"AI ကို ပညာရေးမှာ နည်းလမ်းမှန်စွာ အသုံးပြုရေးလမ်းညွှန်"

ဉာဏ်ရည်တု (AI) နည်းပညာဟာ နိုင်ငံတကာမှာ ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် မြင့်မားစွာ ဖွံ့ဖြိုးလာပြီး ပညာရေးနယ်ပယ်မှာလည်း လွန်စွာအသုံးဝင်လာပါတယ်။ AI ကို သုတေသန၊ သင်ယူလေ့လာမှုများအတွက် အကူအညီ အထောက်အပံ့အဖြစ် အသုံးပြုခြင်းက ကျောင်းသားများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသလို AI ကို မှန်ကန်စွာသုံးစွဲနိုင်ရေးမှာလည်း အလွန်အရေးကြီးပါတယ်။ ဒါကြောင့် AI ကို ပညာရေးမှာ စနစ်တကျသုံးစွဲနိုင်ရေးနဲ့ ပညာရေးကျင့်ဝတ်များ မဖောက်ဖျက်ဘဲ မှန်ကန်စွာ အသုံးချနည်းလမ်းများကို တင်ပြသွားပါမယ်။

AI အသုံးပြုခြင်းနဲ့ အကျိုးကျေးဇူးများ

AI ကို သင်ယူလေ့လာမှုမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ ကျောင်းသားများအနေနဲ့ စနစ်တကျ အသုံးပြုရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် သုတေသနလုပ်ငန်းစဉ်များမှာ စာပေများနဲ့ အချက်အလက်များကို ရှာဖွေခြင်း၊ မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်အောင် အကျဉ်းချုပ်ပေးခြင်း၊ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ ပေးနိုင်ခြင်းတို့ဖြင့် သင်ယူမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်း များကတော့ AI tools များဖြင့် ဘာသာစကားပြုပြင်ခြင်း၊ သဒ္ဒါအမှားပြင်ဆင်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ အကြံပြုချက်များကိုတောင်းခံကာ စနစ်တကျ ပိုမိုကောင်းမွန်အောင် မိမိတို့ရဲ့ ရေးသားတင်ပြချက်များကို ပြင်ဆင်နိုင်ပါတယ်။ AI ရဲ့ အကျိုးကျေးဇူးများမှာ ကျောင်းသားများရဲ့ သင်ယူမှုအား တိုးတက်လာအောင် အမြင်ပိုကျယ်စေတဲ့ လက်နက်အဖြစ် သုံးစွဲနိုင်ခြင်းဖြစ်ပေမယ့်လည်း ပညာရေးဆိုင်ရာကျင့်ဝတ်များနဲ့ မလျော်ကန်စွာ အသုံးပြုမိပါက ကျောင်းသားအတွက် ပညာရေးဆိုင်ရာပြစ်ဒဏ်များ ချမှတ်ခံရပါမယ်။

AI အသုံးပြုရာမှာ လိုက်နာရမယ့် စည်းမျဉ်းများ

၁။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ခြင်းကို ပြုလုပ်ဖို့ AI ကို ကနဦးအသုံးပြု အကြံဉာဏ်တောင်းခံကာ မိမိရဲ့ သင်ယူမှုမှာ အထောက်အကူပြုဖြစ်စေနိုင်ပေမယ့်လည်း AI ဟာ ပြီးပြည့်စုံတဲ့အဖြေကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တင်ပြရမယ့်အရာတွေကို ကိုယ်ပိုင်စဉ်းစားဆန်းစစ်ချက်များဖြင့် AI မှထုတ်ပေးတဲ့ အချက်အလက်များကို ပေါင်းစပ်ကာ ကိုယ်ပိုင်နားလည်မှုဖြင့် ရေးသားဖို့လိုအပ်ပါတယ်။ တချို့ AI-generated content များက လက်တွေ့နဲ့ ကွဲလွဲနိုင်တဲ့အတွက် ကျောင်းသားအနေနဲ့ AI မှ ထွက်လာတဲ့ အချက်အလက်များကို ထပ်မံပြီး သီးခြားသုံးသပ်ခြင်း၊ ပိုမိုနက်ရှိုင်းစွာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ - AI က ထုတ်ပေးတဲ့အချက်များကို search engine တစ်ခုခုသုံးကာ ရင်းမြစ်များရှာဖွေပြီး ခိုင်လုံတဲ့ရင်းမြစ်တွေ့ပါက အကိုးအကားအနေနဲ့ ယူသုံးခြင်း၊ ခိုင်မာတဲ့ ရင်းမြစ်မရှိပါက မသုံးခြင်းတို့ကို ထပ်မံ ပြုလုပ်နိုင်ပါတယ်။

