" မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုများ "

စွန့်ပစ်အမှိုက်တွေ ပုပ်သိုးဆွေးမြေ့သွားဖို့ နှစ်ပေါင်းဘယ်လောက်အထိ ကြာမယ်ထင်ပါသလဲ? လေ့လာတွေ့ရှိချက်တွေအရ စွန့်ပစ်အမှိုက်ထဲမှာပါဝင်တဲ့ ပလတ်စတစ်ပစ္စည်းတွေဟာ အလုံးစုံ ဆွေးမြေ့သွားဖို့ နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်ပါတယ်။ ပလတ်စတစ်ပစ္စည်းနဲ့ ပတ်သက်တဲ့ ညစ်ညမ်းမှုက ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်သလို ကျွန်ုပ်တို့ရဲ့လက်ရှိနေထိုင်မှုပုံစံ ကိုသာ ပြောင်းလဲခြင်းမရှိခဲ့ရင် လာမယ့် ၂၀၅၀ ခုနှစ်မှာ သမုဒ္ဒရာထဲက ရေနေသတ္တဝါတွေအစား ပလတ်စတစ်တွေကသာ ရေပြင်မှာ နေရာယူသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဥ်ပလတ်စတစ်အိတ် သန်း ၈၀ အထိ အသုံးပြုနေကြပြီး ရန်ကုန်မြို့မှ တစ်နေ့ကိုအမှိုက်တန်ချိန် ၁၆၉၀ ကျော်အထိ ရှိနေသလို အဲ့ဒီအမှိုက်များထဲမှ ပလတ်စတစ်အမှိုက်က ၁၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်နေပါတယ်။ ဒါ့အပြင် ပလတ်စတစ်ပုလင်းနဲ့ ပလတ်စတစ်ဆက်စပ် ပစ္စည်းများ ထုတ်လုပ်မှုကလည်း ၅ နှစ်အတွင်း သုံးဆအထိ မြင့်တတ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ Environmental Performance Index (EPI), သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် အဆင့် ၁၆၄ ရရှိခဲ့ပါတယ်။ စွမ်းဆောင်မှု ကဏ္ဍတိုင်းနီးပါးမှာလည်း အနိမ့်ဆုံးအဆင့်မှာသာ မြန်မာနိုင်ငံက ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကိုသတိပြုမိသူများရှိခဲ့သလို မြန်မာနိုင်ငံရှိ ကုမ္ပဏီများနဲ့အဖွဲ့အစည်းများက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုအသီးသီးပြုလုပ်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ခဲ့ကြပါတယ်။ ဥပမာ- ၂၀၁၇ ခုနှစ်က စတင်မှတ်ပုံတင်ထားတဲ့ နိုင်ငံတွင်းပထမဆုံး အမှိုက်စီမံခန့်ခွဲမှုကုမ္ပဏီ RecyGo ဖြစ်ပါတယ်။ RecyGo မှာ အမှိုက်ခွဲခြားခြင်း၊ စွန့်ပစ်ပစ္စည်းအသိပညာပေးသင်တန်း၊ အမှိုက်စုဆောင်းခြင်းဝန်ဆောင်မှု၊ ပြန်လည်အသုံးပြုတဲ့ စင်တာများနဲ့ အမှိုက်ပုံးနေရာဆီ စွန့်ပစ်ပစ္စည်းများကို ပို့ဆောင်ပေးခြင်း စတဲ့ ဝန်ဆောင်မှုများ ပါဝင်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်တဲ့လှုပ်ရှားမှု “သန့်မြန်မာ” ကလည်း “Beat Plastic Pollution in Myanmar” လှုပ်ရှားမှုကို လူမှုကွန်ယက်ပေါ်မှာ လုပ်ဆောင်ခဲ့ပါတယ်။ ဇွန်လ (၈) ရက်နေ့ World Ocean Day မှာ အသုံးပြုပြီးသား ပလတ်စတစ်ဘူးခွံ (၁၀) လုံးနဲ့ လက်ကိုင်အိတ်တစ်လုံးကို လဲလှယ်ပေးတဲ့ လှုပ်ရှားမှုလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် “Refill not Landfill” စီမံချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။ ကမ္ဘောဒီးယားမှာ စတင်တည်ထောင်ခဲ့တဲ့ အဲ့ဒီကမ်ပိန်းဟာ ပြန်လည်အသုံးပြုနိုင်တဲ့ အလူမီနီယမ်ပုလင်းများကို အစားထိုးခြင်းဖြင့် တစ်နှစ်လျှင် သန်းနဲ့ချီတဲ့ ပလတ်စတစ်ရေသန့်ဘူးများကို လျှော့ချနိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲ့ဒီအလူမီနီယံ ပုလင်းများပေါ်မှာ ရိုက်နှိပ်ထားတဲ့ QR Code ကို Scan ဖတ်ပြီး သတ်မှတ်ထားတဲ့နေရာများမှာ အခမဲ့ပြန်လည်ဖြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အလူမီနီယံပုလင်းတစ်လုံးက ၃-၄ နှစ်အထိ သက်တမ်း ရှိတာကြောင့် ပလတ်စတစ်ပုလင်းပေါင်း ၄၃၀၀ (တစ်နှစ်ပျှမ်းမျှပုလင်း ၁၄၆၀) ကို အစားထိုးနိုင်ပါတယ်။

