Value Engineering - စနစ်တကျနည်းလမ်းဖြင့် တန်ဖိုးတက်အောင်ပြုလုပ်ခြင်း

ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို စတင်အကောင်အထည်မဖော်ခင်မှာ လုပ်ငန်းရှင်တွေ၊ ပိုင်ရှင်တွေ ဆီက တူညီတဲ့မေးခွန်းတစ်ခု အမြဲတမ်းမေးလေ့ရှိကြပါတယ်။ အကောင်းဆုံးရလဒ်ကို သတ်မှတ်အချိန်တို အတွင်းမှာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ဘယ်လိုရနိုင်မလဲ? ဆိုတဲ့မေးခွန်းပါ။ ဒီလိုပဲ လက်တွေ့လုပ်ကိုင်မယ့် ကန်ထရိုက်တာတွေကလည်း အလားတူမေးခွန်းမျိုးနဲ့ သူတို့လုပ်ရမယ့် အလုပ်တစ်ခုချင်းစီအတွက် ချဉ်းကပ်လေ့ ရှိကြပါတယ်။ Project တစ်ခုအတွက် ရနိုင်မယ့် ဘတ်ဂျက်၊ အချိန်ကန့်သတ်ချက်နဲ့ သုံးရမယ့်အရင်းအမြစ်တွေ အတွင်းမှာ သတ်မှတ်ချက်၊ စံချိန်စံညွှန်းနဲ့ လျော်ညီအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ?။ ဒီလိုအလားတူ မေးခွန်းတွေအတွက် “Value Engineering” က အဖြေတစ်ခုပါပဲ။ Value Engineering (တန်ဖိုးတက်အောင် လုပ်ခြင်း) ဆိုတာက သတ်မှတ်ထားပြီးသား Parameter (ကန့်သက်ချက်ဘောင်များ)၊ Specifications (အသေးစိတ်ဖော်ပြချက်) များအတွင်း ပရောဂျက်တန်ဖိုးကို တိုးမြှင့်ဖို့အတွက် စနစ်တကျအသုံးပြုတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။

“Value” (တန်ဖိုး) ဆိုတာက အသုံးဝင်မှု (Functionality) နဲ့ ကုန်ကျစရိတ် (Cost) တို့ကြား ဆက်နွယ်မှုဖြစ်ပါတယ်။ Value Engineering က ပရောဂျက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ ပစ္စည်းများ၊ နည်းစနစ်များ၊ စက်ကိရိယာများနဲ့ လုပ်ငန်းစဉ်များကို ခွဲခြမ်းစိတ်ဖြာပြီး ရလဒ်ချင်းတူရင်တောင် ပိုပြီး ကောင်းမွန်တဲ့တန်ဖိုးကို ပေးနိုင်မယ့် တခြားသောရွေးချယ်စရာကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ Value Engineering နည်းလမ်းတွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းအရည်အသွေး ဒါမှမဟုတ် လုပ်ငန်းဆောင်တာအပေါ်မှာ လျှော့ချခြင်းမရှိဘဲနဲ့ ကုန်ကျစရိတ်လျှော့ချခြင်းနည်းလမ်း ပါ၀င်ပါတယ်။ ကုန်ကျစရိတ်လျှော့ချဖို့ကိုသာ ဦးစားပေးတဲ့ Traditional Cost-cutting နည်းလမ်းနဲ့မတူဘဲ စနစ်ကျတဲ့နည်းလမ်းတစ်ခုပါ။ အကြောင်း အရင်းကတော့ Value Engineering က တူညီတဲ့စျေးနှုန်းဖြင့် တန်ဖိုးကိုမြှင့်တင်နိုင်ဖို့ (ဒါမှမဟုတ်) ကုန်ကျစရိတ် လျှော့ချစဉ် အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် တခြားသော ရွေးချယ်စရာများ ရှာဖွေခြင်းဖြင့် တန်ဖိုးတက်အောင်လုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

🟦Value Engineering မှာ ထည့်သွင်းစဉ်းစားရမယ့်အချက်များ

🟦ကုန်ကျစရိတ် (Cost)

ဈေးနှုန်းကဘယ်လောက်လဲ? ကုန်ကျစရိတ်နည်းတဲ့ တခြားရွေးချယ်မှုက တူညီတဲ့လုပ်ဆောင်ချက်ကို ပေးနိုင်မှာ သေချာသလား? ဥပမာ- ကောင်တာခုံကို Quartzite နဲ့ပြုလုပ်ခြင်းအစား Quartz နဲ့ပြုလုပ်ခြင်းက အရောင်နဲ့ ကြာရှည်ခံနိုင်မှု သတ်မှတ်ချက်များတူညီပြီး ကုန်ကျစရိတ်ကို 10% လျှော့ပေးနိုင်ခြင်း။

