ဟန်ချက်ညီတဲ့လူနေမှုပုံစံအတွက် လုပ်ဆောင်သင့်တဲ့ အကြံပြုချက်များ

ရှုပ်ထွေးခက်ခဲနေတဲ့အချိန်တွေမှာ အရေးကြီးတဲ့ အပိုင်းအခြားတစ်ခု (ဒါမှမဟုတ်) တစ်ခုထက်ပိုတဲ့နယ်ပယ်တွေကို လျစ်လျူရှုထားခဲ့မယ်ဆိုရင် အဆင်မပြေမှုထောင်ချောက်ထဲ ကျရောက်သွားဖို့ အရမ်းလွယ်ကူပါတယ်။ကျန်းမာခြင်းအတွက်အလေ့အထကောင်းများကို ရည်ရွယ်လုပ်ဆောင်ကြပေမယ့်လည်း အမှန်တကယ် ကျန်းမာချင် သူများကတော့ သူတို့ဘဝအတွက်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းအောင်မြင်မှု၊ ပျော်ရွှင်ဖွယ်ကောင်းတဲ့ လူမှုဘဝနဲ့ ငွေကြေးတည်ငြိမ်မှုတို့အကြား ဟန်ချက်ညီစေဖို့ ဦးစားပေး တတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ဘယ်လိုပဲအလုပ်များနေပါစေ ပြည့်စုံပြီး ဟန်ချက်ညီတဲ့လူနေမှုပုံစံကိုရရှိစေဖို့ ရိုးရှင်းတဲ့အဆင့်တချို့ကို ဖော်ပြထားပါတယ်။

မျှတတဲ့နေထိုင်မှုပုံစံဆိုတာ ဘာလဲ?

စိတ်ပိုင်းဆိုင်ရာပညာရှင်တွေက မျှတတဲ့နေထိုင်မှုပုံစံကို "ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးသဟဇာတဖြစ်မှုတို့ကို ထိန်းသိမ်းဖို့ လူတစ်ဦးချင်းစီရဲ့ ဘဝကဏ္ဍပေါင်းစုံကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်တဲ့ မျှခြေနဲ့ပျော်ရွှင်မှု အခြေအနေ" အဖြစ် သတ်မှတ်ကြပါတယ်။ တစ်နည်းဆိုရရင် မျှတတဲ့နေထိုင်မှုပုံစံက ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်ပါတယ်။ လူနေမှုဘ၀ပုံစံ ဟန်ချက်ညီဖို့အတွက် ပြည့်စုံပြီး ကျေနပ်စရာကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးပေးနိုင်တဲ့ အဓိကအစိတ်အပိုင်း များကိုအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အမှန်တကယ် ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကို ဖန်တီးဖို့အတွက် လူတစ်ဦးချင်းစီက မတူညီတဲ့ အခြေအနေများ၊ တစ်ကိုယ်ရည်နှစ်သက်မှုများနဲ့ကိုက်ညီတဲ့ လူနေမှုပုံစံအားလုံးအကြား ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးအတွက် မျှတစွာနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ

ဘဝရဲ့နယ်ပယ်အားလုံးမှာ အပြန်အလှန်ဆက်နွယ်မှုရှိနေတာကြောင့် အဲဒီထဲမှတစ်ခုကို လျစ်လျူရှုခြင်းက တခြား ရှုထောင့်များအပေါ်မှာလည်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုများ ရှိနိုင်ပါတယ်။ ဥပမာ မိသားစုနဲ့ သူငယ်ချင်းများထက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ဦးစားပေးပါက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်စေနိုင်တဲ့ဖိစီးမှုမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ Met‌a ရဲ့ လေ့လာဆန်းစစ်မှုအရ လုပ်ငန်းခွင်မှာ အလုပ်ချိန်များလွန်းခြင်းက ဝန်ထမ်းများရဲ့ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်မှုကို ဆန်းစစ်ကြည့်တဲ့အခါမှာ အလုပ်ချိန်ကြာကြာလုပ်တဲ့ ဝန်ထမ်းများက ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်စက်ခြင်းပြဿနာများနဲ့ လုပ်ငန်းခွင်ထိခိုက်မှုများ အပါအဝင် ကျန်းမာရေးအခြေအနေများစွာကို ပိုမိုထိခိုက်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

မိသားစု၊ သူငယ်ချင်းများနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိခြင်းက ကျန်းမာရေးအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပြီး အဲဒီအပိုင်းအခြားကို လျစ်လျူရှုခြင်းက ကျန်းမာရေးအတွက် ကြီးမားတဲ့ အန္တရာယ်များ ဖြစ်လာနိုင်ပါတယ်။ Brigham Young University မှ စိတ်ပညာပိုင်းဆိုင်ရာပါမောက္ခ Dr.Julianne Holt-Lunstadမှ "လူမှုဆက်ဆံရေး ချို့တဲ့ခြင်းက အန္တရာယ်တစ်ခုဖြစ်စေနိုင်ပြီး အခြေအနေများစွာထဲမှ နှိုင်းယှဉ်ကြည့်တဲ့အခါ တစ်နေ့ကို စီးကရက် ၁၅ လိပ်အထိသောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ လေထုညစ်ညမ်းခြင်း အစရှိတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ အချက်များထက် ကျော်လွန်နေပါတယ်။"

