အဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုပုံစံများရဲ့ အကျိုးသက်ရောက်မှုများ

သင်ရွေးချယ်တဲ့ခေါင်းဆောင်မှုပုံစံက သင့်လုပ်ငန်းအကောင်အထည်ဖော်ရာမှာ အဆင်ပြေမှု (ဒါမှမဟုတ်) ကျရှုံးမှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ခေါင်းဆောင်မှုဆိုတာ ဆုံးဖြတ်ချက်ချဖို့ သက်သက်မဟုတ်ပါဘူး။ လုပ်ငန်းခွင်ထဲမှာ သင်ဖန်တီးထားတဲ့ ယဉ်ကျေးမှု၊ သင့်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ သင့်ကုမ္ပဏီရဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းများ လည်းပါဝင်ပါတယ်။ ခေါင်းဆောင်မှုပုံစံများဟာ အကြီးတန်းစီမံခန့်ခွဲမှုမှ နောက်ဆုံးအလုပ်သင်အထိ လူတိုင်းအပေါ် သက်ရောက်မှု ရှိပါတယ်။

အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှု

တကယ်လို့ သင့်မှာ အာဏာရှင်ဆန်တဲ့ (ဒါမှမမဟုတ်) သက်ဦးဆံပိုင် ခေါင်းဆောင်မှုပုံစံရှိပါက သင်နဲ့ သင့်အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့လက်ထဲမှာ ပါဝါနဲ့ လုပ်ပိုင်ခွင့်အာဏာများရှိတာကြောင့် သင့်ကုမ္ပဏီကို အထက်မှအောက်သို့ လည်ပတ်စေတယ်လို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက သင်ဟာ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ကိစ္စရပ်များကို အဓိကဆုံးဖြတ်ချက် ချမှတ်ပြီး ဝန်ထမ်းများထံမှ အကြံဉာဏ်များကို တောင်းခံခြင်းမရှိဘဲ သူတို့ရဲ့ ဆုံးဖြတ်ချက်များအတိုင်းသာ အကောင်အထည် ဖော်ဖို့ သင့်ဝန်ထမ်းများကို ညွန်ကြားထားခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှု ပုံစံက သင်နဲ့ သင့်ဝန်ထမ်းများကြားမှာ ခွဲခြားမှုများကို ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှု ပုံစံအမျိုးအစားဟာ ဆုံးဖြတ်ချက်များချမှတ်တဲ့အခါ အပြန်အလှန်ဆွေးနွေးခြင်းမရှိဘဲ သင်ချမှတ် ထားတဲ့ လုပ်ငန်းရဲ့ရည်ရွယ်ချက်ပန်းတိုင်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် ကုန်ထုတ် စွမ်းအားနဲ့ စွမ်းဆောင်ရည်များကို တိုးမြင့်စေနိုင်ပါတယ်။

ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ခေါင်းဆောင်မှု

ဒီမိုကရက်တစ်ခေါင်းဆောင်မှုပုံစံလို့ သိကြတဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ခေါင်းဆောင်မှုပုံစံက စီးပွားရေးလုပ်ငန်းရှင်များအတွက် ဆုံးဖြတ်ချက်မချမီ သူတို့ရဲ့ဝန်ထမ်းများထံမှ အကြံပြုချက်များ၊ အကြံဉာဏ်များရယူဖို့ တွန်းအားပေးတဲ့ ခေါင်းဆောင်မှုပုံစံဖြစ်ပါတယ်။ ပူးပေါင်းပါဝင် ဆောင်ရွက်နေတဲ့ ခေါင်းဆောင်များဟာ စီမံခန့်ခွဲမှုနဲ့ ရာထူးအဆင့်လိုက်ရှိတဲ့ ဝန်ထမ်းများရဲ့ ထင်မြင်ယူဆချက်များကို တောင်းခံပြီးမှသာ လုပ်ငန်းများကို လုပ်ဆောင်ကြပါတယ်။ ဒီခေါင်းဆောင်မှုပုံစံရဲ့ အဓိကအကျိုးသက်ရောက်မှုမှာ ဝန်ထမ်းများဟာ သူတို့ကို တန်ဖိုးထားတယ်လို့ ခံစားရစေပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ခေါင်းဆောင်မှုပုံစံဟာ အလုပ်သမားများကို ပိုမိုစည်းလုံးညီညွတ်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

လုပ်ပိုင်ခွင့်အာဏာအပ်နှင်းပေးနိုင်တဲ့ ခေါင်းဆောင်မှု

လုပ်ပိုင်ခွင့်အာဏာအပ်နှင်းပေးနိုင်တဲ့ ခေါင်းဆောင်မှုပုံစံဟာ ဝန်ထမ်းများရဲ့ ကိုယ်ပိုင်ဆုံးဖြတ် ချက်များ၊ သူတို့ရဲ့ ကိုယ်ပိုင်စံနှုန်းများချမှတ်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်များကို ဆုံးဖြတ်ဖို့ခွင့်ပြုတဲ့ "laissez-faire" စတိုင်လ်ဖြစ်တာကြောင့် ဒီခေါင်းဆောင်မှုပုံစံက သက်ဦးဆံပိုင်စနစ်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ ဒီပုံစံကိုရွေးချယ်ထားတဲ့ ခေါင်းဆောင်များက ဆုံးဖြတ်ချက် ကြီးကြီးမားမားချစရာမလိုဘဲ လုပ်ငန်းတာဝန်များကို ကြီးကြပ်သူများနဲ့ အဖွဲ့ဝင်များထံ ပေးအပ်နိုင်ပါတယ်။ ဒီခေါင်းဆောင်မှုပုံစံကို ကျင့်သုံးတဲ့ ခေါင်းဆောင်များက အရေးကြီးတဲ့ အခြေအနေများမှာသာ ကြားဝင်ဆောင်ရွက်ပေးပြီး ကျန်တဲ့အချိန်များမှာ ဝန်ထမ်းများက ခေါင်းဆောင်များရဲ့ လမ်းညွန်ထားတဲ့အတိုင်း ကိစ္စရပ်များကို အကောင်အထည်ဖော်ရာမှာ မိမိရဲ့ ကိုယ်ပိုင်ဟန်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သို့ပေမဲ့ ဝန်ထမ်းတချို့က ခေါင်းဆောင်များရဲ့ လမ်းညွှန်မှုကို လိုက်နာခြင်းမရှိဘဲ အလုပ်တာဝန်များကို လုပ်ဆောင်ရင်း ပြဿနာများ ပေါ်ပေါက် လာတဲ့အခါ စိတ်ပူပန်မှုကို ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့လည်း ကုမ္ပဏီရဲ့ ဌာနတစ်ခုချင်းစီမှာ ကျွမ်းကျင်သူများစွာရှိနေပါက သင့်ရဲ့ ခွင့်ပြုချက်ကိုစောင့်ဆိုင်းစရာမလိုအပ်ဘဲ သူတို့ရဲ့အဖွဲ့များကို တာဝန်ခံနိုင်တာကြောင့် ဒီခေါင်းဆောင်မှုပုံစံက အကျိုးဖြစ်ထွန်းနိုင်မှာပဲ ဖြစ်ပါတယ်။

Sampson Quain ၏ The Effects of Leadership Styles on the Organization ကို Ah Zer Zar Sar မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS MBA ( Assumption University, Thailand)