သင်ကြိုးစားဖြေရှင်းနေတာတွေက ပြဿနာအစစ်အမှန်ဟုတ်ရဲ့လား ?

ကျွန်ုပ်တို့ဟာ ပြဿနာတစ်ခုခုကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ နောက်ထပ်၊နောက်ထပ်ပြဿနာအသစ်တွေဆီကို ဦးတည်သွားတတ်ပါတယ်။ လူအများစုက ပြဿနာရဲ့ပင်မအရင်းအမြစ်ကို အပင်ပန်းခံဖြေရှင်းတာထက် အပေါ်ယံမြင်နေရတဲ့ ပြဿနာကိုသာ အလွယ်တကူဖြေရှင်းဖို့ အာရုံစိုက်တတ်ကြတယ်။ ဥပမာ- ပျက်စီးယိုစိမ့်နေတဲ့ အမိုးကိုပြန်မပြင်ဘဲ အိမ်ထဲကမိုးရေတွေကို မိုးရွာတိုင်း သန့်ရှင်းရေးလုပ်နေရသလိုမျိုးပါပဲ။ ဒါကြောင့် ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ဇစ်မြစ်ကို သေချာဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့က နေ့တိုင်းနီးပါး ပုံစံမတူတဲ့ ပြဿနာတွေကို ကြုံတွေ့နေရပေမယ့် လက်ချိုးရေတွက်လို့ရတဲ့လူနည်းစုကသာ ထိထိရောက်ရောက် ဖြေရှင်းနိုင်ကြပါတယ်။

တကယ့်ပြဿနာအမှန်ကဘာလဲ?

ပြဿနာတစ်ခုကိုအဖြေထုတ်ဖို့အတွက် အချိန်တစ်နာရီသာရမယ်ဆိုရင် (၅၅) မိနစ်လောက်ကို ပြဿနာ အကြောင်းစဉ်းစားပြီး ကျန်တဲ့ (၅) မိနစ်ကို ဖြေရှင်းနည်းအတွက်အသုံးပြုမယ်လို့ အဲလ်ဘတ်အိုင်းစတိုင်းက ဆိုခဲ့ပါတယ်။ အဖြေကိုမဆုံးဖြတ်ခင်မှာ ပြဿနာကိုသေသေချာချာနားလည်ဖို့ လိုအပ်ပါတယ်။ ပြဿနာကို ကောင်းကောင်းမွန်မွန် ဖြေရှင်းပြီးဖို့အတွက် နားထောင်ဖို့လိုပါတယ်၊ မေးခွန်းတွေမေးဖို့လိုပါတယ်။ ချက်ချင်း ကောက်ချက်မချဘဲ မတူညီတဲ့ရှုထောင့်နဲ့အမြင်အသီးသီးကို နားလည်ရပါမယ်။ တစ်ခါတစ်ရံမှာ ပြဿနာကို နားမလည်ဘဲ ဖြေရှင်းလိုက်တဲ့အဖြေများက အနာဂတ်မှာ ပိုမိုဆိုးရွားတဲ့ပြဿနာတွေကို ဖန်တီးလာနိုင်ပါတယ်။ ဒါကြောင့် ပြဿနာရဲ့အကြောင်းအရင်းအစစ်အမှန်ကို နက်နက်နဲနဲအဖြေရှာဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်း အစစ်အမှန်ကိုနားမလည်ဘဲ ဆုံးဖြတ်လိုက်တဲ့ဖြေရှင်းချက်တွေဟာ ထိရောက်မှုမရှိသလို မလိုလားအပ်တဲ့ ပြဿနာတွေပါ ထပ်ဆောင်းတိုးလာနိုင်ပါသေးတယ်။ Problem လို့ပြောလိုက်တာနဲ့ ရှင်းရှင်းလင်းလင်း နားမလည်နိုင်တဲ့ ရှုပ်ထွေးမှုတွေ ပါလာပါပြီ။ တစ်ခါတလေ ပြဿနာအကြီးစားကြီးတွေက ဘာမဟုတ်တဲ့ပြဿနာ သေးသေးလေးရဲ့နောက်ကွယ်မှာ ရှိနေတတ်ပြန်တယ်။ လူတွေက ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေအပေါ် မတူညီတဲ့အမြင်တွေ၊ ကွဲပြားတဲ့စိတ်ခံစားမှုတွေ ရှိနေတတ်ပါတယ်။ စိတ်ခံစားမှု၊အမြင်နဲ့ ပုဂ္ဂိုလ်စွဲတွေကြောင့် ရှင်းရှင်းလင်းလင်းတွေးခေါပြီး ဆုံးဖြတ်ချက်ချဖို့ ခက်ခဲသွားစေတယ်။ ပြဿနာများရဲ့ ရှုပ်ထွေးမှု၊ စိတ်ခံစားမှုဆိုင်ရာ ရှုထောင့်များကြောင့် တစ်ခါတလေ ဖြစ်သင့်ဖြစ်ထိုက်တဲ့အဖြေနဲ့ ဆုံးဖြတ်ချက်များကို တိမ်မြုပ်သွားစေပြီး ထိရောက်တဲ့ ဖြေရှင်းနည်းတွေ ရလာဖို့ ခက်ခဲစေပါတယ်။

ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းလို့ရမလဲ?

၁။ ပြဿနာဇစ်မြစ်အစစ်အမှန်ကို ဖော်ထုတ်ပါ။

ရှိသမျှ၊ဖြစ်သမျှ ပြဿနာအားလုံးကို တစ်ချိန်တည်းမှာ ထိုင်ပြီးဖြေရှင်းဖို့မဖြစ်နိုင်သလို ပြဿနာတွေရဲ့အရေးကြီးမှု အတိုင်းအတာကလည်း တစ်ခုနဲ့တစ်ခု မတူညီပါဘူး။ ဒါကြောင့် သင်ကကုမ္ပဏီအလုပ်တစ်ခုရဲ့ ရာထူးအကြီးပိုင်းမှာ ရှိနေတယ်ဆိုရင် ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး ဦးစားပေးရမယ့်အရာတွေကို အရင်ဆုံးရှာဖွေပါ။ သုံးစွဲသူတွေရဲ့တုံ့ ပြန်ချက်၊ ဝန်ထမ်းတွေရဲ့အတွေ့အကြုံတို့ပေါင်းစပ်ပြီး လတ်တလော ဖြေရှင်းရမယ့် အရေးကြီးပြဿနာတွေကို ဖော်ထုတ်ပါ။ ဆက်စပ်အသုံးဝင်မယ့်အချက်အလက်များကို စုဆောင်းထားပါ။ ဖြေရှင်းဖို့နည်းလမ်းတွေကိုစတင်ဖို့ ဆွေးနွေးအဖြေမထုတ်ခင်မှာ ပြဿနာရဲ့အကြောင်းအရင်းအမှန်၊ မူလဇစ်မြစ်ကို သိရှိနားလည်ထားရပါမယ်။ အခြေအနေတစ်ခုလုံး ရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိ  အချက်အလက် လုံလုံလောက်လောက်စုဆောင်းဖို့ အချိန်ပေးထားပါ။ ပွင့်လင်းတဲ့ဆက်ဆံပြောဆိုရေးက ပြဿနာများကိုဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေပြီး ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါတယ်။

၂။ ပြဿနာကို အမှန်တကယ်ဖြေရှင်းပေးနိုင်သူကို လုပ်ပိုင်ခွင့်ပေးပါ။

အဖွဲ့အစည်းရှိ တစ်ဦးချင်းစီကျွမ်းကျင်မှုအလိုက် သင့်တော်တဲ့အခန်းကဏ္ဍတွေမှာ တာဝန်ယူဖြေရှင်းနိုင်အောင် လုပ်ပိုင်ခွင့်နဲ့လမ်းညွှန်မှုပေးဖို့ လိုအပ်ပါတယ်။ သင်က အရမ်းကိုဉာဏ်ကောင်းတဲ့ လူတော်တစ်ယောက် ဖြစ်နေရင်တောင် နယ်ပယ်တိုင်းမှာ မကျွမ်းကျင်နိုင်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်မှုနဲ့ ရှုထောင့်မတူညီသူများကို ပေါင်းပြီး Solution Group အနေနဲ့ ဖွဲ့စည်းနိုင်ပါတယ်။ အဖွဲ့ဖွဲ့ပြီးပြီဆိုရင် တစ်ဦးချင်းစီရဲ့လုပ်ဆောင်ချက်က အဖွဲ့အစည်းအတွက် တိုက်ရိုက်သက်ရောက်ကြောင်း သေချာသတိပေးထားဖို့ လိုပါတယ်။ တီထွင်ဖန်တီး တွေးခေါ်နိုင်မှု၊ မတူညီတဲ့ အမြင်များကိုမျှဝေခြင်း၊ တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့အားသာချက်များကို အသုံးချမှုတို့ အပါအဝင် စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ မူဘောင်တစ်ခုချမှတ်ပေးပါ။ ပြဿနာတွေအတွက် ဖြေရှင်းချက်ထုတ်တဲ့အခါ ကိုယ့်ရဲ့ထင်မြင်ချက်ကို ဆွေးနွေးဖို့အတွက် တွန့်ဆုတ်ကြောက်ရွံ့မနေဖို့လည်း လိုအပ်ပါတယ်။ မှန်ကန်တဲ့ပြဿနာကို ဖော်ထုတ်နားလည်နိုင်ဖို့က အရေးကြီးတယ်ဆိုပေမယ့် ဖြစ်မလာသေးတဲ့ ကိစ္စတွေအတွက် စိတ်ကူးတဲ့အဆင့်မှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့အဖြေဆိုတာ မရှိနိုင်ပါဘူး။