အလားတူ တရားထိုင်ခြင်း ဒါမှမဟုတ် ဆုတောင်းခြင်းတို့လို "စိတ်ပိုင်းဆိုင်ရာ" အလေ့အကျင့်များအတွက် အချိန်ပေးခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြောင်း ဖော်ပြထားပါသေးတယ်။ နောက်ဆုံးမှာ အနားယူဖို့အချိန်ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးမှအစပြုပြီး လုပ်ငန်းစွမ်းဆောင်ရည်အထိ အရာအားလုံး အတွက်ပါ သိသိသာသာ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ ညတိုင်း ရှစ်နာရီ လုံလုံလောက်လောက် အိပ်စက်တဲ့သူတွေဟာ အဝလွန်တာ၊ ဆီးချိုဖြစ်နိုင်ခြေနဲ့ သွေးတိုးရောဂါခံစားရဖို့ အလားအလာနည်းတယ်လို့ ဟားဗတ် ဆေးကျောင်းက အစီရင်ခံတင်ပြခဲ့ပါတယ်။

မျှတတဲ့လူနေမှုဘ၀ပုံစံကိုဖန်တီးဖို့အတွက် အကြံပြုချက် ၄ ချက်

ဘဝရဲ့အရေးကြီးတဲ့ ရှုထောင့်အားလုံးကြားမှာ ကျန်းမာမျှတစွာနေထိုင်မှုကိုရှာဖွေခြင်းက စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အချိန်များကိုပြန်လည်ထိန်းညှိပြီး မျှတတဲ့နေထိုင်မှုပုံစံကို ဖန်တီးလုပ်ဆောင်နိုင်ဖို့ ရိုးရှင်းတဲ့အဆင့် တချို့ရှိပါတယ်။

၁။ ကန့်သတ်ချက်များသတ်မှတ်ပါ။

Mayo Clinic မှ သတိပေးပြောကြားထားတာကတော့ "လူမှုဆက်ဆံရေးများနဲ့ ဘ၀ရဲ့လှုပ်ရှားသွားလာမှုများအတွက် အချိန်မပေးနိုင်တဲ့ အလုပ်ကနေ ကန့်သတ်ချက်များ မသတ်မှတ်ထားဘူးဆိုရင် ကျွန်ုပ်တို့နောက်ကျကျန်ရစ်ခဲ့နိုင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ အချိန်ဆွဲတတ်အကျင့်ကိုရှောင်ရပါမယ်။ အလုပ်ချိန်နဲ့မိသားစု (ဒါမှမဟုတ်) လူမှုရေးအချိန်များအတွက် တိကျတဲ့ ကန့်သတ်ချက်များကို သတ်မှတ်ရပါမယ်။

၂။နေ့စဉ် ကျန်းမာတဲ့ လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းနဲ့ အပန်းဖြေခြင်းတို့ပါဝင်တဲ့ နေ့စဥ်လုပ်ရိုးလုပ်စဉ်တစ်ခုကို သတ်မှတ်ခြင်းက စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်ပါတယ်။ နေ့စဉ်ကျန်းမာတဲ့ လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်ခြင်းက လုပ်ငန်းခွင် အဆင်ပြေမှုနဲ့ ဘဝဟန်ချက်ညီမှုတို့ကို မြှင့်တင်ပေးပြီး အိပ်စက်ခြင်းနဲ့ ကျန်းမာရေးဆိုင်ရာတို့ကိုပါ တိုးတက် ကောင်းမွန်စေကြောင်း အကြံပြုထားပါတယ်။

၃။ အိပ်ရေးဝဝအိပ်ပါ။

ပုံမှန်အနားယူဖို့အတွက် အချိန်ပေးဖို့နဲ့ ကောင်းမွန်စွာ အိပ်စက်ခြင်းတို့ကို အလေ့အကျင့်လုပ်ပါ။ ပုံမှန်အိပ်ရာဝင်ချိန်ကို သတ်မှတ်လိုက်နာပြီး နေ့တိုင်းအချိန်တစ်သမတ်တည်း အိပ်ရာထပါ။ အိပ်ခန်းမှ အီလက်ထရွန်းနစ်ပစ္စည်းများကို ဖယ်ရှားပြီး အခန်းကိုအလင်းလျှော့ထားကာ သက်သောင့်သက်သာရှိနေရပါမယ်။ အိပ်ရာမဝင်မီ ကဖိန်းဓာတ်နဲ့ အရက်သေစာ အများအပြား သုံးစွဲခြင်းကိုလည်း ရှောင်ပါ။

၄။ ဝါသနာအတွက် အချိန်ပေးပါ။

ဝါသနာတစ်ခုခုရှိသူတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ခံစားရနိုင်ခြေနည်းကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ ပျော်ရွှင်စေနိုင်မယ့် လှုပ်ရှားမှုများအတွက် အပတ်တိုင်း အချိန်ဇယားဆွဲပါ။ ဟန်ချက်ညီတဲ့ နေထိုင်မှုပုံစံကို တည်ဆောက်ခြင်းက ခက်ခဲပြီး ကျွန်ုပ်တို့အတွက် အလုပ်ရှုပ်စေမှာ ဖြစ်နေပေမယ့်လည်း ဒီရိုးရှင်းတဲ့အဆင့်များနဲ့ ဘဝက ဟန်ချက်ညီမှု ပိုမိုရှိလာနိုင်ပါတယ်။ မျှတတဲ့နေထိုင်မှုပုံစံက လူနေမှုဘဝအရည်အသွေး၊ စိတ်ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတစ်ခုလုံးကို တိုးတက်စေနိုင်ပါတယ်။

 

Mirxes.com website မှ The-benefits-of-a-balanced-lifestyle ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt), Heriot-Watt University