၂၀၂၄ ခုနှစ်အတွက် ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦး

ဒီဆောင်းပါးမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် (၁၀) ဦးရဲ့ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပြီး သူတို့ရဲ့ ထူးထူးခြားခြားအောင်မြင်မှုများ၊ စွန့်ဦးတီထွင်နိုင်စွမ်းများနဲ့ ကမ္ဘာ့စီးပွားရေးအပေါ်မှာ ဩဇာ လွှမ်းမိုးမှုများကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

၁။ Bernard Arnault & Family

ပြင်သစ်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Bernard Arnault ဟာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်လာပါတယ်။ သူကတော့ နာမည်ကြီး ဖက်ရှင်နဲ့ အလှကုန်အမှတ်တံဆိပ် ၇၀ ခန့်ကို လွှမ်းခြုံထားတဲ့ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းကုမ္ပဏီ ဖြစ်တဲ့ Moët Hennessy Louis Vuitton (LVMH) ရဲ့ CEO & Chairman ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုကတော့ ၂၃၅.၆ ဘီလီယံ‌ဒေါ်လာ ရှိပါတယ်။ သူရင်းနှီး မြှုပ်နှံထားတဲ့ လုပ်ငန်းခွဲများထဲမှ နာမည်ကြီး အမှတ်တံဆိပ်တွေကတော့ Louis Vuitton, Christian Dior, Moet & Chandon, and Sephora တို့ပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ LVMH ကုမ္ပဏီဟာ ဒေါ်လာ ၁၅.၈ ဘီလီယံတန် ကျောက်မျက်ရတနာရောင်းချတဲ့ လုပ်ငန်းဖြစ်တဲ့ Tiffany & Co. လုပ်ငန်းကို အပြီးသတ် ဝယ်ယူခဲ့ပါတယ်။

၂။ Jeff Bezos

အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Jeff Bezos ဟာ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ၁၉၂.၈ ဘီလီယံ ‌ဒေါ်လာရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ Jeff Bezos ဟာ Ecommerce Powerhouse ဖြစ်တဲ့ Amazon ရဲ့ CEO ရာထူးကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလအတွင်းမှာပဲ သူတည်ထောင်ထားတဲ့ ပုဂ္ဂလိက အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီဖြစ်တဲ့ Blue Origin မှ တီထွင်ထုတ်လုပ်ထားတဲ့ ဒုံးပျံတစ်စင်းနဲ့အတူ အာကာသခရီးကို စတင်ခဲ့ပါတယ်။

၃။ Elon Musk

အမေရိကန် နိုင်ငံသားဖြစ်သူ Elon Muskဟာ လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Tesla နဲ့ အာကာသ ရှာဖွေရေးကုမ္ပဏီ SpaceX အပါအဝင် ထင်ရှားတဲ့ကုမ္ပဏီများစွာရဲ့ CEO တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ သူဟာ Tesla ရဲ့ရှယ်ယာ ၂၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု (၃) ပုံ (၂) ပုံ လောက်ဟာဆိုရင် Tesla ရဲ့ အောင်မြင်မှုနဲ့ ဆက်စပ်နေပါတယ်။ Musk ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ Twitter ကို ဒေါ်လာ ၄၄ ဘီလီလျံနဲ့ ဝယ်ယူခဲ့ပြီး ‌ခေါင်းစီးသတင်းများကို ရေးသားခဲ့ပါတယ်။ Musk ဟာ Tesla ကို ၂၀၁၀ ခုနှစ်မှာ စတင်ဦးဆောင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ဈေးကွက်အရင်းအနှီးမှာ သိသာထင်ရှားတဲ့ တိုးတက်မှုကို တွေ့ကြုံခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ Musk ကို ကမ္ဘ့ာထိပ်တန်း အချမ်းသာဆုံး ၁၀ ယောက်စာရင်းသို့ရောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ Elon Musk ရဲ့ ကြွယ်ဝမှု ကတော့ ၁၈၈.၅ ဘီလီယံ‌ဒေါ်လာရှိပါတယ်။

