H&M အမှတ်တံဆိပ်ရဲ့ Sustainability နဲ့ Recycling Programme တွေမှာ ဦးဆောင်နေမှုများ

H&M အမှတ်တံဆိပ်ဆိုတာကတော့ ၁၉၄၇ ခုနှစ်မှာ  Mr. Erling Persson က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Hennes & Mauritz AB Multinational Company (H&M) အဝတ်အထည်ဖက်ရှင် ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဆွီဒင်နိုင်ငံအခြေစိုက် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ H&M က ထုတ်ကုန်တွေက ခေတ်ရေစီးကြောင်းအလိုက် ထုတ်ကုန်အသစ်တွေထွက်ရှိနေပြီး Fast-fashion clothing ပိုင်းမှာ တော်တော်လေးနေရာယူထားတဲ့အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်း H&M ရဲ့ ထုတ်ကုန် တွေမှာ သတိထားလာမိတဲ့အချက်တစ်ခုကတော့ recycle လုပ်ထားတဲ့ material တွေကို အသုံးပြု ထားတယ်ဆိုတဲ့ tag (တံဆိပ်) လေးတွေ တွဲပြီးပါလာတာပဲ ဖြစ်ပါတယ်။ အဝတ်အထည်လုပ်ငန်းတွေအနေနဲ့ အရင်က recycle ပြုလုပ်တာက (၁) ရာခိုင်နှုန်းထက်နည်းပြီး တန်သန်းပေါင်းများစွာသော ပိတ်စအထည်တွေ အလေအလွင့်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာကြောင့် H&M က သူတို့ရဲ့ Recycling program ကို စတင်ခဲ့တာလို့ဆိုပါတယ်။

H&M Group ရဲ့  Sustainability နဲ့ပတ်သက်တဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်မှုတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ရည်မှန်းချက်အနေနဲ့ တစ်ပတ်လည် ပြန်လည်အသုံးပြုတဲ့စနစ် Circular and Renewable ပြောင်းလဲမှုတွေအတွက် ဖက်ရှင်ဈေးကွက်မှာ ဦးဆောင်ပြောင်းလဲပေးဖို့ဖြစ်ပါတယ်။ ၂၀၃၀ မှာတော့ သူတို့ရဲ့ ထုတ်ကုန် (၁၀၀) ရာခိုင်နှုန်းကို recycle ပြုလုပ်ထားတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အသုံးပြုထားဖို့ ဦးတည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ထုပ်ပိုးမှုအပိုင်းတွေမှာလည်း ပြန်လည် အသုံးပြုနိုင်မယ့် ပစ္စည်းတွေနဲ့ ဓာတုပစ္စည်းတွေအသုံးချမှုကို လျှော့ချဖို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်။

၂၀၁၃ ခုနှစ်ကစတင်ပြီး H&M ဆိုင်တွေထဲမှာ အသုံးမလိုတော့တဲ့ အဝတ်အစားတွေကို လာရောက် စွန့်ပစ်နိုင်ဖို့ Recycling box တွေ ထားပေးပါတယ်။ ဘယ်အမှတ်တံဆိပ်ရဲ့ ဘယ်လို အဝတ်အထည် အမျိုးအစားကိုမဆို လာရောက်စွန့်ပစ်နိုင်ပြီး အဲ့ဒီကမ်ပိန်းမှာပါဝင်တဲ့သူတွေကို H&M ရဲ့ Discount Coupon တွေ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီ Recycling Box ထဲကရတဲ့ အဝတ်အထည်တွေကို H&M နဲ့ချိတ်ဆက်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လာရောက်သိမ်းဆည်းပြီး အမျိုးအစား (၃) ခုခွဲကာ Recycling ပြုလုပ်ပါတယ်။ (၁) ပြန်လည်ဝတ်ဆင်အသုံးပြုလို့ရတဲ့ (Re-wear) second-hand အဝတ်အထည်အဖြစ် ရောင်းတဲ့သူတွေဆီ ပို့ပေးပါတယ်။ (၂) စွန့်ပစ်အဝတ်အထည်တွေထဲက ပြန်လည် ဝတ်ဆင်အသုံးပြုလို့မရတဲ့အထည်တွေကိုတော့ တခြားနည်းအသုံးပြုမှု  (Reuse) အဖြစ် ပြောင်းလဲ ထုတ်လုပ်လုပ်ငန်းများသို့ ပေးပို့ပေးပါတယ်။ (၃) ကျန်ရှိတဲ့အဝတ်အထည်တွေကိုတော့ တစ်ပတ်လည် ပြန်လည်အသုံးပြုဖို့အတွက် နည်းပညာအကူအညီဖြင့် ချည်မျှင်များဖြစ်အောင် ပြန်လည်ထုတ်လုပ်ကာ H&M ရဲ့ ထုတ်ကုန်တွေမှာ ထည့်သွင်းအသုံးပြုတာဖြစ်ပါတယ်။

၂၀၁၈ မှာတော့ H&M က “Afound” ဆိုတဲ့ Platform တစ်ခုကို စတင်ခဲ့ပြီး H&M အပါအဝင် ကုန်အမှတ်တံဆိပ်ပေါင်း (၃၀၀) ကျော်ဆီက ရောင်းမထွက်တဲ့အဝတ်အထည်တွေကို တင်ကာ (၂၅) ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်းအထိ) ဈေးလျှော့ပြီး ရောင်းချပေးတဲ့ နေရာတစ်ခုအဖြစ်ပြုလုပ်ခဲ့ပြီး ရောင်းမကုန်တဲ့ ပစ္စည်းတွေကို life cycle အသစ်ပေးအပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ “Afound” ကိုတော့ လက်ရှိမှာ ဆွီဒင်နဲ့ နယ်သာလန်မှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

H&M ဟာ အဝတ်အထည်တွေ ကြာရှည်ခံဖို့နဲ့ သေချာထိန်းသိမ်းတတ်စေဖို့ ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း မျှဝေပေးလျက်ရှိပါတယ်။ H&M ရဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းတွေကနေ အသုံးပြုသူတွေအနေနဲ့ အဝတ်အထည်ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းတွေ၊ အကြံဉာဏ်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးထားတဲ့ ရည်ရွယ်ချက်ကတော့ အဝတ်အထည်တွေရဲ့ သက်တမ်းပိုမိုကြာရှည်စေဖို့နဲ့ စွန့်ပစ်တဲ့အခါမှာ ပြန်လည်အသုံးပြုဖို့ကို အထောက်အကူ ဖြစ်စေဖို့ ဖြစ်ပါတယ်။

ယခုအချိန်မှာဆိုရင်တော့ H&M ရဲ့ Supply Chain (၅၇) ရာခိုင်နှုန်းလောက်က Recycled material တွေကိုအသုံးပြုကာ ထုတ်လုပ်မှုတွေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ချည်မျှင်၊ ချည်စ၊ နိုင်လွန်၊ ဝါဂွမ်း၊ သိုးမွှေး၊ ပေါ်လီစတာ စတဲ့ ကုန်ကြမ်းတွေကိုလည်း တစ်ပတ်လည်အသုံးပြုစနစ်ကို အကောင် အထည်ဖော်ကာ ထုတ်လုပ်သုံးစွဲနေတာပဲ ဖြစ်ပါတယ်။ H&M က အသုံးပြုတဲ့ချည်မျှင်တွေရဲ့ (၉၅) ရာခိုင်နှုန်းက ပြန်လည်အသုံးပြုနိုင်တဲ့ ချည်ဖြစ်အောင် စီမံထားတာပဲဖြစ်ပါတယ်။

H&M non-profit Foundation ကိုလည်း တည်ထောင်ထားပြီး အဝတ်အထည်လုပ်ငန်းစုတွေရဲ့ sustainability ဖြစ်စေဖို့ နည်းပညာတွေ၊ လုပ်ငန်းပိုင်းတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Foundation ကိုတော့ H&M Group ရဲ့ တည်ထောင်သူတွေကပဲ ၂၀၁၃ ခုနှစ်ကစပြီး (၁.၇) ဘီလီယံ ဆွီစ်ခရိုနာ မတည်ငွေဖြင့် တည်ထောင်ထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဝတ် အထည်တွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းများကို လျှော့ချလာတာ၊ energy စွမ်းအင်များ ပြန်လည် ထုတ်လုပ်လာနိုင်အောင်နဲ့ ထုပ်ပိုးမှုအပိုင်းမှာလည်း တစ်ကြိမ်သာအသုံးပြုပြီး အမှိုက်ဖြစ်သွားမယ့် ပစ္စည်းများကို လျှော့ချခြင်းများပြုလုပ်ကာ ရေ၊ လေ၊ မြေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

H&M ရဲ့ recycling, sustainability ဆိုင်ရာလုပ်ဆောင်မှုတွေကို တချို့ကလည်း “Green Washing” အယောင်ပြလုပ်တာဆိုပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် H&M ကတော့ သူတို့ရဲ့ ရပ်တည်မှု၊ ရည်မှန်းချက်တွေကို ထုတ်ပြန်ကြေညာထားကာ လက်တွေ့မှာလည်း လုပ်ဆောင်နေတဲ့ ဖက်ရှင်လုပ်ငန်းစုကြီး အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။

Ref: https://ic-ce.com/case-study-hm/

https://www2.hm.com/en_sg/sustainability-at-hm.html

Daw May Thet Hnin

MBA (Heriot-Watt University)