🟦အသုံးဝင်မှုနဲ့လုပ်ဆောင်ချက် (Function)

ကိုယ်စဉ်းစားနေတဲ့အစိတ်အပိုင်းက ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုပေးတာလဲ? ဈေးနှုန်းကိုသိသိသာသာ တိုးခြင်းမရှိဘဲ တူညီတဲ့လုပ်ဆောင်ချက်ကိုပေးနိုင်မှာလား? ဒါမှမဟုတ် ပိုကောင်းတဲ့အသုံးဝင်မှုဖြစ်စေမှာလား? ဥပမာ- မူလစီစဉ်ထားတာထက် 3% အပိုကုန်ကျတဲ့ပြတင်းပေါက်တစ်ခုမှာ အပူထိန်းညှိမှုအားကူညီပေးတဲ့ Special Coating တွေပါရှိပြီး အဆောက်အဦးရဲ့စွမ်းအင်ကုန်ကျစရိတ်ကို 6% လျှော့ပေးနိုင်ခြင်း။

🟦ကြာရှည်ခံမှု (Longevity)

ဘယ်လောက်အထိကြာကြာခံမှာလဲ? အာမခံချက်ကဘယ်လိုမျိုးလဲ? ရေရှည်မှာရော ကုန်ကျစရိတ်ကို ချွေတာနိုင်ပြီး ပိုကြာရှည်ခံမယ့်အရာရှိမလား? ဥပမာ- ဒီဇိုင်းအဖွဲ့မှသတ်မှတ်ထားတဲ့ ပစ္စည်းများထက် 5%

ပိုကုန်ကျတဲ့ ပိုက်ဆက်ပစ္စည်းများက သံချေးတက်ခြင်းကိုအပြည့်အဝအာမခံပြီး ပင်လယ်နဲ့ဆက်စပ်တဲ့ Structure များအတွက် အထူးသင့်တော်ခြင်း။

🟦ကြာမြင့်ချိန် (Lead Time)

ဝယ်ယူဖို့၊ လုပ်ဆောင်ဖို့ ဘယ်လောက်အချိန်ယူမှာလဲ? အရည်အသွေးကိုထိခိုက်မှုမရှိဘဲ ကြာမြင့်ချိန်လည်း နည်းတဲ့ ရွေးချယ်မှုရှိမလား? ဥပမာ- Epoxy Flooring က တခြားရွေးချယ်စရာများထက် ပိုကုန်ကျပေမယ့် တခြားအရာများ ကြာမြင့်ချိန်ထက် လေးပုံတစ်ပုံအတွင်း ဝယ်ယူလုပ်ဆောင်နိုင်ပြီး Schedule ကို သိသိသာသာ လျော့သွားအောင်ပြုလုပ်နိုင်ခြင်း။

🟦Value Engineering ကို ဘယ်အချိန်မှာလုပ်ဆောင်သင့်လဲ?

များသောအားဖြင့် အပြောင်းအလဲလုပ်ရလွယ်ပြီး ပရောဂျက်ကိုနှောင့်နှေးခြင်းမရှိဘဲ နည်းလမ်းအသစ်ကို ရှာဖွေနိုင်တဲ့ Planning Stage, Pre-Construction Stage တွေမှာ လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ပိုင်ရှင်က ကုန်ကျစရိတ်သက်သာနိုင်တဲ့ နည်းလမ်းကိုညှိနှိုင်းနိုင်မှာဖြစ်သလို ကန်ထရိုက်တာကလည်း ကုန်ကျစရိတ်နည်းပြီး အရည်အသွေးမှာလည်း ပြဿနာမရှိတဲ့နည်းလမ်းကို ပြန်လည်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ Construction Stage ရောက်မှ Value Engineering အတွက် အဖြေထုတ်မယ်ဆိုရင်တော့ ရှုပ်ထွေးတဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်ပါတယ်။