၄။ Mark Zuckerberg

အမေရိကန်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ဟာ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ Social Media Platform ဖြစ်တဲ့ Facebookကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သူဟာ Meta Platforms ရဲ့ CEOနဲ့ Co-founder တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မေလမှာတော့ Zuckerberg ဟာ Facebook ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာတော့ သူဟာ Forbes ရဲ့ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်များစာရင်းရဲ့ နံပါတ် ၁၀ နေရာမှာ ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Zuckerberg ဟာ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ၁၃ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားပါတယ်။ Mark Zuckerberg ဟာ Priscilla Chan နဲ့ လက်ထပ်ထားပြီး သမီး၃ယောက်ရှိပါတယ်။ ၎င်းနဲ့ ဇနီးဖြစ်သူဟာ ၂၁၀၀ ပြည့်နှစ်မှာ ရောဂါအားလုံးကို အဆုံးသတ်၊ ကုသဖို့ ဒါမှမဟုတ် စီမံခန့်ခွဲဖို့ ကြိုးပမ်းမှုအတွက် ဒေါ်လာ ၃ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ Zuckerberg ရဲ့ ကြွယ်ဝမှုကတော့ ၁၆၉.၈ ဘီလီယံ‌ဒေါ်လာ ရှိပါတယ်။

၅။ Larry Ellison

အမေရိကန်နိုင်ငံသား ဖြစ်တဲ့ Larry Ellison ဟာ ၁၉၇၇ ခုနှစ်မှာ ဆော့ဖ်ဝဲကုမ္ပဏီ Oracle ကို ပူးတွဲတည်ထောင်ခဲ့ပြီး ကုမ္ပဏီမှာ ၂၀၁၄ ခုနှစ်အထိ CEO ရာထူးကို ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ကုမ္ပဏီရဲ့ Chairman and Chief Technology Officer ရာထူးတွေကို တာဝန်ယူလုပ်ကိုင်နေပါတယ်။ ၂၀၁၂ ခုနှစ်မှာ Ellison ဟာ Hawaiian ကျွန်း Lanai ကို ဒေါ်လာသန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ပါတယ်။ Ellison ဟာ Tesla ကုမ္ပဏီမှာ ရှယ်ယာများစွာကို ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ပြီး ၂၀၁၈ မှ ၂၀၂၂ ခုနှစ် အထိ Board of Directors အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Larry Ellison ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ၁၅၄.၆ဘီလီယံ ‌ဒေါ်လာရှိပါတယ်။

၆။ Warren Buffett

"Oracle of Omaha" အဖြစ် အသိအမှတ်ပြုခြင်းခံထားရတဲ့ Warren Buffett ဟာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ဦးဖြစ်ပါတယ်။ သူဟာ အာမခံလုပ်ငန်း Geico ၊ ဘက်ထရီ ထုတ်လုပ်တဲ့လုပ်ငန်း Duracell နဲ့ စားသောက်ဆိုင် Dairy Queen ကဲ့သို့ ကုမ္ပဏီများစွာကို လွှမ်းခြုံထားတဲ့ မတူကွဲပြားတဲ့ လုပ်ငန်းများစွာ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီးဖြစ်တဲ့ Berkshire Hathaway ရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ Buffett, Bill Gates & Melinda French Gates တို့ဟာ Giving Pledge initiative ကို စတင်တည်ထောင်ခဲ့ပြီး ဘီလီယံနာများအား သူတို့ရဲ့ ကြွယ်ဝမှုရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ပရဟိတ အဖွဲ့အစည်းများသို့ လှူဒါန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ Buffett ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ၁၃၅ဘီလီယံ ‌ဒေါ်လာရှိပါတယ်။

