စီးပွားရေးကျဆင်းနေတဲ့ကာလအတွင်း မိမိလုပ်ငန်းကြီးထွားဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာများ

စီးပွားရေးကျဆင်းနေတဲ့ ကာလအတွင်းမှာ ကုမ္ပဏီတွေက တကယ်ကိုပဲ သူတို့ရဲ့လုပ်ငန်းကို အားကောင်း လာအောင်ဆောင်ရွက်နိုင်ပါသလား။ စီးပွားရေးခက်ခဲနေတဲ့အချိန်တွေမှာ သူတို့ရဲ့ ပြိုင်ဘက်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေအပေါ်မှာ အကျိုးရှိအောင် သူတို့ဘာတွေလုပ်လို့ရပါသလဲ။ သင့်မှာ ခိုင်မာတဲ့ ငွေစာရင်းလက်ကျန်ရှင်းတမ်း၊ အကြွေးနည်းနည်းနဲ့ ငွေသား အများအပြားရှိတယ် ဆိုကြပါစို့။ သင်ဟာ အဲ့ဒီအားသာချက်တွေကိုသုံးပြီး သိသိသာသာအားနည်းနေတဲ့ ပြိုင်ဘက်တွေကို ဘယ်လို အနိုင်ယူကြမလဲ။ Apple ကုမ္ပဏီရဲ့ အဓိက မဟာဗျူဟာကတော့ Research and Development အတွက် အသုံးစရိတ်ကို မြှင့်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးအကျဘက်မှ အလှည့်အပြောင်း ပြန်ဖြစ်သွားတဲ့အခါမှာ သူတို့ရဲ့ ပြိုင်ဘက်များထက် ရှေ့ရောက်နေခဲ့ပါတယ်။

အဲ့ဒီကာလကြီး ပြီးသွားတဲ့နောက်မှာ Apple က ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ Apple မှာ အထင်ကြီးစရာကောင်းလောက်တဲ့ ငွေစာရင်း ရှင်းတမ်းတွေ၊ ငွေသားအမြောက်အမြားရှိပြီး ပေးစရာအကြွေးတွေလည်း မရှိပါဘူး။ တကယ်လို့ သင့်လုပ်ငန်းမှာလည်း အဲ့ဒီလိုအားသာချက်တစ်ခုခုရှိရင် အဲ့ဒါကိုအသုံးပြုပြီး ကိုယ့်ရဲ့ ပြိုင်ဘက်များ ထက်တောင်မှ ပိုပြီး အင်အားကြီးလာအောင်လုပ်ဆောင်နိုင်ပါတယ်။

အောက်ဖော်ပြပါ အဆင့် (၄) ဆင့်ကို သင့်ရဲ့ကုမ္ပဏီက ယခုပင် စဉ်းစားသင့်ပါတယ်။

ပထမဦးစွာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ သေချာစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ။ အဲ့ဒီလိုပြုလုပ်ခြင်းအားဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်လာတဲ့အခါမှာ ကုန်ပစ္စည်းအသစ်များနဲ့ ဝန်ဆောင်မှု အသစ်များ စျေးကွက်ကို စတင်ဖြန့်ဖြူးဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့ပြိုင်ဘက်များဟာ သူတို့မှာ ပေးစရာအတိုးတွေ များနေချိန်၊ ဝင်ငွေအများအပြား ကျဆင်းနေချိန်တွေမှာ Research and Development (သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု) အပေါ် ငွေကြေးသုံးစွဲမှုကို လျှော့ချကောင်းလျှော့ချနိုင်ပါတယ်။ ယခုအချိန်မှာ သင့်ရဲ့ရင်းနှီးမြှုပ်နှံမှုကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်လိုက်ပါက လာမယ့်နှစ်တွေမှာ ခိုင်မာတဲ့ ထုတ်ကုန်အားသာချက်ကို ရရှိမှာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ သင့်ရဲ့ တချို့အချိန်တွေကို အားအနည်းဆုံးသော ပြိုင်ဘက်ရဲ့ဝယ်ယူစားသုံးသူတွေကို လေ့လာခြင်းအားဖြင့် အသုံးချပါ။ သင်ဟာ သူတို့ရဲ့ အရေအတွက်များပြားပြီး ဝယ်ယူနှုန်းမြင့်တဲ့ Customer များနောက်သို့ လိုက်ချင်လိုက်ပါလိမ့်မယ်။ သို့ပေမဲ့ ဒီနေရာမှာသတိထားရမှာက သင့်ရဲ့ ပြိုင်ဘက်တွေဟာ အဲ့ဒီ Customer တွေကို လက်မလွှတ်ရအောင် အပြင်းအထန် ကြိုးစားကောင်း ကြိုးစားနေပါလိမ့်မယ်။ သူတို့ဆီမှာ အရေအတွက် ပိုနည်းတဲ့ Customer တွေကို အာရုံစိုက်ဖို့ အချိန်နဲ့ ရင်းမြစ် ရှိမနေတာလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ ကိုယ့်ရဲ့လုပ်ငန်းအတွက် အလားအလာရှိတဲ့ Customer တွေကို အာရုံစိုက်ပါ။ သူတို့ဟာ သင့်ရဲ့ လုပ်ငန်းကြီးထွားမှုအတွက် မျှော်လင့်ချက်တွေ ဖြစ်သလို သင့်လုပ်ငန်းရဲ့ ငွေကြေးအင်အား တောင့်တင်းဖို့အတွက်လည်း အထောက်အပံ့ကောင်းတွေ ပေးနိုင်ပါတယ်။

