ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အထင်ကရ Structure များအကြောင်း

တိုးတက်လာတဲ့နည်းပညာ၊ လူမှုအဆင့်အတန်းတို့နဲ့အတူ လူသားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ Infrastructure တွေဟာလည်း ဖန်တီးမှုဆန်းသစ်လာကြပါပြီ။ အဆောက်အုံနဲ့ အိမ်ရာတိုက်တာတွေက လူသားတွေ လုံလုံခြုံခြုံနေထိုင်နိုင်ဖို့အတွက်ဆိုတဲ့ သမားရိုးကျယူဆချက်ကနေ ရုန်းထွက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားဖို့နဲ့ နိုင်ငံတစ်ခုရဲ့ အထင်ကရပြယုဂ်အဖြစ်ပါ ထည့်သွင်းစဉ်းစားလာကြတာဖြစ်ပါတယ်။ Infrastructure တွေ တိုးတက် လာခြင်းက နိုင်ငံတစ်ခုတိုးတက်ဖို့အတွက် အဓိကကျောရိုးတစ်ခုလိုတင်စားလို့ ရပါတယ်။ အင်ဂျင်နီယာတွေက တိုးပွားလာတဲ့လူဦးရေနဲ့ ကိုက်ညီပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ Infrastructure တွေကို ဖော်ဆောင်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မတူညီတဲ့လုပ်ငန်းဆောင်တာ၊ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက် ထားတဲ့ Structure ကြီးတွေထဲမှာ နေ့စဉ်မြင်တွေ့နေကျ အဆောက်အအုံများကစလို့ တံတားများ၊ ဉမင်လှို ဏ်ခေါင်းများ၊ အားကစားကွင်းများနဲ့ မိုးမျှော်တိုက်များအထိ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဗိသုကာဆိုင်ရာ အရေးပါမှု၊ အင်ဂျင်နီယာပညာရဲ့ ဆန်းကြယ်မှုတို့အပေါ်မူတည်ပြီး ရှေးခေတ်လက်ရာတွေကစလို့ ခေတ်သစ်ပုံစံတွေ အထိ ကမ္ဘာတစ်ဝန်းက ထိပ်တန်းအထင်ကရ Structure တွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

"Great Pyramid of Giza"

The Great Pyramid of Giza က အီဂျစ်နိုင်ငံ၊ Giza မှာ တည်ရှိပြီး ဧရာမရှေးဟောင်းပိရမစ်တစ်ခု ဖြစ်ပါတယ်။ Pharaoh Khufu (ဖာရိုဘုရင် Khufu) ရဲ့သင်္ချိုင်းဂူအဖြစ် တည်ဆောက်ထားတဲ့ Great Pyramid ဟာ Giza Necropolis ရှိ ပိရမစ်သုံးခုအနက် ရှေးအကျဆုံးနဲ့ အကြီးဆုံးဖြစ်ပါတယ်။ အထင်ကြီးစရာကောင်းလောက်တဲ့ တည်ဆောက်မှုနည်းပညာ၊ ရှေးဟောင်းအငွေ့အသက်အပြည့်နဲ့ ပိရမစ်ကြီးကို ဘီစီ ၂၅၀၀ ခန့်က တည်ဆောက် ခဲ့ပါတယ်။ ပိရမစ်ကြီးရဲ့ အမြင့်ဟာ ၁၄၇ မီတာ (၄၈၁ ပေ) ရှိပြီး ပျှမ်းမျှအလေးချိန် ၂ တန်ခွဲရှိတဲ့ ကျောက်တုံးပေါင်း နှစ်သန်းကျော်နဲ့ တည်ဆောက်ထားပါတယ်။ ပိရမစ်ကြီးအလုံးစုံပြီးစီးသွားဖို့အတွက် ကြာချိန်နှစ်ပေါင်း ၂၀ ကျော် အထိ အချိန်ယူခဲ့ရပါတယ်။

"Eiffel Tower"