၇။ Bill Gates

Bill Gates ဟာ ၁၉၇၅ ခုနှစ်မှာ Microsoft ကုမ္ပဏီ ကို Paul Allen နဲ့ အတူ ပူးတွဲထူထောင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ Forbes ဟာ Gates ကို ဘီလီယံနာတစ်ဦးအဖြစ် ပထမဆုံး အသိအမှတ်ပြုခဲ့ပါတယ်။ Bill Gates ဟာ ၁၉၉၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရာထူးကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Gates နဲ့ Melinda French Gates တို့ဟာ တရားဝင်ကွာရှင်းခဲ့ပြီး Melinda ဟာ စတော့ရှယ်ယာအနည်းဆုံး ဒေါ်လာ ၆ ဘီလီယံကို ရရှိခဲ့ပါတယ်။ Forbes ရဲ့ ခန့်မှန်းချက်အရ Gates ရဲ့ ကြွယ်ဝမှုဟာ ၂၀၂၃ ခုနှစ် မေလ ၁ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ဒေါ်လာ သန်း ၅၀၀ ခန့် တိုးမြှင့်လာခဲ့ပါတယ်။ Bill Gates ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုကတော့ ၁၂၉.၅ ဘီလီယံဒေါ်လာရှိပါတယ်။

၈။ Steve Ballmer

Harvard တက္ကသိုလ်မှ Bill Gates ရဲ့ အတန်းဖော်ဖြစ်သူ Steve Ballmer ဟာ Microsoft မှာ ၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ CEO ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Stanford University မှာ MBA တက်ရောက်နေခြင်းကို ရပ်နားခဲ့ပြီးနောက် သူဟာ Microsoft မှာ ၃၀ ယောက်မြောက် ဝန်ထမ်းအဖြစ် ၁၉၈၀ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ ပါတယ်။ Microsoft မှ အနားယူခဲ့သည့်နှစ်မှာပဲ သူဟာ Los Angeles Clippers ဘတ်စကတ်ဘောအသင်းကို ‌ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှု တန်ဖိုးကတော့ ဒေါ်လာ ၁၂၃.၅ ဘီလီယံ ရှိပါတယ်။

၉။ Larry Page

Larry Page နဲ့ Stanford PhD ကျောင်းသူ Sergey Brin တို့ဟာ ၁၉၉၈ ခုနှစ်မှာ Google ကို ပူးတွဲ ထူ‌ထောင်ခဲ့ပါတယ်။ အစောပိုင်းမှာ Page ဟာ CEO ရာထူးကို ၂၀၀၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အဲ့ဒီရာထူးကို ပြန်လည် ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Page ဟာ Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabetရဲ့ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ပြီး Board အဖွဲ့ဝင်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ဒါ့အပြင် Page ဟာ အာကာသစူးစမ်းလေ့လာရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Planetary Resources မှာ စတင်ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ Larry Page ရဲ့ ကြွယ်ဝမှုကတော့ ၁၁၈.၃ ဘီလီယံဒေါ်လာရှိပါတယ်။

၁၀။ Mukesh Ambani

Mukesh Ambani ဟာ အာရှတိုက်နဲ့ အိန္ဒိယမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာ ၁၁၃.၉ ဘီလီယံ‌ရှိပါတယ်။ သူဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရေနံဓာတုဗေဒ၊ Telecom၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ Retail လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ Reliance Industries ရဲ့ Chairmanတစ်ဦး ဖြစ်ပါတယ်။ ၎င်းရဲ့ ကုမ္ပဏီဖြစ်တဲ့ Reliance Industries ဟာ ကမ္ဘာ့အကြီးဆုံး ရေနံဓာတုသန့်စင်စက်ရုံကို လည်ပတ်ဆောင်ရွက်နေပြီး သူရဲ့ Telecom လုပ်ငန်း ဟာ အိန္ဒိယမှာရှိတဲ့ အကြီးဆုံး Telecomကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

www.forbesindia.com မှ “The top richest people in the world in 2024” ဆောင်းပါးကို ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics