Tiffany and Co ရဲ့ စိမ်းပြာရောင်ဘူးလေး မြင်တာနဲ့ ရင်ခုန်စေတဲ့သင်္ကေတဖြစ်စေခဲ့တာ ဘာကြောင့်လဲ ?

မိန်းကလေးတွေကို ရင်ခုန်စေတဲ့ Tiffany & Co ရဲ့ စိမ်းပြာရောင်ဘူးလေးတွေက တစ်ကမ္ဘာလုံးမှာ သိသာထင်ရှားတဲ့ သူတို့အမှတ်တံဆိပ်ရဲ့ အထင်ကရ အမှတ်အသားတစ်ခု ဖြစ်နေပါတယ်။ Tiffany and Co အမှတ်တံဆိပ်ကို ၁၈၃၇ ခုနှစ်မှာ Founder – Charles Lewis Tiffany က တည်ထောင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ သူတို့ရဲ့ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Luxury brand တစ်ခုဖြစ်တဲ့ Tiffany and Co အတွက် သူတို့ရဲ့ အမှတ်သင်္ကေတဖြစ်လာတဲ့ စိမ်းပြာရောင်ကို ၁၈၄၅ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအရောင်ကို ရွေးချယ်ခဲ့တဲ့အကြောင်းအရင်း ကတော့ ၁၉ ရာစုကာလက စိမ်းပြာရောင်ကျောက်မျက်ရတနာနဲ့ ပြုလုပ်ထားတဲ့ ရင်ထိုး၊ လက်ဝတ် ရတနာတွေက မင်္ဂလာဆောင်လက်ဖွဲ့တွေအဖြစ် ပေးတာ‌ခေတ်စားပြီး အဲ့အရောင်က ရေပန်းစားခဲ့တယ်လို့လည်း ပြောကြတာတွေရှိပါတယ်။

Tiffany အမှတ်တံဆိပ်အနေနဲ့ ကုမ္ပဏီရဲ့ နှစ်စဉ်အသစ်ထွက်ရှိတဲ့ လက်ဝတ်ရတနာနဲ့ တန်ဖိုးမြင့်မားတဲ့ ထုတ်ကုန်တွေကို ပြသတဲ့ စာအုပ်ရဲ့အဖုံးအဖြစ် အထင်ကရစိမ်းပြာရောင်ကို စတင်သုံးစွဲခဲ့ပါတယ်။ အဲ့ဒီအရောင်ကိုပဲ နောက်ပိုင်းမှာတော့ ဘူးတွေနဲ့ ထုပ်ပိုးမှုပစ္စည်းတွေ၊ ကြော်ငြာတွေမှာ တွင်တွင် ကျယ်ကျယ်အသုံးပြုခဲ့ပါတယ်။ နှစ်အတော်ကြာ ထိုစိမ်းပြာရောင်ကိုပဲ brand နဲ့တွဲပြီး ကြော်ြငာမှုတွေနဲ့ branded ထုပ်ပိုးမှုတွေလုပ်တဲ့အတွက် Tiffany အမှတ်တံဆိပ်နဲ့ စိမ်းပြာရောင်ကို လူတွေက ကောင်းကောင်းလေးတွဲပြီး မှတ်မိလာကြပါတယ်။ သေသပ်လှပစွာထုပ်ပိုးထားတဲ့ Tiffany ရဲ့ စိမ်းပြာရောင်၊ သူတို့အခေါ် “Tiffany Blue Box” တွေကို ဘူးအလွတ်တွေရောင်းပေးဖို့ ပိုင်ရှင်ဖြစ်တဲ့ Charles ကို တောင်းဆိုမှုတွေ များလာခဲ့ပါတယ်။ Charles အနေနဲ့ အဲ့လိုရောင်းချပေးဖို့ တောင်းဆိုမှုတွေကို ငြင်းဆိုခဲ့ပြီး သတင်းထောက်တွေကိုပါ ဖိတ်ကြားကာ Tiffany ရဲ့ box တွေက Tiffany ကနေ လက်ဝတ်ရတနာဝယ်ယူသူတွေအတွက်သာ သီးသန့်ပြုလုပ် ထားတာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲ့ဒီသတ်မှတ်ချက်က ယနေ့အထိ အသက်ဝင်နေတုန်းပဲ ဖြစ်ပါတယ်။