တတိယအနေနဲ့ သင့်ရဲ့ အဓိကအကျဆုံး ကုန်ပစ္စည်းထောက်ပံ့သူများနဲ့ ဖြန့်ဝေသူများကို သတ်မှတ်ပါ။ စီးပွားရေးကျဆင်းမှုကြောင့် သူတို့ရဲ့စီးပွားရေးကို ဆိုးရွားစွာ ချွတ်ယွင်းနိုင်တဲ့ အလားအလာများ ရှိနိုင်လားဆိုတာကို စိစစ်ပါ။ တကယ်လို့ သူတို့ကျရှုံးရင် သင့်လုပ်ငန်းကို ကျရောက်လာနိုင်တဲ့ အန္တရာယ်ကို အကဲဖြတ်ပါ။ အဲ့ဒီစီးပွားရေးကျဆင်းတဲ့ကာလမှာ အဲ့ဒီကုန်ပစ္စည်းထောက်ပံ့သူများနဲ့ ဖြန့်ဝေသူများကို ဘယ်လိုနည်းနဲ့ ကူညီနိုင်လဲဆိုတာကို ဆန်းစစ်ပါ။ အသေးငယ်ဆုံး လုပ်ဆောင်မှု တစ်ခုလေးအစ တစ်ခါတလေမှာ နောက်နှစ်တွေအထိ ပေးဆပ်ဖို့ ထိုက်တန်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပြန်အလှန် သစ္စာစောင့်သိမှုမျိုးကို တည်ဆောက်နိုင်ပါတယ်။

