AI နည်းပညာတွေဟာ ကျောင်းတွင်းပညာရေးနယ်ပယ်က  ဆရာများရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာနိုင်ပါသလား ?

နည်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် တိုးတက်လာတာနဲ့အမျှ ၎င်းရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ပညာရေးစနစ်မှာ အငြင်းပွားစရာများ ရှိလာပါတယ်။ အထူးသဖြင့် Artificial Intelligence လို့ခေါ်တဲ့ AI  နည်းပညာတွေဟာ ကျောင်းတွင်းပညာရေးရှိ ဆရာတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်သလားဆိုတဲ့ အကြောင်းနဲ့ပတ်သက်တာတွေကို ဆွေးနွေးမှုတွေ လုပ်လာကြပါတယ်။ ယခုဆောင်းပါးမှာတော့ ကျောင်းတွင်း ပညာရေးရှိ ဆရာများရဲ့နေရာမှာ AI နည်ပညာများ အစားထိုးဝင်ရောက်လာပါက ရရှိလာနိုင်တဲ့ ကောင်းကျိုးများနဲ့ ဆိုးကျိုးများကို လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေက ရာသက်ပန်အနေနဲ့ ထွက်ခွာသွားနိုင်သလား။

တချို့သောလူများက AI နည်းပညာတွေဟာ ပညာရေးရဲ့ အနာဂတ်ဖြစ်လာနိုင်ပြီးတော့ ကျောင်းပညာရေးမှာ ဆရာများဟာ အချိန်ကြာလာတာနဲ့အမျှ လိုအပ်လာမှာ မဟုတ်တော့ဘူးရယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒီလို အငြင်းပွားမှုတွေဟာ နည်းပညာတွေက လူသားတွေထက်ပိုပြီးတော့ မြန်ဆန်စွာ လုပ်ဆောင်လာနိုင်တာရယ်နဲ့ ပိုပြီး အကျိုးရှိရှိ လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့အချက်နဲ့ ကျောင်းသားတွေကို ဆရာများ ကိုယ်တိုင် သင်ကြားခြင်းထက် သာလွန်ပြီး မကောင်းနိုင်ဘူးဆိုရင်တောင် အတူတူနီးပါး သင်ကြားပေးနိုင်တယ်ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းလမ်းတွေဟာ လူသားဆရာများထက် ပိုပြီးငွေကြေးကုန်ကျမှုမှာ သက်သာနိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ AI နည်းပညာတွေဟာ လူသားဆရာတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်မှု မရှိနိုင်ဘူးရယ်လို့ ယုံကြည်နေသူများလည်း ရှိလာကြပါတယ်။ သူတို့တွေရဲ့ ထင်မြင်ချက်တွေက ဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍဟာ ကျောင်းသားတွေကို အသိပညာများ မျှဝေပေးတာထက်ပိုတယ်ဆိုတဲ့ အသိကို သိမြင်လာစေပါတယ်။ ဆရာများဟာ လေ့ကျင့်ပေးသူများ၊ အကြံဉာဏ်ကောင်းပေးသူများ၊ အသိပညာများကို မျှဝေသူများ ဖြစ်ကြတာမို့  AI နည်းပညာများဟာ ဆရာများရဲ့နေရာမှာ အစားထိုးလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဆိုတဲ့အချက်ကို ထောက်ပြထားပါတယ်။ နောက်ထပ် ထင်မြင်ချက် တစ်ခုကတော့ AI နည်းပညာတွေမှာ လူသားဆရာများမှာရှိတဲ့ လူသားချင်းစာနာ သနားကြင်နာတတ်ခြင်း၊ ကျောင်းသားများခံစားနေရတဲ့ စိတ်ခံစားချက်တွေကို မျှဝေခံစားခြင်း အစရှိတဲ့ အရည်အသွေးများ မရှိနိုင်ပါဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စာသင်ခန်းအတွင်းမှာ AI နည်းပညာများက အစားထိုးနေရာယူလာနိုင်လား။