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ Eiffel Tower ကတော့ ခရီးသွားရတာ နှစ်သက်သူတွေအတွက်တော့ အလည်အပတ်သွားဖို့ အိမ်မက်တစ်ခုဖြစ်မှာ အသေအချာပါပဲ။ အမြင့် ၃၂၄ မီတာ (၁၀၆၃ ပေ) ရှိပြီး ၁၉၃၀ ခုနှစ်က New York မှာတည်ဆောက်ခဲ့တဲ့ Chrysler Building မတိုင်ခင်အထိ အမြင့်ဆုံး Structure တစ်ခုဖြစ်ခဲ့ပါတယ်။ Eiffel Tower ကိုတည်ဆောက်ချိန် အချိန်နှစ်နှစ်ခန့်ကြာမြင့်ပြီး သံသတ္ထုတန်ချိန်ပေါင်း ၇၃၀၀ အသုံးပြုခဲ့ပါတယ်။ ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာပညာရှင် Alexandre Gustave Eiffel ကို လေးစားဂုဏ်ပြုသောအားဖြင့် “Eiffel Tower” လို့ နာမည်ပေးခဲ့တာပါ။ နှစ်ပေါင်း ၁၂၀ ကျော်တဲ့အထိ Eiffel Tower ဟာ ပြင်သစ်နိုင်ငံရဲ့ လည်ပတ်ဖို့ အသင့်တော်ဆုံးနေရာတစ်ခုအဖြစ် ခရီးသွားတွေကိုဆွဲဆောင်နိုင်နေဆဲပဲ ဖြစ်ပါတယ်။

" Burj Khalifa"

အံ့မခန်းတည်ဆောက်မှုကြီးတွေအကြောင်းကိုပြောကြမယ်ဆိုရင် Dubai နိုင်ငံရဲ့ Burj Khalifa က မပါမဖြစ်ပါပဲ။ အဆောက်အအုံကြီးကိုမော့ကြည့်လိုက်မယ်ဆိုရင် မျက်စိတစ်ဆုံးအထိ မဆုံးနိုင်အောင်ကိုမြင့်မားလွန်းပါတယ်။ ကမ္ဘာ့အမြင့်ဆုံး Structure တစ်ခုဖြစ်ပြီး အမြင့် ၈၂၈ မီတာ (၂၇၁၆ ပေ) ရှိကာ Eiffel Tower ထက် (၃) ဆနီးပါး မြင့်ပါတယ်။ Burj Khalifa က အလွန်မြင့်မားတဲ့အဆောက်အအုံတစ်ခုဖြစ်သလို အလှအပကိုဦးစားပေးတဲ့ Project တစ်ခုဖြစ်တာကြောင့် တည်ဆောက်မှုလုပ်ငန်းတွေမှာ သမားရိုးကျနည်းတွေနဲ့ အကောင်အထည်ဖော်လို့ မရပါဘူး။ မြေသားကောင်းမွန်မှုမရှိတဲ့နိုင်ငံဖြစ်လို့ အုတ်မြစ်ချခြင်း (Foundation) လုပ်ငန်းဟာ မီတာ ၅၀ အနက် ရှိပါတယ်။ ပင်မအဆောက်အအုံကြီးရဲ့ ဖွဲ့စည်းပုံမှာ ဝင်ရိုး (၃) ခု (Y Shape) ပုံစံကို အခြေပြုထားပါတယ်။ တြိဂံပုံစံ ဆောက်လုပ် ထားတာဖြစ်လို့ မြင့်မားတဲ့အဆောက်အအုံတွေမှာ ကြုံတွေ့ရတဲ့ wind force သက်ရောက်မှုဒဏ်ကို လျော့နည်းသွားစေပြီး အဆောက်အအုံကို လိမ်သွားစေနိုင်တဲ့အား (Twisting) ကိုလည်း ကြံ့ကြံ့ခံနိုင်စေပါတယ်။

Sydney Opera House"

Australia နိုင်ငံရဲ့ အထင်ကရအလှတရားဖြစ်တဲ့ Sydney Opera House ကတော့ ပြဇာတ်၊ ဂီတနဲ့အကတို့ကို ဦးစားပေးပြသတဲ့ အမျိုးသားအမွေအနှစ်စာရင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။ Precast Concrete Panel (ကြိုတင် သွန်းလောင်းထားသောကွန်ကရစ် Panel ချပ်) ပေါင်း ၁၀၀၀၀ ကျော်အထိအသုံးပြုခဲ့တာဖြစ်ပြီး Sweden နိုင်ငံ Precast စက်ရုံကနေ မှာယူခဲ့ပါတယ်။ အမြင့်ဆုံး အမိုးခုံးကြီးက ၂၁၉.၇၆ ပေအမြင့်ရှိပြီး ဒါဟာ ၂၂ ထပ် အဆောက်အအုံနဲ့ ညီမျှပါတယ်။ အဆောက်အအုံကြီးထဲမှာတော့ Drama Hall, Opera Hall, Concert Hall, Studio Hall နဲ့ Playhouse စတဲ့ ခန်းမကြီးတွေအသီးသီးရှိပြီး Concert Hall ကတော့ ထိုင်ခုံပေါင်း ၂၆၇၉ ခုံပါဝင်တဲ့ အကြီးဆုံးသောခန်းမကျယ်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် ဒီဇိုင်းပိုင်းအရ ခေတ်မီလှပနေဆဲဖြစ်တာကြောင့် လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ဗိသုကာလက်ရာပြောင်မြောက်တဲ့ အဆောက်အအုံတစ်ခုအဖြစ် ရပ်တည်နေတုန်းပါပဲ။