၃။ ဖြေရှင်းချက်များကို စမ်းသပ်ကြည့်ပြီးအဖြေထုတ်ပါ။

အိုင်ဒီယာအသစ်များကိုစမ်းသပ်ခြင်းက လုပ်ငန်းအတွက် အကျိုးရှိစေနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ရှေ့ပြေးပုံစံတွေက အလုပ်မဖြစ်ဘူးလို့ ကောက်ချက်ချကြတာတွေရှိပေမယ့် အကျိုးရှိစေတာတွေလည်း အများကြီး ရှိပါတယ်။ စီစဉ်တွေးဆထားတဲ့အတိုင်း ဖြစ်လာသည်ဖြစ်စေ၊ ဖြစ်မလာသည်ဖြစ်စေ အလားအလာရှိတဲ့ ဖြေရှင်းချက် တွေကို လွတ်လပ်စွာစမ်းသပ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားဖို့က သူ့ရဲ့တာဝန်ဖြစ်ကြောင်း Acendre ကုမ္ပဏီမှ CEO ကပြောခဲ့ပါတယ်။ တစ်နည်းဆိုရရင် စမ်းသပ်ခြင်းနဲ့ သင်ယူခြင်းလုပ်ငန်းစဉ်အတွင်း အမှားများရှိခြင်း၊ ကျရှုံးခြင်း၊ မျှော်လင့်ထားသလို မဖြစ်လာခြင်းတို့က အပြစ်လုပ်တာမဟုတ်ပါဘူး။ ဆွေးနွေးထားတဲ့ ဖြေရှင်းချက်တွေ၊ Brainstorming လုပ်ထားတဲ့အချက်အလက်တွေက အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် အများကြီးအသုံးဝင်ပါတယ်။

၄။ အသိအမှတ်ပြုပါ။

ပြဿနာဖြေရှင်းခြင်းရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့အသီးသီးက ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို အကောင်အထည် ဖော်ထားပြီဖြစ်ပါတယ်။ ရှုထောင့်မတူတဲ့လူတွေ ပါဝင်ထားသလို နည်းလမ်းဟောင်းတွေကို ဘေးဖယ်သင့်ရင် ဘေးဖယ်ထားရပါမယ်။ အဖွဲ့ဝင်အသီးသီးရဲ့ပံ့ပိုးကူညီမှုက တန်ဖိုးရှိပြီး အဲ့ဒီလိုပါဝင်မှုက အလုပ်ပတ်ဝန်းကျင်ရဲ့အင်အားကိုတိုးစေမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အကျိုးရှိတဲ့ရလဒ်များအတွက် အဖွဲ့လိုက် ဂုဏ်ပြုဖို့ အချိန်ပေးပါ။ တစ်ဦးတစ်ယောက်ချင်းရဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို အဖွဲ့အတွက် အပြည့်အဝ အသုံးချနိုင်ခြင်းက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ အဖွဲ့အစည်းအတွင်းအောင်မြင်မှုနဲ့ ရလဒ်များအတွက် အသိအမှတ်ပြုပေးခြင်းဖြင့် နောင်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို တက်ညီလက်ညီဖြေရှင်းဖို့ အရှိန်အဟုန်တစ်ခုကို တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

“Forbes Technology Council” မှ Otto Berkes ရေးသားထားတဲ့ Solving The Right Problems By Tapping Your Organization’s Human Potential” ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University