိုင်းစတိုးကို စတင်နိုင်ဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့ လွယ်ကူစေပါတယ်။

2. Freelance Services (အလွတ်တန်းဝန်ဆောင်မှုများ)

သင့်မှာ အဝေးကနေလုပ်နိုင်တဲ့ ကျွမ်းကျင်မှုရှိတယ်ဆိုရင် အလွတ်တန်း ဝန်ဆောင်မှုပေးခြင်းဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ စာရေးခြင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဝဘ်ဆိုဒ်ရေးဆွဲခြင်း ဒါမှမဟုတ် ဒစ်ဂျစ်တယ် စျေးကွက်ချဲ့ထွင်ခြင်း စတဲ့ ဝန်ဆောင်မှုလုပ်ငန်းများစွာကို စလို့ရပါတယ်။

3.Personal Fitness Trainers (ကိုယ်ကာယ ကြံ့ခိုင်ရေး နည်းပြဆရာ)

ကျန်းမာရေးနဲ့ ကျန်းမာရေဆိုင်ရာ အလေ့အကျင့်အပေါ် အလေးထားမှု မြင့်မားလာတာနဲ့အမျှ ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့ကျင့်ရေးဆရာတစ်ဦးဖြစ်လာခြင်းဟာ အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ တစ်ဦးချင်း ဆက်ရှင်တွေ၊ အဖွဲ့လိုက်သင်တန်းတွေ ဒါမှမဟုတ် အွန်လိုင်းကတစ်ဆင့် နည်းပြခြင်းတွေ စသဖြင့် လုပ်နိုင်ပါတယ်။ အသိအမှတ်ပြုလက်မှတ်နဲ့ အားကောင်းတဲ့ အွန်လိုင်းပရိုဖိုင်ကို တည်ဆောက်ထားခြင်းဟာ ဖောက်သည်‌တွေကို ဆွဲဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

4. Pet Services (အိမ်မွေးတိရစ္ဆာန်ဝန်ဆောင်မှုလုပ်ငန်း)

အိမ်မွေးတိရစ္ဆာန်ဝန်ဆောင်မှု လုပ်ငန်းတွေဟာ ဒီဘက်ခေတ်မှာ ပိုပြီး ထွန်းကားလာပါတယ်။ အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တွေဟာ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို လိုချင်ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်များကို သန့်စင်ပေးခြင်း၊ပြုစုစောင့်ရှောက်ခြင်းနဲ့ ခွေးကျောင်းခြင်းစတဲ့ လုပ်ငန်းတွေဟာ အလွန်ကောင်းမွန်တဲ့ အသေးစားစီးပွားရေး လုပ်ငန်းစိတ်ကူးများပဲ ဖြစ်ပါတယ်။

5. Home Cleaning Services (အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်း)

အလုပ်များတဲ့ အိမ်ထောင်စုတွေနဲ့ လုပ်ငန်းတွေဟာ ဒီလိုသန့်ရှင်းရေး ဝန်ဆောင်မှုတွေကို ပိုလိုအပ်တတ်ပါတယ်။ ဒီလိုဝန်ဆောင်မှုလုပ်ငန်းကို စတဲ့အခါ ဂေဟစနစ်သဟဇာတဖြစ်တဲ့ပစ္စည်းသာ အသုံးပြုပြီးလုပ်ပေးတဲ့ သန့်ရှင်းရေး ဒါမှမဟုတ် အိမ်အပြောင်းအရွှေ့ဝန်ဆောင်မှု စတဲ့ အထူးပြုလုပ်ငန်းတွေကို လုပ်မယ်ဆိုရင် အမြတ်အစွန်းများစွာရနိုင်ပါတယ်။

6. Food Truck (ကားနဲ့တစ်ဆင့် အစားအသောက်ရောင်းချခြင်း)

အချက်အပြုတ်ကို ဝါသနာပါတဲ့သူတွေအတွက် Food Truck နဲ့ အစားအသောက်လုပ်ငန်းလုပ်တဲ့အခါ လိုက်လျောညီထွေရှိပြီး ကုန်ကျစရိတ်သက်သာစေပါတယ်။ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်‌တွေနဲ့ လူစည်ကားတဲ့မြို့ဧရိယာတွေမှာ ရောင်းချလို့ရပါတယ်။ ပြိုင်ဘက်ကင်းပြီး အရည်အသွေးမြင့်တဲ့ အစားအသောက်များကို ရောင်းချခြင်းဟာ သင့်ကို ပြိုင်ဘက်တွေနဲ့မတူ ကွဲပြားမှု ဖြစ်စေနိုင်ပါတယ်။

7. Tutoring and Educational Services (ပညာရေးဝန်ဆောင်မှုလုပ်ငန်း)

ဘာသာရပ်တစ်ခု ဒါမှမဟုတ် ကျွမ်းကျင်မှုတစ်ခုခုမှာ ထူးချွန်တယ်ဆိုရင် ပညာရေးဝန်ဆောင်မှုပေးခြင်းဟာ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တစ်ဦးချင်းသီးသန့်ပညာရေးအတွက် လိုအပ်ချက်တွေ မြင့်လာတာနဲ့အမျှ လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းသင်ကြားရေးများကို စတင်လို့ရပါတယ်။ စာမေးပွဲအတွက် ပြင်ဆင်ပေးခြင်း ဒါမှမဟုတ် ဘာသာစကား သင်ကြားပေးခြင်း စတာတွေက စျေးကွက်ကို ဆွဲဆောင်နိုင်ပါတယ်။

