"2024 မှာ သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ပေးမယ့် အလေ့အကျင့် (3) ခု"

သင်ကိုယ်တိုင်က သင့်ဘဝအတွက် ခေါင်းဆောင်တစ်ယောက်ပါပဲ။ သင့်ရဲ့ဘဝကို သင်ကိုယ်တိုင်ဦးဆောင်ပြီး ထုဆစ်ပုံဖော်ရမှာပါ။ အဲ့လိုဦးဆောင်ရတဲ့အခါ သင့်မှာ အရည်အချင်းတွေ လိုအပ်လာပါပြီ။ ဒီလိုအရည်အချင်း တွေရဖို့ အများကြီး ပြောင်းလဲစရာမလိုပါဘူး။ အခြေခံအားဖြင့် ကျင့်သုံးသင့်တဲ့ အလေ့အကျင့် (၃) ခု ရှိပါတယ်။ အဲ့ဒီအလေ့အကျင့် (၃)ခုကို အတိုကောက် “3M” လို့ ပြောလို့ရပါတယ်။

၁။ Minimalism

အခု‌နောက်ပိုင်း လူအများကြားမှာ Minimalism ဆိုတာ ခေတ်စားလာပါတယ်။ Minimalism ဆိုတာ ဘဝကို တတ်နိုင်သမျှ အရိုးရှင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားတဲ့ ဝါဒတစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အားလုံး သိတဲ့ Meta ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Mark Zuckerberg ဟာ မီးခိုးရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကို နေ့တိုင်းနီးပါး ၀တ်ဆင်လေ့ရှိတယ်ဆိုတာ အားလုံးပဲ သိကြမှာပါ။ နောက်ထပ် Barack Obama နဲ့ Bill Gates တို့လို လူသိများတဲ့ သူတွေဟာလည်း အလုပ် ဒါမှမဟုတ် လူအများကြားမှာ အလားတူအ၀တ်အစားများ ဝတ်ဆင်လေ့ရှိကြပါတယ်။

ဒီလို Minimalist ဝါဒကို ကျင့်သုံးမယ်ဆိုရင် သင်ဟာ သင့်ပတ်ဝန်းကျင်က လူအများက သင့်အသွင်အပြင်နဲ့ ပတ်သက်ပြီး ချက်ချင်း သတိထားမိနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ရဲ့အတွေးတွေ energy တွေကို တကယ် အရေးကြီးတဲ့နေရာကို အာရုံစိုက်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းကို တခြားနေရာ တွေမှာလည်း အသုံးချနိုင်ပါတယ်။ ဥပမာအနေနဲ့ လုပ်ငန်းခွင်မှာ သင့်အဖွဲ့ဝင်တွေအတွက် သတ်မှတ်ထားတဲ့ အစည်းအဝေးအရေအတွက်ကို လျှော့ချခြင်းဖြင့် အလုပ်ရက်သတ္တပတ်တစ်လျှောက်လုံး ပိုမိုထိရောက်စွာ အလုပ်လုပ်နိုင်စေမှာ အမှန်ပါပဲ။

၂။ မနက်ပိုင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အကျင့် (Morning Routine)

မနက်ခင်းတိုင်းမှာ Golden Hours လို့ ခေါ်တဲ့ တကယ့်ကို တန်ဖိုးရှိတဲ့ အချိန်များစွာ ပါဝင်ပါတယ်။ အဲ့ဒီအချိန်ဟာ သင်တစ်နေ့တာအတွက် သင့် energy ကို ချွေတာပြီး အလုပ်တွေနဲ့ စိန်ခေါ်မှုအရှိဆုံးအရာတွေကို ပြီးမြောက်အောင်မြင်ဖို့ အားထုတ်မှုအရှိဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သင်အောင်မြင်လိုတဲ့အရာတွေကို မြင်ယောင်ပြီး သင်စီစဉ်ထားတဲ့ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးအတွက် ရည်ရွယ်ချက်များနဲ့ ရလဒ် များကိုချမှတ်ခြင်းအားဖြင့် ထူးခြားတဲ့နေ့တစ်နေ့အဖြစ် သင်ကိုယ်တိုင်သတ်မှတ်ဖို့အတွက် အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ကျော်ကြားတဲ့ Life Coach တစ်ယောက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ တစ်ယောက်လည်းဖြစ်တဲ့ Tony Robbins ဟာ သူ့ရဲ့ မနက်ခင်းတိုင်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း၊ မနက်စာကို သေချာစားခြင်း၊ ရေအေးနဲ့ရေချိုးခြင်း တို့ကို မနက်တိုင်းလုပ်လေ့ရှိတယ်လို့ လူသိများကြပါတယ်။ တကယ်လို့ သင်ဟာ ရေအေးနဲ့ ရေချိုးခြင်းကို သဘောကျသူမဟုတ်ရင်လည်း သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီး သေချာဂရုစိုက်တတ်ဖို့ လိုတယ်ဆိုတာ သင့် အနေနဲ့ မေ့မထားသင့်ပါဘူး။

