“လုပ်ငန်းရှင်တွေ သဘောကျတဲ့ ခေါင်းဆောင်မှုစွမ်းရည်များ”

လက်ရှိကာလမှာ သင်ဟာ လုပ်ငန်းခွင်အတွင်းမှာ ခေါင်းဆောင်မှုနေရာတစ်ခုကို ရှာဖွေနေတဲ့ သူတစ်ယောက် ဆိုရင် လျင်မြန်စွာ ပြောင်းလဲနေတဲ့ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းခွင်တွေမှာ ထက်မြက်ခိုင်မာတဲ့ ခေါင်းဆောင်မှု စွမ်းရည်များကို သိထားဖို့ လိုအပ်ပါတယ်။ အမှုဆောင်အရာရှိချုပ်များမှအစပြုပြီး အကြီးတန်းစီမံခန့်ခွဲမှုအထိ ဒီအရည်အချင်းတွေကို ရာထူးများနဲ့ တာဝန်အမျိုးမျိုးမှာ အသုံးချနိုင်ပါတယ်။ ဒီစွမ်းရည်များကို ကုန်ထုတ်စွမ်း အားမြှင့်တင်ဖို့၊ စိတ်ဓာတ်မြှင့်တင်ဖို့၊ ဆန်းသစ်တီထွင်မှုကို လှုံ့ဆော်ဖို့နဲ့ ပြဿနာများကိုဖြေရှင်းရာမှာ ကူညီဖို့ အသုံးပြုနိုင်ပါတယ်။  ဒါ့အပြင် ကုမ္ပဏီများဟာ ရေရှည်မြင်နိုင်စွမ်းကို တိုးမြှင့်ဖို့၊ အမြဲပြောင်းလဲနေတဲ့ စျေးကွက်ပုံစံများနဲ့ စားသုံးသူများရဲ့ လိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းခြင်းဖြင့် စွမ်းဆောင်ရည်မြင့်ခေါင်းဆောင်များဟာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လုပ်ငန်းခွင်တွေကို ဖန်တီးပေးစွမ်းနိုင်စွမ်း ရှိကြပါတယ်။
ဒါကြောင့်  အလုပ်ရှင်များဟာ ဒီလိုအရေးကြီးတဲ့ အရည်အချင်းများစွာ ပိုင်ဆိုင်ကြတဲ့ ခေါင်းဆောင်လောင်းများကို အမြဲတမ်း ရှာဖွေနေလေ့ရှိပါတယ်။ ဒါဆိုရင် ဘယ်လိုအရည်အချင်းတွေကို သင့်အနေနဲ့ ထိရောက်စွာ လေ့ကျင့် ပြုစုပျိုးထောင်နိုင်ဖို့ လိုအပ်ပါသလဲ?

လုပ်ငန်းရှင်အများစု သဘောကျနှစ်ခြိုက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်ငါးခုစာရင်းကို အောက်မှာဖော်ပြသွားပါမယ်။

1. ဆက်သွယ်ပြောဆိုဆက်ဆံနိုင်တဲ့ အရည်အချင်း။
အလုပ်ရှင်တစ်ဝက်နီးပါး (45.2%) ဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ဆက်သွယ်‌ပြောဆို ဆက်ဆံတတ်ခြင်းဟာ  အရေးကြီးဆုံး အရည်အသွေးတစ်ရပ်ဖြစ်ကြောင်း သဘောတူကြပါတယ်။  ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင်  စကားပြောခြင်း၊ နားထောင်တတ်ခြင်း၊ စာရေးခြင်းနဲ့ အမြင်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းအပါအဝင် အဓိက ကျွမ်းကျင်မှုများစွာကို ပြောချင်တာဖြစ်ပါတယ်။  ဒါတွေက လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ အရည်အချင်းတွေ ဖြစ်ပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ဝန်ထမ်းများအတွက် သူတို့လိုအပ်တဲ့ အချက်အလက် များနဲ့ ရည်မှန်းချက်များ၊ ပရောဂျက်များနဲ့ အလုပ်တာဝန်များကို သတ်မှတ်ရာမှာ ဆက်သွယ်ပြောဆိုနိုင်ခြင်းဟာ အရေးပါလှပါတယ်။ လုပ်ဖော်ကိုင်ဖက်များနဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ရာမှာလည်း အရေးပါပါတယ်။ ဒါတင်မကဘဲ ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံမှုမရှိပါက အမှားတွေနဲ့ နားလည်မှုလွဲတာတွေ ရှိနိုင်ပါတယ်။

2. လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း။

လုပ်ငန်းခွင်အတွင်းမှာ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းဟာ များစွာအရေးကြီးလှပါတယ်။ သင့်လုပ်ဖော် ကိုင်ဖက်များ၊ ဝယ်ယူသုံးစွဲသူများနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းနိုင်ခြင်းဟာ သင်နေ့စဉ်အသုံးပြု နိုင်တဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။  လူမှုဆက်ဆံရေးကောင်းမွန်ခြင်းမှာ တက်ကြွစွာ နားထောင် တတ်ခြင်း၊ အဖွဲ့လိုက်လုပ်ဆောင်တတ်ခြင်း၊ စည်းရုံးဆွဲဆောင်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပဋိပက္ခ ဖြေရှင်းခြင်းအပါအဝင် ခေါင်းဆောင်မှုများအတွက် အရေးကြီးတဲ့  အရည်အချင်းများစွာ ပါဝင်ပါတယ်။

