သတင်းအချက်အလက် နည်းပညာ (IT) ကို ဘာကြောင့်လေ့လာသင့်သလဲ ?

သတင်းအချက်အလက်က ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာတော့ ဘုရင်တစ်ပါးလို ဖြစ်နေပြီး  လူ့ဘဝရဲ့ ကဏ္ဍပေါင်းစုံ အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ နှစ်ဆယ့်တစ်ရာစုမှာ အရာအားလုံး နည်းပညာကို ဗဟိုပြုလျက် ရှိနေပါတယ်။ ဒါတင်မကဘဲ IT နည်းပညာဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝရဲ့ ထောင့်တိုင်းလိုလိုမှာ တွေ့ရှိနိုင်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ လိုအပ်ချက်က တိုးလာမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်များ အလွန်ရှားပါးလာတာနဲ့အမျှ သတင်းအချက်အလက် နည်းပညာဟာ အလားအလာ ကောင်းတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ရရှိအောင် လုပ်ဆောင်ပေးနိုင်ပါမှာ ဖြစ်ပါတယ်။  သတင်းအချက်အလက်နည်းပညာကို အဓိကထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ တကယ်လို့ သင်ဟာ နည်းပညာလောကကို တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ အဲဒီအရာနဲ့ပတ်သက်ပြီး  နောက်ထပ် တစ်လှမ်းလှမ်းတာကို စတင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နှစ်သက်တဲ့အရာကို လေ့လာခြင်းက သင့်အတွက် အောင်မြင်မှုကို ခံစားရစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် IT ကို ဘာကြောင့်လေ့လာဖို့ ရွေးချယ်သင့်လဲဆိုတဲ့ အချက်တချို့ကို တင်ပြချင်ပါတယ်။

သတင်းအချက်အလက်နည်းပညာ (IT)  က သင့်အသက်မွေးဝမ်းကြောင်းကို မတူညီတဲ့ လမ်းကြောင်းများစွာ ကိုလည်း ရွေးချယ်ခွင့်ပေးပါတယ်။ အိုင်တီလေ့လာခြင်းက software development, web design, cyber security, data analysis နဲ့ တခြားအရာများအပါအဝင် စိတ်လှုပ်ရှားဖွယ်ရာနဲ့ အကျိုးအမြတ်များတဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းမျိုးစုံကို ရွေးချယ်နိုင်ပါတယ်။နည်းပညာက ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုနဲ့ ဆက်သွယ်မှုပုံစံကို ပြောင်းလဲပေးနိုင်ပြီး အလုပ်များစွာကို ပိုမို ထိရောက်ချောမွေ့စေပါတယ်။ ဒါကြောင့် အိုင်တီလေ့လာခြင်းက ကုန်ထုတ်စွမ်းအားနဲ့ ထိရောက်မှုတိုးမြင့်စေဖို့အတွက် နည်းပညာအသုံးချနည်းကို သင်ယူဖို့ ကူညီပေးနိုင်ပါတယ်။နည်းပညာတိုးတက်မှု အရှိန်အဟုန်နဲ့အတူ နောက်ဆုံးပေါ်တိုးတက်မှုများနဲ့ ခေတ်ရေစီးကြောင်းများကို အမြဲမပြတ်ရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အိုင်တီပညာရပ်ကိုလေ့လာခြင်းက လူတစ်ဦးချင်းစီရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေပြီး ဆန်းသစ်တဲ့ တွေးခေါ်မှုကိုပေးစွမ်း နိုင်ပါတယ်။

နည်းပညာက လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုများရှိပြီး အိုင်တီလေ့လာခြင်းက ကျွန်ုပ်တို့ရဲ့ ကမ္ဘာကို ဘယ်လိုအကျိုးသက်ရောက်ကြောင်းကို ပိုမိုနားလည်သဘောပေါက်ဖို့လည်း ကူညီပေးနိုင်ပါတယ်။အိုင်တီကျွမ်းကျင်ပညာရှင်များဟာ ပြဿနာများကို ဖြေရှင်းဖို့နဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေအတွက် အဖြေရှာဖို့ မကြာခဏ လုပ်ဆောင်ရလေ့ရှိတဲ့အတွက်  အိုင်တီလေ့လာခြင်းက လူတစ်ဦးချင်းစီကို ဘယ်လိုနယ်ပယ်တွင်မဆို  ပြဿနာ ဖြေရှင်းနိုင်မှုစွမ်းရည်ကို ဖွံ့ဖြိုးလာစေနိုင်ပါတယ်။ ဒါကြောင့် သင်က သတင်းအချက်အလက် နည်းပညာကျောင်းသားတစ်ဦးဆိုပါက  ကွန်ပျူတာနဲ့ ဒစ်ဂျစ်တယ်နည်းပညာ လောကကို စိတ်လှုပ်ရှားဖွယ်ခရီးတစ်ခု စတင်နေပြီဖြစ်တယ်ဆိုတာကို သိရှိထားဖို့လိုပါတယ်။ ဒီနယ်ပယ်က ကျယ်ပြန့်တဲ့ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေကို ပေးဆောင်လျက်ရှိပြီး နေ့စဉ်နဲ့အမျှ နည်းပညာနယ်ပယ်ဟာ ယခင်ကထက် ပိုမိုလျင်မြန်စွာ ကြီးထွားလျက်ရှိပါတယ်။