ဥပမာ-မမျှော်လင့်ထားတဲ့ ကုန်ကျမှုတွေများနေတဲ့ ပရောဂျက်ကို သတ်မှတ်ဘတ်ဂျက်အတွင်း ပြန်လည်ရောက်ရှိစေဖို့ ကျန်တဲ့အစိတ်အပိုင်းတွေမှာ Value Engineering လုပ်လို့ရပါတယ်။ ဒါပေမဲ့ Construction လုပ်နေစဉ်အတွင်း ပြုလုပ်တဲ့အပြောင်းအလဲများက Schedule နှောင့်နှေးခြင်းကိုဖြစ်စေနိုင်ပါတယ်။

🟦Value Engineering လုပ်ဆောင်မှု

ဥပမာ- အင်ဂျင်နီယာကုမ္ပဏီတစ်ခုက သတ်မှတ်ထားတဲ့ ဘတ်ဂျက်အတွင်း တံတားတစ်ခု ဒီဇိုင်းဆွဲဖို့ တာဝန်ယူထားပြီး ကနဦးဒီဇိုင်းမှာ ဈေးကြီးတဲ့ပစ္စည်းများနဲ့ ရှုပ်ထွေးတဲ့အင်္ဂါရပ်တွေ ပါဝင်နေနိုင်ပါတယ်။ ပထမဆုံး ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်အနေနဲ့ အင်ဂျင်နီယာအဖွဲ့က တံတားတစ်ခုလုံးရဲ့ဒီဇိုင်းကို ခွဲခြမ်းစိတ်ဖြာပြီး ပစ္စည်းအသုံးပြုမှုနဲ့ ဆောက်လုပ်ရေးနည်းလမ်းကဲ့သို့ ကုန်ကျစရိတ်ကိုလျှော့ချနိုင်မယ့် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို ခွဲခြားသတ်မှတ်ရပါမယ်။ ဆွေးနွေးမှုရလဒ်တစ်ခုအနေနဲ့ Decking အတွက် ကွန်ကရစ်ကို ဆိုဒ် (Site) မှာ လောင်းမယ့်အစား ကြိုတင်သွန်းလောင်းထားတဲ့ ကွန်ကရစ် (Precast) တွေကိုသုံးမယ်ဆိုရင် အလုပ်သမားအင်အားနဲ့ အချိန်ကို လျှော့ချနိုင်ပါလိမ့်မယ်။ နောက်တစ်ဆင့် အကဲဖြတ်ခြင်းမှာ Precast ရဲ့ ကုန်ကျစရိတ် ခန့်မှန်းချက်နဲ့ တည်ဆောက်မှုဆိုင်ရာ အခြေအနေများက ဘေးကင်းရေးစံနှုန်းများနဲ့ အရည် အသွေးကို ထိခိုက်ခြင်းမရှိဘဲ ကုန်ကျစရိတ်ကိုသက်သာစေမှာလားဆိုတာ အတည်ပြုရပါမယ်။ နောက်ဆုံးအဆင့် အကောင်အထည်ဖော်တဲ့အခါမှာတော့ အင်ဂျင်နီယာအဖွဲ့က Precast အသုံးပြုခြင်းနဲ့ ဆက်စပ်တဲ့ ကုန်ကျစရိတ် အသီးသီးကို ထည့်သွင်းတွက်ချက်ပြီး ဒီဇိုင်းကိုပြန်လည်ပြင်ဆင်ခြင်းဖြစ်ပါတယ်။

Value Engineering က Cost ကို Functionality နဲ့ Quality တို့ဖြင့်ချိန်ညှိကာ ထုတ်ကုန်များ၊ လုပ်ငန်းစဉ်များရဲ့ တန်ဖိုးကိုအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အသုံးပြုတဲ့ စနစ်တကျနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Performance အပေါ်ထိခိုက်မှုမရှိဘဲ ကုန်ကျစရိတ်ကိုသာ လျှော့ချနိုင်ဖို့နည်းလမ်းများကို ဖော်ထုတ်ခြင်း (ဒါမှမဟုတ်) အရည်အသွေး၊ လုပ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်မယ့် တခြားသော ရွေးချယ်စရာများကို ရှာဖွေခြင်းတို့ ပါဝင်ပါတယ်။ Value Engineering ဟာ အမျိုးမျိုးသောနယ်ပယ်အသီးသီးမှာ တီထွင် ဆန်းသစ်နိုင်မှု၊ ကုန်ကျစရိတ်သက်သာမှုနဲ့ အရည်အသွေးတို့ကြောင့် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်လာပြီး အောင်မြင်မှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။

Procore Website မှ Matte Peter နဲ့ James Hamilton ရေးသားထားတဲ့ “Value Engineering in Construction: 6 Steps to Increase Project Value” ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

https://www.procore.com/library/value-engineering

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University