" စာသင်နေချိန်အတွင်း မှတ်စုထုတ်ရာမှာအထောက်အကူဖြစ်စေမယ့်အချက်များ "

၁။ စကားလုံးတိုင်းကို မရေးမှတ်ပါနဲ့။

မှတ်စုထုတ်ရခြင်းရဲ့ အဓိကအချက်ဟာ အရေးကြီးတဲ့ အကြောင်းအရာကို အကျဥ်းချုပ်ရေးတာဖြစ်တဲ့အတွက် ကြောင့် သင်ဟာ စာသင်နေချိန်မှာ ကြားရတဲ့စကားလုံးတိုင်းကို ရေးမှတ်ထားဖို့ မလိုပါဘူး။

၂။ ဘယ်အချက်က အရေးကြီးသလဲဆိုတာစဥ်းစားဆုံးဖြတ်ပါ။

ဆရာ/ဆရာမ စာသင်နေချိန်မှာ ပြောသွားတဲ့ အကြောင်းအရာတွေထဲက ဘယ်အချက်ကအရေးကြီးလဲဆိုတာ စဥ်းစားပြီး အဲဒီအချက်ကို သေချာမှတ်သားထားပါ။ ဆရာ/ဆရာမ များမှ စာသင်နေချိန်အတွင်း “ အဓိက အရေး ကြီးတဲ့ အချက်ကတော့…၊ သေချာမှတ်ထားရမယ့် အကြောင်းအရာ ကတော့......” စတဲ့ ပြောသွားတဲ့ စကားလုံးများ၊ အကြောင်းအရာများကို သေချာလိုက်မှတ်ထားဖို့ လိုပါတယ်။

၃။ နိုးကြားတက်ကြွတဲ့ နားထောင်သူကောင်းတစ်ယောက်ဖြစ်ပါစေ။

စာသင်နေချိန်မှာပဲဖြစ်စေ၊ စာဖတ်နေချိန်မှာပဲဖြစ်စေ သင်ဟာ နိုးကြားတက်ကြွဖို့ လိုပါတယ်။ တက်ကြွမှုမရှိဘဲ ပျင်းရိနေမယ်၊ အိပ်ချင်နေမယ်ဆိုရင် သင်ဟာ ကိုယ်လေ့လာရမယ့် အကြောင်းအရာကို ကောင်းကောင်းမှတ်သား နိုင်မှာ မဟုတ်ပါဘူး။

၄။ မှတ်စုထုတ်ရာမှာ အတိုကောက်စာလုံးများ၊ သင်္ကေတများကို အသုံးပြုပါ။

သင်ဟာ စာသင်နေတုန်း မှတ်စုထုတ်တဲ့အခါမှာ အ‌ရေးကြီးတဲ့အကြောင်းအရာ အပြည့်အစုံကို လိုက်မှတ်ဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် ကိုယ်စာပြန်ကြည့်တဲ့အခါ နားလည်လွယ်မယ့် အတိုကောက်စာလုံးများ (e.g - i.e = that is, Eng = English)၊ သင်္ကေတများ (e.g - ↑ = increase, @ = at ) ကိုသုံးပြီး မှတ်သားသင့်ပါတယ်။

၅။ ရောင်စုံမင်တံများ (highlighters) များကို အသုံးပြုပါ။

စာမှတ်သားရာမှာ အရေးကြီးတဲ့အကြောင်းအရာကို ပိုပြီးရှင်းလင်းစွာသိနိုင်ဖို့ရာအတွက် ရောင်စုံမင်တံများ (highlighters) ကိုသုံး ပြီးမှတ်သားသင့်ပါတယ်။

၆။ လက်ရေးလက်သားကို သတိပြုပါ။

တစ်ခါတလေမှာ သင်ဟာမှတ်စုထုတ်တဲ့အခါ အလျင်အမြန် လိုက်မှတ်သားရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ လက်ရေးကို သတိမထားမိဘဲ ဖတ်မရအောင် ရေးထားမိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့မှတ်စုကို ပြန်ဖတ်တဲ့အခါ ရှင်းလင်းပြီး နားလည်အောင် ရေးထားဖို့လိုပါတယ်။

၇။ မှတ်စုထုတ်နေစဥ်မှာ Spelling နဲ့ Grammar များကို မေ့ထားပါ။

သင်ဟာ မှတ်စုထုတ်နေစဥ်မှာ အလျင်အမြန်လို က်မှတ်ရတာဖြစ်တဲ့အတွက်ကြောင့် spelling & grammar တွေ မှားကောင် းမှားနေနိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဒါတွေက ဒီနေရာမှာ အရေးမကြီးပါဘူး။ ကိုယ်နားထောင် မှတ်သားရမယ့် အကြောင်းအရာပေါ်မှာသာ အာရုံစူးစိုက်ထားပါ။