Tiffany အမှတ်တံဆိပ်ကို လူသိများစေခဲ့တဲ့အချက်နောက်တစ်ခုကတော့ မင်းသမီး Audrey Hepburn ပါဝင်သရုပ်ဆောင်ထားတဲ့ “Breakfast at Tiffany” ရုပ်ရှင်ကားကြောင့်လည်း ဖြစ်ပါတယ်။ Charles အနေနဲ့ သူ့ရဲ့ Tiffany Blue box တွေကို ဘယ်လောက်ထိတောင်ကာကွယ်ခဲ့လဲဆိုရင် ထိုရုပ်ရှင် ရိုက်ကွင်းအတွက် လုံခြုံရေးထားရာမှာ လက်ဝတ်ရတနာတွေအတွက်သာမက သူတို့ရဲ့ Tiffany စိမ်းပြာရောင်ဘူးတွေကို ဘူးအလွတ်မပါသွားစေဖို့ပါ အစောင့်များထားရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ Tiffany အမှတ်တံဆိပ်အတွက် အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ အဲ့ဒီစိမ်းပြာရောင် “Tiffany Blue Box” တွေကို ကုန်အမှတ်တံဆိပ် အသုံးပြုခွင့်ကို စာရင်းသွင်း ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ တစ်ဦးတည်းပိုင် သီးသန့်အရောင်အဖြစ် “Pantone colour 1837 Blue” အဖြစ် စတင်တည်ထောင်တဲ့ခုနှစ်ကို အစွဲပြုပြီး စာရင်းသွင်းခေါ်ဆိုခဲ့ပါတယ်။ အဲ့ဒီအရောင်က Tiffany ရဲ့ ဈေးကွက်ဌာန အသုံးပြုဖို့သာဖြစ်ပြီး တခြားသူများ သုံးစွဲခွင့်မရှိပါဘူး။

အဲ့ဒီထူးခြားတဲ့အရောင်က Tiffany & Co အတွက် လူအများ ချက်ချင်းမှတ်မိစေတဲ့အရောင်ဖြစ်လာပြီး ကုန်အမှတ်တံဆိပ်စာသားမပါဘဲနဲ့တောင် ဒီ brand မှန်း လူတွေက ပြောနိုငကြပါတယ်။ သူ့ရဲ့ ဒီစိမ်းပြာရောင်ဘူးလေးတွေက ဘာကြောင့် ရင်ခုန်စေတာလဲဆိုတော့ “Tiffany’s diamonds are a girl’s best friend” ဆိုတဲ့ concept ကို “Breakfast at Tiffany” ရုပ်ရှင်နဲ့အတူ လူများစွဲကျန်စေရန် သီချင်းပြုလုပ်ခဲ့ပြီး အဲ့သီချင်းကလည်း ကျော်ကြားခဲ့ပါတယ်။ အရည်အသွေးမြင့်တဲ့ စိန်ထည်တွေနဲ့ လက်ရာကောင်းတဲ့ ဒီဇိုင်းတွေကြောင့် ၁၈၈၆ ခုနှစ်ကတည်းက စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ထပ်ခွင့်တောင်းခြင်း၊ မင်္ဂလာပွဲတွေအတွက် Tiffany ရဲ့ လက်စွပ်နဲ့ လက်ဝတ်ရတနာ ရတာဟာ မိန်းကလေးတွေ သတို့သမီးလောင်းတွေအတွက် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ်လို့ တည်ထောင်သူတွေက ယုံကြည်ထားပါတယ်။ အဲ့ဒီယုံကြည်ချက် အတိုင်းပဲ နှစ်ပေါင်း (၁၃၀) ကျော်တိုင် Tiffany ရဲ့ လက်ရာ လက်ဝတ်ရတနာတွေနဲ့ သူတို့ရဲ့ အမှတ်တံဆိပ် စိမ်းပြာရောင်ဘူးလေးတွေနဲ့အတူ စိတ်လှုပ်ရှားစေတဲ့ အချစ်ပုံပြင်ပေါင်းများစွာကို Tiffany က တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ လက်ဆောင်ရတာပဲဖြစ်ဖြစ်၊ propose အလုပ်ခံရတာပဲဖြစ်ဖြစ် စိမ်းပြာရောင်ဘူးလေးနဲ့ ဖဲကြိုးအဖြူလေး မြင်ရပြီဆိုတာနဲ့ ရင်ခုန်နေကြပြီလို့ ဝယ်ယူအားပေးသူ အများစုက မှတ်ချက်ပြုကြပါတယ်။