"Hoover Dam"

Arizona နဲ့ Nevada နယ်စပ်မှာတည်ဆောက်ထားတဲ့ Hoover Dam က ကွန်ကရစ်နဲ့ပြုလုပ်ထားတဲ့ ဧရာမရေကာတာကြီးတစ်ခု ဖြစ်ပါတယ်။ Colorado မြစ်ကြောင့် ရေကြီးတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် တည်ဆောက်ခဲ့တာပါ။ ရေကာတာကြီးကိုတည်ဆောက်တာမှာ ကွန်ကရစ် ကုဗကိုက် ၃ သန်းကျော်ကို ကြီးမားတဲ့ ကွန်ကရစ်တုံးများအဖြစ် သွန်းလောင်းကာ အသုံးပြုခဲ့ပါတယ်။ ၁၉၃၀ ဝန်းကျင်အချိန်က ထုထည်များ လွန်းလှတဲ့ ကွန်ကရစ် Structure ကြီးတွေကို တည်ဆောက်တဲ့အတွေ့အကြုံနည်းသေးတာဖြစ်လို့ နည်းပညာပိုင်း ပြဿနာတွေ ရှိခဲ့ပြီး ဆိုးရွားတဲ့ရာသီဉတု၊ facility တွေမပြည့်စုံတာတွေကြောင့် အခက်အခဲအများကြီး ရှိခဲ့ပါတယ်။ အခက်အခဲ တွေရှိခဲ့ပေမယ့် နဂိုသတ်မှတ်ထားတဲ့အချိန်ထက် နှစ်နှစ်ခန့်စောကာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အခုအချိန်ထိ United States ရဲ့ အထင်ကရနေရာတစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။

"Golden Gate Bridge"

United States အတွက် အထင်ကရဖြစ်တဲ့ Golden Gate Bridge ကတော့ California၊ San Francisco မှာ တည်ရှိပါတယ်။ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ၁၉၃၇ ခုနှစ်မှာ Golden Gate Bridge က အမြင့်ဆုံးနဲ့ အရှည်ဆုံးသော ကြိုးတံတားတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Suspension Bridge တွေအတွက် စံနမူနာပြုစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ လမ်းနဲ့ ပင်မတာဝါတိုင်ကြီးနှစ်ခုကို ပံ့ပိုးထိန်းညှိဖို့အတွက် Steel Wire အရှည် ၈၀၀၀ မိုင်ကိုပူးကျစ်ပြီး အသုံးပြုထားပါတယ်။ ဗိသုကာပညာရှင် Irving Morrow က ပတ်ဝန်းကျင်ရှုခင်းတွေနဲ့ လိုက်ဖက်ညီပြီး မြူတွေထူတဲ့အခါမှာလည်း သ‌င်္ဘောတွေက တံတားကြီးကိုမြင်ရဖို့အတွက် ရည်ရွယ်ပြီး လိမ္မော်ရောင်ရဲရဲအရောင်ကို ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ တခြားတံတားတွေက အရွယ်အစား ပိုကြီးပြီး တည်ဆောက်လာကြပေမယ့် Golden Gate Bridge ရဲ့ ခမ်းနားထည်ဝါမှုကိုတော့ နှိုင်းယှဉ်လို့ မရနိုင်သေးပါဘူး။

CivilHex Art & Engineering Website မှ Arjun Barman ရေးသားထားတဲ့ “The Top 10 Civil Structures of All Time” ဆောင်းပါးအားဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

https://civilhex.com/top-10-civil-structures/

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University