လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မဟာဗျူဟာများ

Diversity  ဆိုတဲ့ ဝေါဟာရဟာ ရှုပ်ထွေးတဲ့ ပြဿနာများစွာရဲ့ မူလအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ ဝန်ထမ်းများမှာ စီးပွားရေး၊ ဘာသာရေး ယုံကြည်ချက်များ၊ လူမျိုးရေးခွဲခြားမှုများ စတဲ့အကြောင်းအရာတွေ အပါအဝင် မတူညီတဲ့ နယ်ပယ်များစွာမှ လူမြောက်များစွာ ပါဝင်ပါတယ်။ မတူကွဲပြားမှုများဟာ သင့်ကုမ္ပဏီကို လုပ်ငန်းခွင်အတွင်း အားသာချက်များကို ယူဆောင်ပေးနိုင်သလို စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်တွေ့ကြုံ နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုများရှိလာပါက  အပြုသဘောဆောင်တဲ့ လုပ်ထုံးလုပ်နည်းများနဲ့ နည်းဗျူဟာများကို လုပ်ငန်းပိုင်ရှင်များက ကိုင်တွယ်ဖြေရှင်းဖို့၊ ကုမ္ပဏီရဲ့တန်ဖိုးများနဲ့ ကိုက်ညီတဲ့ မူဝါဒများ ဖန်တီးဖို့ လိုအပ်ပါတယ်။

၁။ ပြနာများကို သတ်မှတ်ပါ။

ကုမ္ပဏီရဲ့ မူဝါဒများဟာ ကျား၊မ ရေးရာ ပြဿနာများ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ မသန်မစွမ်းမှု၊ လူမျိုးရေးနဲ့ ဘာသာရေးအပါအဝင် ကွဲပြားမှု ပြဿနာများစွာ ရှိနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဟာ လူတိုင်းအတွက် အလုံးစုံလက်ခံနိုင်မှု၊ အားလုံးပါဝင်နိုင်မှုနဲ့ တန်းတူညီမျှသော အခွင့်အရေးရရှိရေးဆိုပေမယ့်လည်း စီးပွားရေး ခေါင်းဆောင်များဟာ မူဝါဒအပြောင်းအလဲပြုလုပ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါက သီးခြားကွဲပြားမှု ပြဿနာများကိုလည်း ဆန်းစစ်သင့်ပါတယ်။ ယနေ့ခေတ်စီးပွားရေး လုပ်ငန်းခွင်အတွင်း သာမန်ဥပမာများစွာကို တွေ့မြင်နိုင်ပါတယ်။ မတူကွဲပြားမှုဝါဒတစ်ခုမှာ လူတွေ့စစ်ဆေးခြင်းနဲ့ အလုပ်ခန့်အပ်ခြင်းလုပ်ငန်းစဉ်မှာ လူတစ်ဦးရဲ့ အသက်ကို မေးမြန်းခြင်းကဲ့သို့ အပြုအမူများကို ရှောင်ရှားနိုင်ခြင်း ဖြစ်ပါတယ်။

၂။ မိမိရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာများကို မီးမောင်းထိုးပြခြင်း။

တချို့ကုမ္မဏီများဟာ ဝန်ထမ်းများရဲ့ ခြားနားချက်များကို အသိအမှတ်ပြုတန်ဖိုးထားဖို့ မတူညီတဲ့ နည်းလမ်းများကို ကျင့်သုံးကြပါတယ်။ မတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းက စာနဲ့ရေးထားတဲ့ တရားရေးဆိုင်ရာမူဝါဒများကို ကာကွယ်ဖို့မဟုတ်ပါဘူး။ မိမိရဲ့အဖွဲ့အင်အားတည်ဆောက်ရာမှာ တစ်ဦး တစ်ယောက်စီရဲ့ ပုဂ္ဂိုလ်ရေးထူးခြားမှုများကို လက်ခံနိုင်ခြင်းရှိစေဖို့ မီးမောင်းထိုးပြပြီး လုပ်ဖော်ကိုင်ဖက်များကို ကမ်းလှမ်းခြင်း ဖြစ်ပါတယ်။