၈။ စိတ်အာရုံပျံ့လွှင့်မှုများ မရှိပါစေနဲ့။

စာသင်နေချိန်မှာ သင့်ရဲ့ စိတ်အာရုံဟာ စာပေါ်မှာ အာရုံစိုက်ထားခြင်းမရှိဘဲ ပျံ့လွှင့်နေတာမျိုးတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လူကသာ စာသင်ခန်းထဲရောက်နေပေမယ့် စိတ်က တခြားတစ်နေရာမှာ ရောက်နေတာမျိုး၊ မုန့်စားဖို့အကြောင်းတွေးနေတာမျိုး၊ သူငယ်ချင်းနဲ့တွေ့မယ့် အကြောင်းတွေးနေတာမျိုး စသဖြင့် အာရုံပျံ့လွှင့်နေ တတ်ပါတယ်။ စာသင်နေချိန်မှာ ပြောနေတဲ့အကြောင်းအရာတွေ လွတ်မသွားစေဖို့အတွက် ဒီလိုစိတ်အာရုံ ပျံ့လွှင့်နေတာတွေကို မဖြစ်အောင် ထိန်းချုပ်ထားဖို့ လိုပါတယ်။ ဖုန်းများကိုလည်း silent mood လုပ်ထားဖို့ လိုပါတယ်။

၉။ ကိုယ့်ရဲ့မှတ်စုကို အတန်းဖော်သူငယ်ချင်းများနဲ့ အပြန်အလှန်မျှဝေပါ။

‌ခေါင်းနှစ်လုံးရှိခြင်းက တစ်လုံးတည်းရှိတာထက် ကောင်းတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ကိုယ်ရေးထားတဲ့မှတ်စုကို သူငယ်ချင်းများထံ မျှဝေပြီး အပြန်အလှန်ဆွေးနွေးသင့်ပါတယ်။ ကိုယ့်ရဲ့မှတ်စုကို သူငယ်ချင်းများရဲ့ မှတ်စုနဲ့ နှိုင်းယှဥ်ကြည့်ပြီး ကိုယ်မမှတ်သားထားမိတဲ့ အကြောင်းအရာများ ရှိခဲ့မယ်ဆိုရင် အဲဒီအကြောင်းအရာကို ကိုယ့်ရဲ့ မှတ်စုထဲမှာ ထပ်ပြီးမှတ်သားလို့ရပါတယ်။

၁၀။ မရှင်းလင်းတဲ့ အကြောင်းအရာများရှိပါက ပြန်မေးပါ။

သင့်ရဲ့မှတ်စုထဲမှာ နားမလည်တဲ့ အကြောင်းအရာများကို မရေးထားပါနဲ့။ သင်ဟာ စာသင်နေချိန်မှာ ဆရာ/ဆရာမ ပြောတဲ့အကြောင်းအရာကို မရှင်းလင်းဘူး၊ နားမလည်ဘူးဆိုရင် ဒီအတိုင်းမထားပါနဲ့။ နားမလည်တဲ့ အကြောင်း အရာကို ဆရာ/ဆရာမကို ပြန်မေးပြီး နားလည်သွားမှသာ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ပါ။

၁၁။ သင့်ရဲ့ အမြင်၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောကြားပါ။

စာသင်ကြားခြင်းဟာ ဆရာ/ဆရာမ ကပဲ အကြောင်းအရာအားလုံးကို ပြောသွားဖို့ မဟုတ်ပါဘူး။ နားထောင်တဲ့ သူဘက်ကလည်း ပါဝင်ဆွေးနွေးပေးဖို့ လိုပါတယ်။ သင်လေ့လာသင်ကြားရတဲ့ ဘာသာရပ်၊ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ထင်မြင်ယူဆချက်များကို ဆရာ/ဆရာမ များနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးသင့်ပါတယ်။

၁၂။ သင့်လျော်တဲ့နေရာမှာ ထိုင်ပါ။

စာလေ့လာတဲ့အခါ စာသင်ခန်းထဲမှာ ထိုင်ဖို့နေရာကို မှန်ကန်စွာရွေးဖို့ကလည်း အ‌ရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ နေရာရွေးတဲ့အခါမှာ ပြတင်းပေါက်၊ တံခါးပေါက်များနဲ့ နီးတဲ့နေရာများကို ရှောင်သင့်ပါတယ်။ စာသင်ခန်း နောက်ဆုံးထိုင်ခုံနေရာများမှာလည်း မထိုင်သင့်ပါဘူး။ ပထမတန်း၊ ဒုတိယတန်း လိုနေရာမျိုး၊ ဆရာ/ဆရာမ ပြောတာကို သေချာကြားနိုင်ပြီး အာရုံစိုက်နားထောင်နိုင်မယ့် နေရာမျိုးမှာ ထိုင်သင့်ပါတယ်။ သင် စာသင်နေရင်း မှတ်စုထုတ်တဲ့အခါမှာ အထက်မှာ ဖော်ပြထားတဲ့အချက်များအတိုင်း လိုက်နာကျင့်သုံးမယ် ဆိုပါက သင့်အတွက် အများကြီးအကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

 

References :

1. 10 Tips on Note Taking During Lectures. Available at https://info.lse.ac.uk/current-students/Assetss/Articles/ Accessed: 22 June 2023.

2. Top ten tips on Note Taking. Available at https://career-advice.jobs.ac.uk/.../top-ten-tips-on.../ Accessed: 18 June 2023.

 

Daw Htet Pann Wai

B.Com (Q**), M.Com (MEUE)