ကွဲပြားတဲ့စီမံခန့်ခွဲမှုပုံစံတွေက အဖွဲ့လိုက်လုပ်ဆောင်ခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်စေသလဲ?

စီမံခန့်ခွဲမှုပုံစံများမှာ ဩဇာအာဏာဖြင့်အုပ်ချုပ်တဲ့ စီမံခန့်ခွဲမှုစနစ်မှ လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ စနစ်အထိ ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းများရဲ့ ယဉ်ကျေးမှုတိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ကိုက်ညီမှု ဆိုလို့မရှိသလောက် နည်းပါးပါတယ်။ ဒါပေမဲ့ တချို့စီမံခန့်ခွဲမှုပုံစံများဟာ အဖွဲ့လိုက်လုပ်ဆောင်ခြင်းများကို အားပေးတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။ သင့်ရဲ့ကိုယ်ပိုင် စတိုင်လ်ကို အကောင်အထည်ဖော်ရာမှာ (ဒါမှမဟုတ်) သင့်လုပ်ငန်းအတွက် မန်နေဂျာများကို ငှားရမ်းရာမှာ အဖွဲ့လိုက်လုပ်ဆောင်မှုရဲ့  အကျိုးသက်ရောက်မှုများကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။

ဩဇာအာဏာများဖြင့် စီမံခန့်ခွဲမှု

ဩဇာအာဏာ (ဒါမှမဟုတ်) အမိန့်ပေးတဲ့ စီမံခန့်ခွဲမှုပုံစံဆိုသည်မှာ မန်နေဂျာများက ဆုံးဖြတ်ချက်ချခြင်းနဲ့ ခေါင်းဆောင်မှုများမှာ တစ်ဦးတည်းလုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ ကုမ္ပဏီများဟာ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံဖြင့် လည်ပတ်နိုင်ပေမယ့်လည်း ဩဇာအာဏာရှိတဲ့ မန်နေဂျာတစ်ဦးရဲ့ လုပ်ဆောင်ချက်များဟာ သူ့အတွက် အာဏာကြီးထွားမှုအတွက်သာ အလေးပေးဆောင်ရွက်လေ့ရှိပါတယ်။ ဩဇာအာဏာရှိတဲ့ မန်နေဂျာများဟာ ဝန်ထမ်းများရဲ့  စိတ်ဓာတ်နဲ့ စိတ်အားထက်သန်မှုကို ထိန်းချုပ်လွန်းတဲ့အခါ အဆင်မပြေမှု များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဓာတ်ညံ့ဖျင်းမှု၊ အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုမရှိပါက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုအပေါ် အဟန့်အတားများကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ချရာမှာ autocratic နည်းလမ်းများက အကျိုးကျေးဇူးများစွာရှိပေမယ့်လည်း autocratic  နည်းလမ်းများဟာ အဖွဲ့လိုက်လုပ်ဆောင်မှုအတွက် အဆင်မပြေနိုင်ပါဘူး။

လမ်းညွှန်မှုဆိုင်ရာ စီမံခန့်ခွဲမှု

လမ်းညွှန်မှုဆိုင်ရာ စီမံခန့်ခွဲမှုပုံစံက ဩဇာအာဏာဖြင့်အုပ်ချုပ်မှုပုံစံထက်ပိုပြီး အပြုသဘောဆောင်သလို  လုပ်ငန်းခွင်ရှိဝန်ထမ်းများကလည်း ပိုပြီးသဘောကျလေ့ရှိပါတယ်။ မန်နေဂျာများဟာ ဝန်ထမ်းများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအလေးထားပြီး လုပ်ဆောင်လေ့ရှိပါတယ်။ မန်နေဂျာများဟာ ဝန်ထမ်းများကို အကောင်းဆုံးစွမ်းဆောင်ရည်များရရှိစေဖို့ လေ့ကျင့်ပေးခြင်း၊ အကဲဖြတ်ခြင်းနဲ့ လမ်းညွှန်ခြင်းများကို အချိန်ပေးပြီး လုပ်ဆောင်ပါတယ်။

ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု

ပူးပေါင်းပါဝင်ခြင်း (ဒါမှမဟုတ်) ဒီမိုကရက်တစ်စီမံခန့်ခွဲမှုဟာ အသင်းအဖွဲ့ဖြင့် လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေရုံသာမက အလုပ်ပတ်၀န်းကျင်အတွက်လည်း အဆင်ပြေချောမွေ့စေပါတယ်။  ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို အစဥ်တစိုက်ကျင့်သုံးနေတဲ့ မန်နေဂျာများဟာ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဝန်ထမ်းများရဲ့ အကြံပေးမှုများကိုလည်း ထည့်သွင်းစဥ်းစားပြီး ပြဿနာများကို အတူတကွ ဖြေရှင်းပါတယ်။ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုက ဝန်ထမ်းများရဲ့ ပါဝင်ပတ်သက်မှုကို ပွင့်လင်း မြင်သာမှုရှိစေပြီး အဖွဲ့အစည်းရဲ့ရည်မှန်းချက်အတွက် တစ်စိတ်တစ်ပိုင်းအဖြစ် အသုံး၀င်ပါတယ်။ ပူးပေါင်း ပါဝင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုဟာ ၀န်ထမ်းများနဲ့ အတူတကွ အကြံဉာဏ်များမျှဝေခြင်း၊ ပဋိပက္ခဖြေရှင်းခြင်းနဲ့ လုပ်ငန်းခွင်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေပါတယ်။

အသင်းအဖွဲ့ ပေါင်းစည်းမှုဆိုင်ရာ စီမံခန့်ခွဲမှု

စာရေးဆရာ Daniel Goleman က သူ့ရဲ့ စာအုပ်ကိုယ်တိုင်ထုတ်ဝေခဲ့တဲ့ “Primal Leadership” မှာ ကုမ္ပဏီများရဲ့စီမံခန့်ခွဲမှုကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လမ်းညွှန်မှုများကိုရေးသားထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကုမ္ပဏီများရဲ့ ဖွဲ့စည်းပုံမှာ အဖွဲ့ခေါင်းဆောင် ဒါမှမဟုတ် မန်နေဂျာများဦးဆောင်တဲ့ အဖွဲ့များ ပါ၀င်ပါက လုပ်ငန်းခွင်အတွက် ပိုမိုကောင်းမွန်စေပါတယ်။ ခေါင်းဆောင်များဟာ တခြားအရာအားလုံးထက် ပွင့်ပွင့်လင်းလင်းရှိတဲ့ ဆက်သွယ်မှုနဲ့ ၀န်ထမ်းများရဲ့ သဟဇာတဖြစ်မှုကို အလေးထားပါတယ်။  

Neil Kokemuller  ရဲ့  How Do Different Management Styles Impact Teamwork?

ဆောင်းပါးကို  ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်ပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS

MBA (Assumption University, Thailand)