နောက်ဆုံးအဆင့်ကတော့ သင့်ဝန်ထမ်းကောင်းတွေရဲ့ လိုအပ်မှုများ (Needs) ကို သေချာစွာ စဉ်းစားပေးပါ။ အားနည်းတဲ့ ကုမ္ပဏီအနေနဲ့ကတော့ ဝန်ထမ်းတွေကို ဖြုတ်ပစ်ပါလိမ့်မယ်။ အဲ့ဒီအခါ ထို ကောင်းမွန်တဲ့လူတွေက အလုပ်တွေရှာနေပါလိမ့်မယ်။ တခြားကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကတော့ အလုပ်ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရုန်းကန်းနေရတဲ့လုပ်ငန်းကို မနှစ်သက်တော့ တာမျိုး၊ အထင်မကြီးတော့တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ အလုပ်သမား စျေးကွက်မှာ လျော့ရဲမှုတွေ ရှိနေပါလိမ့်မယ်။ သို့ပေမဲ့ အဲ့ဒီအခွင့်အရေးတွေကို အသုံးချပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ကိုယ့်ရဲ့ လုပ်ငန်းမှာ ဆက်လက်ထားရှိဖို့ ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးကျဆင်းနေတဲ့ကာလမှာ ရင်းနှီးမြှုပ်နှံမှု ဘယ်လိုလုပ်ကိုင်သင့်လဲဆိုတာကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ များသောအားဖြင့် ကမ္ဘာတစ်ဝန်း လုပ်ကိုင်လေ့ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကတော့ အများကြီးပါပဲ။ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငွေသားက စီးပွားရေး ကျဆင်းတဲ့အချိန်မှာ အရေးပါတဲ့ အရာဖြစ်ပါတယ်လို့ Citi Global Wealth ရဲ့ အကြံပေး Michelle Griffith က ပြောကြားထားပါတယ်။ သို့ပေမဲ့လည်း အဲ့ဒီကာလအတွင်း ရှိတာတွေ ရောင်းချပြီး ငွေသားစုဆောင်းခြင်းကတော့ အရမ်းကို အန္တရာယ်များတဲ့ ဆောင်ရွက်မှုမျိုး ဖြစ်ပါတယ်။ သင်ဟာ အချိန်မတိုင်ခင် ရောင်းချပြီး စျေးတက်တဲ့အခါမှာ ငွေသားနဲ့ ပိတ်မိထားသလိုလည်း ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့် ပိုကောင်းတဲ့ နည်းဗျူဟာကတော့ စီးပွားရေးကျဆင်းမှုကို ကြံ့ကြံ့ခံနိုင်ဖို့ ကောင်းမွန်တဲ့အနေအထားရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများဆီ ကူးပြောင်းဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု များမှ တချို့ကိုငွေသားအဖြစ်ထားရှိခြင်းက ပိုပြီးသင့်တော်တဲ့ရွေးချယ်မှုမျိုး ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် Money Market Mutual Fund (ကာလတို၊ အန္တရာယ်နည်းတဲ့ အကြွေးငွေချေးစာချုပ်များကို ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကြေးအဖြစ်စုဆောင်းဖို့ ရင်းနှီးမြှုပ်နှံထားခြင်း) ကို ဆိုလိုပါတယ်။

(၂) အစုရှယ်ယာပေါ်မှာ အမြတ်ရတဲ့ စတော့ (Dividend Stocks) တွေမှာ ရင်းနှီးမြှုပ်နှံပါ။ စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ အကောင်းဆုံးသော Dividend Stocks တွေက သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု များအတွက် အထောက်အပံ့သဖွယ် လုပ်ဆောင်ပေးနိုင်ပါတယ်။ တကယ်လို့ ကုမ္ပဏီရဲ့စတော့ စျေးကွက်ကျနေရင်တောင်မှ ကုမ္ပဏီက သင့်ကို အမြတ်ဝေစုကတော့ ဆက်ပေးနေမှာ ဖြစ်ပါတယ်။ အမြတ်ဝေစုတွေဟာ ခိုင်မာမှုကို ညွှန်ပြနိုင်သလို၊ စျေးကွက်မတည်ငြိမ်နေတဲ့ အချိန်မှာ Dollar-cost average အား နည်းလမ်းတစ်ခုအနေနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ Dollar-cost averaging (DCA) ဆိုတာကတော့ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအလုံးစုံပေါ်မှာ စျေးကွက်မတည်ငြိမ်ခြင်းရဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်တဲ့ မဟာဗျူဟာမြောက် ရင်းနီးမြှုပ်နှံမှုမျိုးပဲ ဖြစ်ပါတယ်။

စီးပွားရေးကျဆင်းမှု ကြုံနေရစဉ်မှာ ရင်းနှီးမြှုပ်နှံသူများဟာ နောက်ဆုံးရ စီးပွားရေးသတင်းတွေအပေါ် လွန်ကဲစွာတုံ့ပြန်မှုမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ စျေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အားထုတ်မှု အပေါ် ဆုချီးမြှင့်တယ်ဆိုတဲ့ ကိစ္စရပ်တွေမရှိတာကြောင့် သေချာစွာ စဉ်းစားတွေးခေါ်ထားတဲ့ ရေရှည်မြှုပ်နှံမှု အစီအစဉ်များကိုသာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Reference:

4 Steps to Growth During a Recession. Available at: 4 Steps to Growth During a Recession (hbr.org) (Accessed: 24 April 2024).

How To Invest During A Recession. Available at: How To Invest During A Recession – Forbes Advisor (Accessed: 24 April 2024).

Why investors shouldn’t overreact to talk of a recession. Available at: Why investors shouldn’t overreact to talk of a recession | Vanguard UK Professional (Accessed: 24 April 2024).

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand