Make Time : How To Focus On What Matters Every Day

ဒီတစ်ခေါက် review လုပ်ပေးသွားချင်တဲ့ စာအုပ်ကတော့ Google က product designer နှစ်ဦးဖြစ်တဲ့ Jake Knapp နဲ့ John Zeratsky တို့ ရေးသားထားတဲ့ Make Time ဆိုတဲ့စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ စာရေးသူနှစ်ယောက်က သူတို့ရဲ့ ကိုယ်တွေ့အတွေ့အကြုံပေါ်မှာအခြေခံပြီး ဘဝအတွက်အရေးကြီးတဲ့အရာတွေအတွက် အချိန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးထားပါတယ်။ ဒီ Make Time ဆိုတဲ့ စာအုပ်က တခြား Productivity နဲ့ Time Management စာအုပ်အများစုမှာ ရေးကြသလို၊ အချိန်တိုအတွင်း အလုပ်များများပြီးဖို့၊ efficiency တက်ဖို့နည်းလမ်းတွေကိုရေးသားထားတာမဟုတ်ပါဘူး။

ဒီစာအုပ်ထဲမှာဆိုရင် ကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတွေပေါ်မှာ အချိန်ပေးနိုင်ဖို့၊ အာရုံစိုက်နိုင်ဖို့နဲ့ Quality Time ပိုဖန်တီးနိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းစနစ်တွေကို ရေးသားပေးထားတာဖြစ်ပါတယ်။ ယနေ့ ၂၁ ရာစုခေတ်မှာ ကျွန်တာ်တို့ရဲ့အချိန်တွေကို အဓိကပြိုင်လုနေတဲ့ အကြောင်းရင်း (၂) ခု ရှိတယ်လို့ စာရေးသူက ပြောပြထားပါတယ်။ ပထမတစ်ခုကတော့ Busy Bandwagon လို့ခေါ်တဲ့ အမြဲမပြတ် အလုပ်ရှုပ်နေတဲ့အလေ့အထပါ။ အဆုံးမသတ်နိုင်တဲ့ Meeting တွေ၊ schedule တွေ၊To do list တွေဟာ Busy Bandwagon တွေပါပဲ။

ဒုတိယတစ်ခုကတော့ Infinity Pool လို့ခေါ်တဲ့ မဆုံးနိုင်တဲ့ content တွေကို ထိုင်ကြည့်လို့ရတဲ့ Application တွေ TV Channel တွေပါ။ Facebook, Youtube short, tik tok စတဲ့ social media app တွေဟာ infinity Pool တွေပဲဖြစ်ပါတယ်။ ဒီ Busy Bandwagon နဲ့ Infinity Pool ဟာကျွန်တော်တို့အားလုံးရဲ့ lifestyle တွေထဲမှာ အသားကျနစ်ဝင်နေတဲ့ အရာနှစ်ခုပဲဖြစ်ပါတယ်။ အဆုံးမသတ်နိုင်တဲ့ To do list တွေကို မြန်မြန်ပြီးအောင်လုပ်မယ်။ ပိုတဲ့အချိန်တွေမှာ အကြောင်းရင်း သေချာချာမရှိ၊ တွေတွေဝေဝေနဲ့ လက်ကအလိုအလျောက် tik tok က video တွေထိုင်ကြည့် နေမယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ တန်ဖိုးရှိတဲ့အချိန်တွေဟာ ကျွန်တော်တို့အတွက် တကယ်အရေးပါတဲ့ နေရာတွေမှာမသုံးဖြစ်တော့ဘဲ Busy Bandwagon နဲ့ infinity pool ကြားမှာပဲ ကုန်ဆုံးသွားပါတော့တယ်။