၂။ AI မှ ထွက်လာတဲ့ အကြောင်းအရာများကို ကိုးကားခြင်း၊ AI tools များကိုသုံးပြီး မိမိကိုယ်ပိုင် အချက်အလက်များကို ဆန်းစစ်မှုများ ပြုလုပ်ခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများက မိမိရဲ့ အချက်အလက်များအပေါ် အခြေခံပေမယ့်လည်း အဲ့ဒီ AI tools ကို အသုံးပြုခဲ့ကြောင်းရည်ညွန်းကာ ကိုးကားချက်ထည့်သွင်းဖော်ပြရပါမယ်။ အဲ့ဒီအပြုအမူက ပညာရေးနယ်ပယ်အတွင်း ကျင့်ဝတ်ထိန်းသိမ်းမှု အတွက် လိုအပ်တဲ့ အခြေခံအချက်ဖြစ်ပါတယ်။ AI tools မှ ထွက်လာတဲ့အကြောင်းအရာများကို ရည်ညွန်းကိုးကားချက်များပြုလုပ်ပြီး ထည့်သွင်းဖော်ပြခြင်းက သင်ယူမှုမှာ ယုံကြည်စိတ်ချရတဲ့ အချက်အလက်များ ဖြစ်ကြောင်းကို ပေါ်လွင်စေပါတယ်။

၃။ AI တလွဲအသုံးပြုခြင်းမှ ရှောင်ရှားဖို့ AI ဖန်တီးထားတဲ့ အကြောင်းအရာများကို အလုံးစုံ ကူးယူသုံးစွဲခြင်း၊ မိမိရဲ့အတွေးအခေါ်၊ ဆန်းစစ်မှုမပါဝင်ဘဲ AI ဖန်တီးမှုများကို အလုံးစုံအပြည့်အဝအားကိုးကာ တင်ပြခြင်းက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်ခံရမယ့် အပြုအမူများ ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ မူဝါဒများအရ AI tools များမှ ထုတ်ပေးတဲ့အကြောင်းအရာများကို စာတမ်းများ၊ သုတေသနများ၊ သင်ခန်းစာများ၊ ရေးသား တင်ပြချက်များမှာ အသုံးပြုတဲ့အခါ တိုက်ရိုက်ကူးချခြင်းမျိုးမပြုလုပ်ဘဲ မိမိအတွေးအခေါ်၊ သုံးသပ်မှု၊ ဆန်းစစ်မှုတို့ဖြင့်ပေါင်းစပ်ကာ တခြားပုံစံဖြင့် ပြုပြင်ပြောင်းလဲရေးသားဖော်ပြခြင်း (paraphrase) ပြုလုပ်ပြီး ရည်ညွန်းကိုးကားချက်များ ထည့်သွင်းရပါမယ်။

AI အသုံးပြုမှုနဲ့ ကျင့်ဝတ်များ

AI tools ကိုသုံးပြီး လေ့လာခဲ့တဲ့ အချက်အလက်များ၊ သီအိုရီစာများ၊ ပြုပြင်ပြောင်းလဲထားတဲ့ စာသားများကို မိမိကိုယ်တိုင် AI ကို အကိုးအကားပြုကာ ရေးသားချက်များဖြစ်ကြောင်း အသိပေးဖော်ပြဖို့အတွက် ရည်းည့န်းကိုးကားချက်ပြုဖို့ လိုအပ်ပါတယ်။ ဘယ် AI tool မဆို Chat conversation များကို မဖျက်ပစ်ရဘဲ ထိန်းသိမ်းထားရှိရမှာဖြစ်ပြီး Appendix မှာ ထည့်သွင်းဖော်ပြဖို့ လိုအပ်ပါတယ်။ AI ကို အလုံးစုံအားကိုးပြီး သုံးမိပါက ကျောင်းသားအနေနဲ့ ပြစ်ဒဏ်များ အရေးယူမှုရှိမှာဖြစ်ကြောင်း SFIC ရဲ့ အကဲဖြတ်စစ်ဆေးမှုများမှာ ဉာဏ်ရည်တု (AI) အသုံးပြုခြင်းဆိုင်ရာမူဝါဒမှာ အသေးစိတ်ဖော်ပြထားပါတယ်။