၃။ ကုမ္ပဏီရဲ့ ပန်းတိုင်များကို လိုက်နာဖို့ မူဝါဒများ ချမှတ်ပါ။

မတူကွဲပြားမှုဆိုင်ရာ ပြဿနာများနဲ့ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းသိရှိပြီးပါက အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာများကို ကြည့်ရှုဖို့ လိုအပ်ပါတယ်။ Mission ထုတ်ပြန်ချက်မှာ သတ်မှတ်ထားတဲ့အတိုင်း ကုမ္ပဏီရဲ့ ကျင့်ဝတ်၊ ကုမ္ပဏီမှ ချမှတ်ထားတဲ့ တန်ဖိုးနဲ့ စံနှုန်းများကို စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်တဲ့ မူဝါဒများကို ဖော်ဆောင်ပါ။ 

၄။ မတူကွဲပြားမှုဆိုင်ရာ မူဝါဒများကို မျှဝေခြင်း။

မတူကွဲပြားမှု မူဝါဒကို ရေးဆွဲပြီးပါက ဝန်ထမ်းလက်စွဲစာအုပ်များမှာ ရှင်းရှင်းလင်းလင်းထည့်သွင်းဖော်ပြပြီး  ဝန်ထမ်းများအားလုံး သိရှိပြီးကြောင်း လက်မှတ်များထိုးဖို့ လိုအပ်ပါတယ်။ မူဝါဒများကို ပြန်လည်သုံးသပ်ကာ အကျိုးသက်ရောက်မှုများကို ရှင်းပြဖို့အတွက် ကုမ္ပဏီမှ သင့်လျော်တဲ့ သင်တန်းများကို မဖြစ်မနေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မတူကွဲပြားမှု ပြဿနာများကို ဖြစ်ပေါ်လာနိုင်တဲ့ အလားတူအခြေအနေများကို ဥပမာပေးပါ။ တချို့သော မန်နေဂျာများဟာ ပြဿနာရှိနိုင်တဲ့ကဏ္ဍများကို ပါဝင်လုပ်ဆောင်ဖို့နဲ့ ပြန်လည်သုံးသပ်ဖို့အတွက် အဖွဲ့ဝင်များနဲ့ တစ်ဦးချင်းတွေ့ဆုံမှုများကိုလည်း ပြုလုပ်ပေးရပါမယ်။

၅။ ဝန်ထမ်းများ တာဝန်ယူမှုရှိပါစေ

ကွဲပြားမှုမူဝါဒကို လိုက်နာရ ပျက်ကွက်မှုအတွက် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများပါဝင်ဖို့ လိုအပ်ပါတယ်။ ကျူးလွန်သူတွေကို အလွဲသုံးစားပြုမှုများ တိုင်ကြားဖို့နဲ့ ဒါတွေကို ဖြေရှင်းဖို့ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့ စောင့်ထိန်းရမယ့်တာဝန်များကို သင်ပြပေးဖို့ လိုအပ်ပါတယ်။ မသင့်လျော်တဲ့ အပြုအမူများ ဆက်လက်ရှိနေပါက ဆိုင်းငံ့ခြင်း ဒါမှမဟုတ် အမြဲတမ်းထုတ်ပယ်ခြင်းမှ အရေးယူခြင်းများကိုလည်း ကျင့်သုံးနိုင်ပါတယ်။

၆။ အပြောင်းအလဲကို ဆက်ပြီးလုပ်ဆောင်ပါ။

မတူကွဲပြားမှုဟာ Corporate ယဉ်ကျေးမှုနဲ့ ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုအတွက်ပဲ မဟုတ်ပါဘူး။ ပြောင်းလဲနေတဲ့ ဥပဒေများနဲ့ ကိုက်ညီဖို့ ရှိပြီးသားမူဝါတွေကို ချိန်ညှိပြီး မတူကွဲပြားမှုဆိုင်ရာ ပြဿနာများနဲ့ ဆုံးဖြတ်ချက်အသစ်များအတွက် ဝန်ထမ်းများနဲ့ ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

Kimberlee Leonard ရဲ့ Five Strategies for Dealing with Diversity in the Workplace ဆောင်းပါးကို  Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS

MBA ( Assumption University, Thailand)