8. Subscription Box Service

Subscription Box Service ဆိုတာ Netflix တို့လိုမျိုး သုံးစွဲသူတွေကို မန်ဘာဝင်ထားစေပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို ပုံမှန်ယူထားခြင်းပုံစံပဲ ဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုလုပ်ငန်းတွေကလည်း လူကြိုက်များလာပါတယ်။ အလှအပရေးရာ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ အဆာပြေစာများ ဒါမှမဟုတ် စာအုပ်များငှားရမ်းခြင်း စတဲ့ ကြိုက်နှစ်သက်ရာ ထုတ်ကုန်တွေကို ရွေးချယ်နိုင်ပါတယ်။ သေချာစဉ်းစားထားတဲ့ ဝန်‌ဆောင်မှုတွေကို ဖန်တီးထားမယ်ဆိုရင် ထပ်တလဲလဲ ၀င်ငွေဆက်တိုက်စီးဆင်းမှုကို ဖန်တီးနိုင်မှာ အသေအချာပါပဲ။

9. Social Media Management (ဆိုရှယ်မီဒီယာစီမံခန့်ခွဲခြင်း ဝန်ဆောင်မှုလုပ်ငန်း)

စီးပွားရေးလုပ်ငန်းငယ်များစွာဟာ အားကောင်းတဲ့ ဆိုရှယ်မီဒီယာပရိုဖိုင်ကို ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။ တကယ်လို့ သင်ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းကို ကျွမ်းကျင်တယ်ဆိုရင် ဆိုရှယ်မီဒီယာစီမံခန့်ခွဲမှုဝန်ဆောင်မှုများကို စလုပ်ခြင်းဟာ အမြတ်အစွန်းရှိနိုင်တဲ့ လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းတွေကို သူတို့အွန်လိုင်းပရိသတ်နဲ့ ထိတွေ့ဆက်ဆံမှုတိုးပွားအောင် ကူညီလုပ်ကိုင်ပေးပြီး ရေရှည် တည်တံ့တဲ့ ဝယ်ယူသူဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

10. Handmade Crafts and Art (လက်မှုအနုပညာလုပ်ငန်း)

တီထွင်ဖန်တီးသူတွေအတွက်၊ လက်လုပ်လက်မှုပညာနဲ့ အနုပညာတွေကို ရောင်းချခြင်းဟာ အမြတ်အစွန်း ရရှိစေနိုင်ပါတယ်။ Etsy လိုမျိုးဝဘ်ဆိုဒ်တွေဟာ ကမ္ဘာအနှံ့မှာရှိတဲ့ဝယ်ယူသူတွေဆီ ရောက်နိုင်တဲ့ ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ ထူးခြားပြီး အရည်အသွေးမြင့်တဲ့ပစ္စည်းများတွေကို ဝယ်ယူသူတွေက အမြဲရှာလေ့ရှိကြပါတယ်။

အထက်မှာ ပြောပြခဲ့တဲ့လုပ်ငန်းအိုင်ဒီယာတွေအပြင် အဓိကကျတဲ့အချက်ကတော့ လုပ်ငန်းတစ်ခု စတင်ဖို့ အတွက် စိတ်အားထက်သန်မှု၊ စူးစူးစိုက်စိုက်ရှိမှု၊ သင်ယူလိုစိတ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့က အမှန်ပဲလိုအပ် လှပါတယ်။ မှန်ကန်တဲ့ အကြံဉာဏ်ကောင်းတွေကို ရွေးချယ်ပြီး ကောင်းမွန်စွာ အကောင်အထည်ဖော်ခြင်း အားဖြင့် အောင်မြင်ပြီးအကျိုးရှိတဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်ပါတယ်။ ဒါ့အပြင် ငွေကြေးအင်အား တောင့်တင်းမှုကို ထိန်းသိမ်းခြင်းဟာ လုပ်ငန်းရေရှည်တည်တံ့မှုနဲ့ တိုးတက်မှုအတွက် အရေးကြီးတာကြောင့် လုပ်ငန်းရဲ့အမြတ်နဲ့ ငွေသားစီးဆင်းမှုကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ငွေကြေးဆိုင်ရာ၊ ကုန်ကျစရိတ်တွေကို စီမံခန့်ခွဲခြင်းနဲ့ လာမယ့်အနာဂတ်ကာလအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို စနစ်တကျ အစီအစဉ်ရေးဆွဲထားခြင်းဟာလည်း အရေးကြီးလှပါတယ်။ ဇွဲလုံ့လရှိပြီး ဂရုတစိုက်ငွေကြေး စီမံခန့်ခွဲခြင်း အားဖြင့် သင့်စီးပွားရေးလုပ်ငန်းကို ရှင်သန်ရပ်တည်စေနိုင်ပြီး ရေရှည်ကျေနပ်မှုနဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

References

Houston, M., 2024. What Are Some Good Small Business Ideas For Aspiring Entrepreneurs?. [Online]

Available at: https://www.forbes.com/.../what-are-some-good-small.../

[Accessed 24 June 2024].

Daw Hninn Pwint Oo

B.Com(Q), M.Com (Meiktila University of Economics)