3. ပြဿနာဖြေရှင်းနိုင်စွမ်းရှိခြင်း။

 ပြဿနာဖြေရှင်းနိုင်စွမ်းရှိခြင်းဟာ အခန်းကဏ္ဍအများစုအတွက် အဓိကကျွမ်းကျင်မှုတစ်ခု ဖြစ်ပေမယ့် သင့်အနေနဲ့ လုပ်ငန်းခွင်မှာ ခေါင်းဆောင်မှုရာထူးတစ်ခုအနေနဲ့ တာဝန်ယူရတဲ့အခါ ဒီအရည်အချင်းက ပိုပြီး အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာ နေ့စဥ် မတူညီတဲ့ စိန်ခေါ်မှုတွေကြုံရမှာ မလွှဲမသွေပါပဲ။ အဲ့ဒီအခါ ပြဿနာကို ရှောင်ပြေးနေလို့ မရပါဘူး။ သင့်မှာ ဒီလို ပြဿနာ‌တွေကို ဖြေရှင်းနိုင်တဲ့ အစွမ်းအစတွေ ရှိဖို့လိုပါတယ်။

4. ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိခြင်း။

 ခေါင်းဆောင်တွေအတွက် ထက်မြက်ပြတ်သားဖို့လိုအပ်ပြီး လုပ်ငန်းကို အပြုသဘောဆောင်တဲ့ သက်ရောက်မှု ဖြစ်စေမယ့် ထိရောက်မှန်ကန်စွာ  ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်ပါတယ်။  တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ဖိအား (pressure) အောက်မှာ ဆုံးဖြတ်ချက်ချရတဲ့ အခြေအနေမျိုးလည်း ကြုံနိုင်ပါတယ်။ ဒီအခါမှာ  အချိန်တိုတွင်း ထိရောက်စွာ ဆုံးဖြတ်နိုင်စွမ်းက အရေးပါလှပါတယ်။

5. လုပ်ငန်းတာဝန်များ ခွဲဝေပေးတတ်ခြင်း။

 နောက်ဆုံးအနေနဲ့ ခေါင်းဆောင်တွေမှာ သက်ဆိုင်ရာ လုပ်ငန်းတာဝန်တွေကို သင့်တော်တဲ့  အဖွဲ့ဝင်များထံ ခွဲဝေ လွှဲပြောင်းနိုင်တာကလည်း အရည်အချင်းတစ်ရပ်ပါပဲ။ သင့်အနေနဲ့ ခေါင်းဆောင်ရာထူးတစ်ခုရတဲ့အခါ အရာရာ တိုင်းကို ကိုယ်တိုင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။  ဒါကြောင့် သင့်တော်တဲ့ မိမိအဖွဲ့ဝင်များကို သင့်တော်တဲ့ အလုပ်များ ခွဲဝေပေးတတ်ခြင်းဖြင့် သင့်ရဲ့ထိရောက်တဲ့ လုပ်ငန်းခွဲဝေမှုစွမ်းရည်ကို ပြသနိုင်ခြင်းဟာ လုပ်ငန်းခွင်အဖွဲ့အစည်း များအတွက် အရေးကြီးလှပါတယ်။   

ဒါ့အပြင် စွမ်း‌ဆောင်ရည်အပေါ်အခြေခံပြီး သင့်အဖွဲ့ဝင်များနဲ့ လုပ်ဖော်ကိုင်ဖက်များကို အလုပ်တာဝန်များ ခွဲ‌ဝေပေးအပ်နိုင်မှုဟာ အလုပ်များနဲ့ ပရောဂျက်များကိုကိုင်တွယ်ဖို့ သင်ဟာ အသင့်တော်ဆုံးသူဖြစ်‌‌ကြောင်း တစ်နည်းတစ်ဖုံ စွမ်းဆောင်ရည်မြင့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်းကို ပြသနိုင်‌‌ပါတယ်။ ဒါတင်မကဘဲ အလုပ်တာဝန်များကို ထိရောက်စွာ ခွဲဝေပေးနိုင်ခြင်းဟာ အချိန်စီမံခန့်ခွဲမှုအတွက်လည်း  အရေးပါပါတယ်။ အချိန်စီမံခန့်ခွဲနိုင်စွမ်းရှိခြင်းကလည်းပဲ  လုပ်ငန်းခွင်များမှာ နောက်ထပ်အရေးကြီးတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ လုပ်ငန်းဆောင်တာများကို သင့်တင့် လျောက်ပတ်စွာ ခွဲဝေပေးနိုင်ခြင်းအားဖြင့် အချိန်၊ လုပ်အား၊ ကုန်ကျစားရိတ် စတဲ့ အလေအလွင့် ဖြစ်နိုင်ခြေ တွေကိုလည်း  ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲနိုင်လေ့ရှိကြပါတယ်။

 

ဒီ​ဆောင်းပါးကို Forbes ​မှာ ရေးသားထား​တဲ့  “5 Essential Leadership Skills Employers Are Looking For” ဆောင်းပါးမှ ​ကောက်နုတ်ပြီး ဆီ​လျော်​အောင် ဘာသာပြန်ဆိုထားပါတယ်။

https://www.forbes.com/sites/andrewfennell/2023/10/17/5-essential-leadership-skills-employers-are-looking-for/?sh=4d99cf207289

Daw Hninn Pwint Oo

B.Com, M.Com (Meikhtila University of Economics)