ဒီဟာတွေအကုန်လုံးအတွက်အဖြေက productivity လည်း မဟုတ်ပြန်ပါဘူး။ အလုပ်တွေမြန်မြန်ပြီးအောင် လုပ်လည်း နောက်ထပ်လုပ်စရာတွေက ထပ်ပေါ်လာနေမှာဖြစ်လို့ hamster wheel မှာ ပြေးနေသလိုပဲ သံသရာလည်နေမှာပါ။ ဒီ make time ဆိုတဲ့ စာအုပ်ထဲမှာ ကျွန်တော်တို့ အားလုံးအသားကျနေတဲ့ lifestyle ကြီးကို ချိုးဖျက်ပြီး ကျွန်တော်တို့အတွက် တကယ်အရေးကြီးတဲ့အရာတွေအတွက် အချိန်ပေးဖို့အတွက် လက်တွေ့ကျတဲ့ နည်းစနစ်တွေကိုဆွေးနွေးပေးထားပါတယ်။ ဒီနည်းစနစ်ကိုတော့ စာရေးသူနှစ်ယောက်က Make Time Framework လို့နာမည်ပေးထားပါတယ်။ ဒီ Framework ထဲမှာဆိုရင် Highlight, Laser, Reflect and Energize ဆိုတဲ့ အဆင့် (၄) ဆင့် ပါဝင်ပါတယ်။ Highlight အခန်းမှာ တစ်နေ့တာအတွက် မိမိအတွက်တကယ်အရေးကြီးတဲ့အရာတစ်ခု (highlight) ကို ဘယ်လို ရွေးချယ်သတ်မှတ်ရမလဲဆိုတဲ့ နည်းစနစ်တွေကိုဆွေးနွေးပေးထားပါတယ်။ သင့်ရဲ့ highlight က မတွေ့တာ ကြာတဲ့သူငယ်ချင်းတွေနဲ့ မုန့်တူတူသွားစားတာကနေ Youtube channel တစ်ခုထောင်တာ၊ စီးပွားရေးတစ်ခု စလုပ်ဖို့အတွက်လိုအပ်တာတွေက ပြင်ဆင်တာတွေအထိ ဖြစ်နိုင်ပါတယ်။

Laser ဆိုတဲ့အဆင့်မှာတော့ မိမိတို့ရဲ့ Highlight ကိုအာရုံစူးစိုက်ပြီးလုပ်နိုင်ဖို့အတွက် Distraction တွေ၊ infinity pool ကနေလွတ်မြောက်အောင်လုပ်ဆောင်နိုင်မယ့်နည်းစနစ်တွေကို အကြံပေးဆွေးနွေးပေးထားပါတယ်။ Reflect အခန်းမှာတော့၊ မိမိတို့ကျင့်သုံးခဲ့တဲ့နည်းစနစ်တွေက ဘယ်လောက်အထိ ထိရောက်မှုရှိခဲ့သလဲဆိုတာကို တိုင်းတာနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ ဒီအဆင့်ရဲ့ရည်ရွယ်ချက်ကတော့ နည်းစနစ်တစ်ခုက အလုပ်မဖြစ်ခဲ့ရင် တခြားနည်းစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ပဲဖြစ်ပါတယ်။ မိမိဖြစ်ချင်၊ လုပ်ချင်တာတွေကို စွမ်းအင်ပြည့်ပြည့်နဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေနဲ့ စားသောက်နေထိုင်မှုအတွက်လမ်းညွှန်ချက်တွေကို Energize အခန်းမှာ ဆွေးနွေးပေးထားပါတယ်။

ဒီအခန်းမှာဆိုရင် ဦးနှောက်လန်းစေဖို့ ကော်ဖီကိုစနစ်တကျ ဘယ်လိုအချိန်ရွေးပြီးသောက်သင့် တယ်ဆိုတဲ့ အကြောင်းတွေအပြင် ထိရောက်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေအကြောင်းကို ဆွေးနွေးမျှဝေပေးထားပါတယ်။ နိဂုံးချုပ်အနေနဲ့ ဒီစာအုပ်ထဲမှာ မိမိတို့လိုချင်တဲ့ဘဝကိုပိုင်ဆိုင်ဖို့အတွက် ထိရောက်ပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေကိုဆွေးနွေးပေးထားတာဖြစ်လို့ လူငယ်တွေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်အနေနဲ့ ညွှန်းဆိုလိုက်ရပါတယ်။

Phone Thet Khaing

SFU Media Club

(Undergraduate Programme)