AI ကို ကိုးကားချက်ဖော်ပြရာမှာ Harvard style ကို အခြေခံကာ လိုက်နာသုံးစွဲရပါမယ်။ AI tools ကို သုံးပြီး ရေးသားခြင်းဖြင့် ထွက်လာတဲ့ အကြောင်းအရာများကို Harvard style ဖြင့် စနစ်တကျ ရည်ညွန်းကိုးကား ချက်ပေးရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ OpenAI ရဲ့ ChatGPT tool မှ ထုတ်ပေးထားတဲ့ အကြောင်းအရာများကို (OpenAI, 2024) လို့ ရည်ညွှန်းကာ ဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရည်ညွန်း ကိုးကားချက်စာရင်းမှာ AI tool ရဲ့ version၊ အသုံးပြုခဲ့တဲ့နေ့ရက်နဲ့ URL link တို့ကို ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်အား AI ကို ရည်ညွှန်းကိုးကားချက်များပြုလုပ်ရာမှာ လိုက်နာရမယ့်လမ်းညွန်ချက်များမှာ လေ့သာဖတ်ရှုနိုင်ပါတယ်။

Assignment ရေးသားတင်ပြချက်များမှာ AI-generated content ၆၀ ရာခိုင်နှုန်းနဲ့အထက် ကျော်လွန်မှုပါက assignment တင်သွင်းခွင့်ရရှိနိုင်မှာမဟုတ်ဘဲ ပြင်ဆင်ခြင်းများ၊ ထပ်မံစစ်ဆေးခြင်းများ၊ ကိုယ်ပိုင် ရေးသားချက်ဖြစ်ကြောင်း သက်သေပြရခြင်းများ လုပ်ဆောင်ရပါမယ်။ ၆၀ ရာခိုင်နှုန်းမကျော်လွန် ပေမယ့်လည်း AI tools များကို အကျင့်ပျက်စည်းကမ်းလိုက်နာမှုမရှိဘဲ အသုံးပြုမှုများအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သေးတာကို သတိထားစေလိုပါတယ်။ ဒါကြောင့် ကျောင်းသားများအနေနဲ့ AI ကို အသုံးပြုတဲ့အခါ သေချာစွာရည်ညွှန်းကိုးကားချက်ပေးခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်များထည့်သွင်း ရေးသားခြင်းတို့ကို ဦးစားပေးပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပညာရေးမှာ AI အသုံးပြုခြင်းက အထောက်အကူ ဖြစ်စေတဲ့အရာဖြစ်ပေမယ့်လည်း သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ အသုံးပြုမှသာ ကျောင်းသားရဲ့ ပညာရေးကောင်းမွန်မှု၊ ကျင့်ဝတ်ကောင်းမွန်မှုတို့ကို ပြသနိုင်မှာပဲ ဖြစ်ပါတယ်။

Comment ပါပုံမှာ ChatGPT ကို အသုံးပြုသင့်/မသင့် သတ်မှတ်ခြင်းအတွက် ဘယ်လိုဆုံးဖြတ်နိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။

ကနဦးအစမှာ “ထွက်လာတဲ့ ရလဒ်အမှန်ဖြစ်ဖို့ အရေးကြီးလား” ဆိုတဲ့မေးခွန်းနဲ့ စတင်ပါမယ်။ အဖြေက “မဟုတ်ပါ” ဆိုပါက ChatGPT ကို လုံခြုံစွာအသုံးပြုနိုင်ပါတယ်။ အဖြေ “ဟုတ်ပါသည်” ဆိုပါက နောက်ထပ် မေးခွန်းဖြစ်တဲ့ “ရလဒ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ကျွမ်းကျင်မှု သင့်မှာရှိပါသလား” ဆိုပြီး ဆက်မေးရပါမယ်။ အဖြေက “မရှိပါ” ဆိုပါက ChatGPT ကို အသုံးပြုတာ မလုံခြုံနိုင်ပါဘူး။ "ရှိပါတယ်" ဆိုပါက နောက်ထပ် “ရလဒ်အမှားများအတွက် တာဝန်ယူရန် စိတ်ဆန္ဒရှိပါသလား” ဆိုပြီး မေးပါမယ်။ အဖြေက “မရှိပါ” ဆိုပါကလည်း ChatGPT ကို အသုံးပြုဖို့ မလုံခြုံပါဘူး။ အဖြေက “ရှိပါတယ်” ဆိုပါက ChatGPT ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို စိစစ်ပြီး အမှန်တကယ် ခိုင်လုံတဲ့ ရင်းမြစ်တွေ ရှိ/မရှိ သေချာစွာ စစ်ဆေးဖို့လိုပါဦးမယ်။

source: Aleksandr Tiulkanov (Linkedin)

U Myo Htet Naing

B.Com (Hons), M.Com (YIE)