IT ဟာ အမြဲတစေ ပြောင်းလဲနေတဲ့ နယ်ပယ်တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် တိုးတက်မှုများနဲ့အတူ နောက်ဆုံးပေါ် ခေတ်မီနေစေဖို့ အမြဲမပြတ်သင်ယူမှုနဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်  IT ကျောင်းသားတစ်ဦးအနေနဲ့ သင့်အချိန်ကို အကောင်းဆုံးအသုံးချနိုင်ဖို့ ကူညီပေးမယ့် အကြံပြုချက်တချို့ကို ဖော်ြပပေးချင်ပါတယ်။

1. ကျယ်ပြန့်ပြီး ကွဲပြားတဲ့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ပါ။

အိုင်တီဟာ web development, database administration, cybersecurity, နဲ့ software development အစရှိတဲ့ မတူညီတဲ့နယ်ပယ်တွေကို လွှမ်းခြုံထားတဲ့ ကွဲပြားတဲ့နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် သင် ဒီနယ်ပယ်အားလုံးမှာ လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှုတွေရရှိဖို့ အရေးကြီးပါတယ်။

2. လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လေ့လာပါ။

 သီအိုရီနဲ့ သဘောတရား နားလည်မှုတို့ဟာ အရေးကြီးပေမယ့်လည်း လက်တွေ့လုပ်ခြင်းက သင်ယူဖို့ ကြိုးစား သင့်ပါတယ်။ Programming ဘာသာစကားအသစ်ကို သင်ယူခြင်း ဒါမှမဟုတ် ရှုပ်ထွေးတဲ့ coding ပြဿနာတွေကို ဖြေရှင်းခြင်းဖြစ်စေ တတ်နိုင်သမျှ လက်တွေ့ကျတဲ့ ပရောဂျက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားပါ။ အဲဒီလို လက်တွေ့ အတွေ့အကြုံတွေက သင့်ရဲ့နည်းပညာပိုင်းဆိုင်ရာစွမ်းရည်တွေကို တိုးတက်စေရုံသာမက သင့်ရဲ့ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

3. IT အသိုင်းအဝိုင်းများနဲ့ ချိတ်ဆက်ပါ။

အိုင်တီကွန်မြူနတီများနဲ့ ပူးပေါင်းခြင်းက တူညီတဲ့နယ်ပယ်ရှိလူတွေနဲ့ ချိတ်ဆက်နိုင်စေပါတယ်။ Online forums, social media groups ဒါမှမဟုတ် physical meetups များမှတစ်ဆင့်ဖြစ်စေ  ထိုးထွင်းသိမြင်မှုနဲ့ အရင်းအမြစ်တွေကို မျှဝေဖို့အတွက် Platform များစွာရှိနိုင်ပါတယ်။ အဲဒီအချက်ဟာ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းသစ်တွေကို ကွန်ရက်နဲ့သင်ယူဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။

4. စက်မှုလုပ်ငန်းသတင်းများနဲ့ ခေတ်ရေစီးကြောင်းများပေါ်မှာနေပါ။

နည်းပညာနဲ့ အပလီကေးရှင်းများက အဆက်မပြတ် ပြောင်းလဲနေပြီး နောက်ဆုံးထွက် တိုးတက်မှုများအကြောင်း အသိပေးနေဖို့ အရေးကြီးပါတယ်။ နည်းပညာဘလော့ဂ်များကို ဖတ်ရှုကာ နောက်ဆုံးပေါ်စက်မှု လုပ်ငန်းခေတ်ရေ စီးကြောင်းတွေကို ပိုမိုခေတ်မီစေဖို့အတွက် စက်မှုလုပ်ငန်းကျွမ်းကျင်သူများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ conference တွေကို တက်ရောက်ပါ။

5. အလုပ်သင်နဲ့ လုပ်ငန်းအတွေ့အကြုံကို ရယူပါ။

လက်တွေ့အတွေ့အကြုံနဲ့ လက်တွေ့ကမ္ဘာမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေကို ပေးဆောင်တာကြောင့် IT ကျောင်းသားတွေအတွက် အလုပ်သင်များနဲ့ လုပ်ငန်းအတွေ့အကြုံများဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သင်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ အလုပ်သင်အခွင့်အလမ်းများ ဒါမှမဟုတ် စေတနာ့ဝန်ထမ်း အလုပ်တွေကို ရှာဖွေပါ။ သင်က တန်ဖိုးရှိတဲ့ အရည်အချင်းတွေကို ရရှိစေရုံသာမက တန်ဖိုးရှိတဲ့ လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အိုင်တီလောကဟာ ကျယ်ပြောလှပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတာမို့ အိုင်တီကျောင်းသား တစ်ဦးအနေနဲ့ သင်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေဟာ အဆုံးမရှိနိုင်ပါဘူး။  အလုပ်ရှင်များစွာရဲ့ ပညာရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများမှတစ်ဆင့် လုပ်ငန်းဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေကို လေ့လာပြီး အမှီလိုက်နိုင်ခွင့်ကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုအသစ်တွေကို လက်ခံကာ သင့်ရဲ့ပန်းတိုင်တွေကို အာရုံစိုက်ထားပါ။ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုတို့ဖြင့် ဒီနယ်ပယ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။ သင်ရွေးချယ်ခဲ့တဲ့ခရီးမှာ ကံကောင်းပါစေလို့ ဆန္ဒပြုလျက် ….

Kent Insights မှာ ရေးသားထားတဲ့ Why study Information Technology (IT) ကို  ဘာသာြပန် ကိုးကား ခြင်း ဖြစ်ပါတယ်။

 

Dr. La Wynn Sandi  

B.C.Sc, CU (KT), B.C.Sc (Hons), CU (KT),

M.C.Sc, CU (KT), Ph.D (IT), (U.C.S.M)