သူတို့ရဲ့ Product line ထဲမှာ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကစလို့ လူငယ်တွေပါ တတ်နိုင်တဲ့ Fancy ဆန်ဆန်ပစ္စည်းတွေပါ ရောင်းချလာတဲ့အပြင် Accessories ပစ္စည်းတွေ၊ အိမ်သုံးကုန်ပစ္စည်းတွေ၊ ရေမွှေးတွေပါ တိုးချဲ့ရောင်းချလာခဲ့ပါတယ်။ အဲ့လို တန်ဖိုးသင့်တဲ့ ပစ္စည်းတွေရောင်းချမှုအပေါ်မှာလည်း တချို့ဝယ်သူတွေကတော့ ဝေဖန်မှုများရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်စေ Tiffany ရဲ့ အဓိက ရောင်းချတဲ့ ပစ္စည်းကတော့ စိန်ထည်နဲ့ လက်ဝတ်ရတနာဖြစ်ပြီး လက်စွပ်တွေကို အဓိကအလေးထားပါတယ်။ သူတို့ရဲ့ Customer တွေအသုံးပြုလို့ရနိုင်တဲ့ Tiffany app ကိုပါ ဖန်တီးထားပြီး AI နည်းပညာကို အသုံးပြုကာ ကိုယ့်ရဲ့ လက်၊ နား၊ စတဲ့ ရတနာတွေ ဝတ်ဆင်လိုတဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ကိုယ်ဝယ်မယ့်ပစ္စည်းက ကိုယ်နဲ့လိုက်မလိုက်လည်း ချိန်ဆလို့ရအောင် လုပ်ထားပေးပါတယ်။

လက်ရှိမှာတော့ Tiffany and Co ရဲ့ ဆိုင်ခွဲပေါင်း (၃၀၀) ကျော်ကို ကမ္ဘာတစ်ဝန်းမှာ ဖွင့်လှစ်ထားပြီး ကုမ္ပဏီရဲ့ revenue က ၂၀၁၉ ခုနှစ် ဒေတာများအရ ၄.၄ ဘီလီယံဒေါ်လာအထိရှိတယ်လို့ ဖော်ပြကြ ပါတယ်။ နိုင်ငံကျော်အနုပညာရှင်တွေကို အသုံးပြုပြီး ကြေညာတာက Tiffany ရဲ့ Strategy တွေထဲက တစ်ခုဖြစ်ပြီးတော့ အခုနောက်ပိုင်းမှာတော့ ကိုးရီးယား ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာပါ Product Placement အဖြစ် ပါဝင်လာတာတွေ့ရပါတယ်။ လူငယ်တွေကို ဆွဲဆောင်ဖို့လည်း သူတို့ရဲ့ Brand Ambassador တွေထဲက တစ်ယောက်ကို Korean Kpop အဖွဲ့က Rose ကို ခန့်အပ်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ CSR activity အနေနဲ့လည်း The Tiffany and Co Foundation ကို တည်ထောင်ထားပြီး ရေထုနဲ့ မြေထုရေရှည်တည်တံ့ရေးနဲ့ဆိုင်တဲ့ ပရောဂျက်တွေမှာ အဓိကထားလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

Daw May Thet Hnin

MBA (Heriot-Watt University)