၃။ တာဝန် (Mission)

"မင်းရဲ့ဘဝကို ကမ္ဘာကြီး ကောင်းကျိုးပြုတဲ့နေရာမှာ အသုံးချပါ၊ ဒါဆိုရင် အဲ့ဒါက မင်းကိုပြန်ပြီး အကျိုးပြု ပေးမှာပါ" လို့ Oprah Winfrey က 2011 Lifeclass မှာပြောခဲ့ပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သင့်ရဲ့တာဝန်က ဘာလဲဆိုတာ အဖြေရှာပြီး သင့်ထက် ပိုကြီးအောင်လုပ်ရပါမယ်။ ဆိုလိုတာက သင့်ဘဝ၊ သင့်ရဲ့ခေါင်းဆောင်မှုအသက်မွေးဝမ်းကြောင်းဟာ သင့်ရဲ့ကိုယ်ပိုင်ကျေနပ်မှု ဒါမှမဟုတ် သင့်အကျိုးအမြတ်ထက် ပိုမိုကြီးမားအောင်လုပ်ဖို့ လိုပါတယ်။ ဒါကို သင် သဘောပေါက်လာတဲ့အခါ ဒါဟာ သင့်အတွက် လွတ်လပ်မှု တစ်ခုဖြစ်စေပါတယ်။ တကယ်တော့ အကြီးမားဆုံး စိတ်ကျေနပ်မှုဆိုတာ သူတစ်ပါးကို ပြန်ပေးကမ်းခြင်းကနေလာတာပါ။

ခေါင်းဆောင်တစ်ယောက်ဖြစ်ခွင့်ရခြင်းဆိုတာ ကံကောင်းတဲ့ ရာထူးတစ်ခုကို ပိုင်ဆိုင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်မှာ သင့်အဖွဲ့အစည်း၊ သင့်လုပ်ငန်းခွင်နဲ့ သင့်ပတ်ဝန်းကျင်ကမ္ဘာအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို အကျိုးသက်ရောက်မှုရှိနိုင်တဲ့ အခွင့်အာဏာ၊ ပါဝါနဲ့ မြင်နိုင်စွမ်းရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ တမူထူးခြားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ ကြိုးစားတဲ့အခါ သင့်အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးဂရုစိုက်ဖို့နဲ့ သင့်အဖွဲ့ဝင်တွေက အရေးကြီးဆုံးဆိုတာ လက်ကိုင်ထားသင့်ပါတယ်။ ဒီလိုလုပ်ဆောင် ခြင်းအားဖြင့် သင့်အဖွဲ့ဝင်တွေအတွက်လည်း အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဥ်ကျေးမှုကို ဖန်တီးပေးနိုင်မှာ အမှန်ပါပဲ။ ဒါ့အပြင်၊ သင့်အဖွဲ့၀င်တွေကို သင့်တော်သလို အခွင့်အာဏာပေးထားတဲ့အခါ သူတို့အတွက် အလုပ်နဲ့ ပတ်သက်ပြီးကျေနပ်မှုနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုတို့ကို ပံ့ပိုးပေးနိုင်ပြီး သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

ဒီ “3M” ဟာ ရိုးရှင်းတဲ့ သင်ခန်းစာတစ်ခုဖြစ်ပေမယ့် လက်ခံကျင့်သုံးလိုက်တာနဲ့ သင့်ကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးအတွက် အပြုသဘောဆောင်တဲ့ တွန်းအားဖြစ်စေနိုင်မှာ အမှန်ပါပဲ။ ဒီဆောင်းပါးကို Rachel Wells ရဲ့ Forbes Magazine မှာ ရေးသားထားတဲ့ “3 Leadership Habits That Make You Stand Out As A Leader In 2024” ခေါင်းစဥ်ကို သင့်တော်သလို ဘာသာပြန်ထားပါတယ်။

References

Wells, R., 2024. 3 Leadership Habits That Make You Stand Out As A Leader In 2024. [Online]

Available at: https://www.forbes.com/.../3-leadership-habits-that.../...

[Accessed 25 February 2024].

Daw Hninn Pwint Oo

B.Com(Q), M.Com (Meiktila University of Economics)