စာသင်ခန်းအတွင်း AI နည်းပညာကို အဆိုပြုတဲ့သူတွေရဲ့အမြင်မှာ AI နည်းပညာဟာ ကျောင်းသားတွေအတွက် လေ့လာသင်ယူမှု အတွေ့အကြုံတွေကို တိုးတက်လာနိုင်စေတယ်လို့ အဆိုပြုလာကြပါတယ်။ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းလမ်းတွေဟာ နည်းပညာနဲ့ အသုံးပြုသူကြားမှာ အပြန်အလှန် အချက်အလက်တွေကို ဖန်တီးပေးနိုင်ခြင်း၊ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေအပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။ တခြားအချက် အနေနဲ့ကတော့ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းလမ်းတွေဟာ ကျောင်းသားတွေရဲ့ သင်ကြားမှုဆိုင်ရာ တိုးတက်မှုတွေကို အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်ပေးတဲ့အပြင် လိုအပ်တာတွေ ကိုလည်း လမ်းညွှန်ပြသပေးနိုင်ပါတယ်။ အဲဒီအချက်တွေက ကျောင်းသားများအတွက် လေ့လာသင်ယူမှုမှာ ပိုပြီးအကျိုးကျေးဇူးရလာအောင် အကူအညီပေးနိုင်တယ်လို့ ဆိုကြပါတယ်။

AI နည်းပညာတွေဟာ သင်ကြားရေးမှာ ပိုပြီးသက်သောင့်သက်သာရှိလာအောင် အလိုအလျောက်စနစ်တွေနဲ့ တိကျတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးထားခြင်းစတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ ဥပမာ Assignments တွေကို အဆင့်များသတ်မှတ်ပေးခြင်း၊ Feedback များပြန်ပေးခြင်းနဲ့ ကျောင်းသားတွေရဲ့ တိုးတက်လာမှုတွေကို လေ့လာဆန်းစစ်ခြင်း အစရှိတာတွေကို အလိုအလျောက်စနစ်တွေနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေဟာ ဆရာများက ကျောင်းသားတစ်ယောက်ချင်းစီကို ဂရုတစ်စိုက်နဲ့ အာရုံစိုက်ပြီး အထောက် အကူပြုပေးနိုင်တယ်လို့ ထင်မှတ်လာစေပါတယ်။

ကျောင်းပညာရေးမှာ AI နည်းပညာတွေကို မထောက်ခံတဲ့သူတွေကတော့ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းလမ်းတွေဟာ လူမှုရေးဆိုင်ရာ စိတ်ခံစားချက်များ မပါဝင်တဲ့ လေ့လာမှု အတွေ့အကြုံများကို ပိုပြီးဦးတည်လာနိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ချက်အနေနဲ့ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းစနစ်တွေဟာ အမြဲတမ်း ယုံကြည်အားကိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နည်းပညာအရ သင်ကြားရေးဆိုင်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး အမှားတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်လို့ ဒီအချက်တွေသာ တကယ်ဖြစ်လာခဲ့ပါက ကျောင်းသားတွေဟာ မှန်ကန်မှုမရှိတဲ့ သတင်းအချက်အလက်များကို လက်ခံပြီး လေ့လာနေတယ်ဆိုတဲ့အဖြစ်ကို ရောက်ရှိသွားနိုင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ AI နည်းပညာတွေဟာ ပညာရေးနည်းစနစ်တွေကို တိုးတက်လာအောင် လုပ်ဆောင် နိုင်စွမ်းရှိကြပါတယ်။ ဒါပေမဲ့ လူသားဆရာများရဲ့ နေရာမှာတော့ အပြည့်အဝအစားထိုး နေရာယူလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ AI နည်းပညာကို အခြေခံထားတဲ့ သင်ကြားရေးနည်းစနစ်များဟာ သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ပိုမိုကောင်းမွန်လာအောင် အသုံးပြုလာနိုင်စဉ်မှာပဲ လူသားဆရာတွေရဲ့ အရေးပါမှုတွေကို အလေးမထားတာမျိုး မလုပ်သင့်ပါဘူး။ လူသားဆရာတွေဟာ AI နည်းပညာက မလုပ်ဆောင်ပေးနိုင်တဲ့ တကယ့်အစစ်အမှန် လေ့လာမှုအတွေ့အကြုံတွေကို ဖန်တီးမျှဝေနိုင်တဲ့အပြင် ကျောင်းသားတွေအပေါ် အထောက်အကူ ပြုမှုများပေးခြင်း၊ ဂရုတစိုက်လုပ်ဆောင်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

 

Will AI replace school teachers? - AI Blog Bot ဆောင်းပါးကို သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y), B.C.Sc, (Hons) (U.C.S.Y), M.C.Sc, (U.C.S.Y)