ပြင်သစ်မြန်မာကုန်သည်ကြီးများအသင်း (CCIFM) မှ ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သန့်မြန်မာရဲ့ကိုယ်စားလှယ် Boris Le Montagner က “တစ်နိုင်တစ်ပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းက လူတိုင်းပါဝင်လုပ်ဆောင်နိုင်လောက်အောင် လွယ်ကူပါတယ်” လို့ ပြောခဲ့ပါတယ်။ Melia Hotel Yangon ရဲ့ အထွေထွေမန်နေဂျာ Céline Guyomarch က ကဏ္ဍအလိုက်၊ လူနေမှုအဆင့်အတန်းအလိုက် အသီးသီးပါဝင်လုပ်ဆောင်နိုင်ကြောင်း မီးမောင်းထိုးပြောပြခဲ့ပါတယ်။ Melia Hotel မှာ ပလတ်စတစ်ပိုက်များအစား ဝါးပိုက်များကို အစားထိုးအသုံးပြုနေပြီဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းကြီးတွေမှာ အရည်အသွေးကိုလည်း မထိခိုက်၊ သန့်ရှင်းမှုကိုလည်း မလျော့စေဘဲ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ ပစ္စည်းတွေကို အစားထိုးသုံးလို့ရပါတယ်။

Coca-Cola အချိုရည်ကုမ္ပဏီကလည်း “တန်ဖိုးရှိတယ်” လို့ ခေါ်တဲ့ ပြန်လည်အသုံးပြုခြင်း ဆိုင်ရာ အသိပညာပေးကမ်ပိန်းကို စတင်ခဲ့ပါတယ်။ Recycle လုပ်လို့ရတဲ့ပစ္စည်းတွေ၊ ပုလင်းခွံတွေက တစ်ခါအသုံးပြုပြီးရင် အမှိုက်သဖွယ် တန်ဖိုးမဲ့သွားတာမဟုတ်ဘဲ နောက်တစ်မျိုးဖန်တီးပြီး သုံးလို့ရတာဖြစ်လို့ သူတို့ရဲ့တန်ဖိုးကို ဆက်ပြီးအသုံးချဖို့က “တန်ဖိုးရှိတယ်” ဆိုတဲ့ ကမ်ပိန်းရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ Coca-Cola Myanmar က “ဒို့အိမ်” နဲ့ပူးပေါင်းပြီး “နောက်ဖေးလမ်း ကြားဥယျာဥ်” ပရောဂျက်များကို အကောင်အထည်ဖော်ခဲ့သလို ပြည်တွင်းလူမှုရေးလုပ်ငန်း “Hla Day” နဲ့ပူးပေါင်းပြီး သူတို့ရဲ့ Recycle ပုလင်းတွေအသုံးပြုကာ ပို့စ်ကတ်၊ အိတ် စတဲ့ လက်မှုပစ္စည်းများ ဖန်တီးခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Sustainability Development နဲ့ပတ်သက်ပြီး အလှမ်းဝေးနေသေးပေမယ့် အထက်ဖော်ပြပါ ကမ်ပိန်းများနဲ့ ပရောဂျက်များလုပ်ဆောင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့လိုအပ်ကြောင်း အသိပညာများ မြင့်တက်လာခြင်းကို တွေ့ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုတာက အချိန်တိုအတွင်း အောင်မြင်သွားမယ့် လုပ်ဆောင်မှုမဟုတ်သလို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းအနည်းငယ်ရဲ့ ကြိုးစားမှုလောက်နဲ့ ဖော်ဆောင်နိုင်မယ့် အရာမဟုတ်ပါဘူး။ ကမ္ဘာကြီးကို အမှီပြုပြီးနေထိုင်နေတဲ့ လူသားအားလုံးက တာဝန်သိစိတ်၊ အသိစိတ်၊ ဆင်ခြင်နိုင်တဲ့စိတ်တို့နဲ့ ယှဥ်တွဲပြီး ထိန်းသိမ်းဂရုပြုရမယ့် အရေးကြီးကဏ္ဍမှာ ပါဝင်တဲ့အရာ ဖြစ်ပါတယ်။

French Myanmar Chamber of Commerce & Industry website မှ Marion Fougerouse ရဲ့ ၂၀၁၈ မှာ ရေးသားခဲ့တဲ့ “Environmental awareness is rising in Myanmar” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Daw Theint Thinzar

BE (Civil-West Yangon Technological University) M.Sc (Construction Project Mgt), Heriot-Watt University.