"Recommendation Letter တောင်းဆိုတဲ့အခါ သိထားသင့်တဲ့အချက်များ"

ကျောင်းသားကျောင်းသူများ၊ အလုပ်ခွင်ဝင်မယ့်သူများအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဒါမှမဟုတ် ပညာရေးအစီအစဉ်များအတွက် လျှောက်လွှာတချို့မှာ အလုပ်ရှင်များ၊ ဝင်ခွင့်ဌာနများက ကျွန်ုပ်တို့ရဲ့ ထူးခြားတဲ့ အရည်အချင်းများကို နားလည်သဘောပေါက်စေဖို့အတွက် ထောက်ခံစာများတင်သွင်းဖို့ တောင်းဆိုကြပါတယ်။ သင့်ရဲ့အလုပ်ရှင်ဟောင်းများ၊ ဆရာ၊ဆရာမများထံမှ ထောက်ခံစာတစ်စောင် ရေးခိုင်းတဲ့အခါ အရည်အသွေးကောင်းတဲ့ ထောက်ခံချက်တစ်ခုရဖို့ လိုက်နာရမယ့်အချက်များကို သိရှိနားလည်ထားရန် လိုအပ်ပါတယ်။

Recommendation Letter ဆိုတာဘာလဲ?

ထောက်ခံစာဆိုသည်မှာ မိမိရဲ့အရည်အချင်းကို ထောက်ခံအသိအမှတ်ပြုပေးမယ့် လူပုဂ္ဂိုလ်တစ်ဦးဦးထံမှ တရားဝင်တောင်းခံတဲ့ စာရွက်စာတမ်း ဖြစ်ပါတယ်။ ထောက်ခံစာတစ်စောင်မှာ သင့်ရဲ့ အရည်အချင်းကို ပေါ်လွင်အောင်ပြသပေးနိုင်တဲ့အချက်အလက်များ ပါဝင်နေတာဖြစ်တာကြောင့်မို့ တချို့အလုပ်ရှင်များ၊ ပညာရေးအဖွဲ့အစည်းများက လိုအပ်ချက်တစ်ခုအနေနဲ့ တောင်းခံကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိထောက်ခံစာတစ်စောင်ကို တောင်းခံသူက မြင်လိုက်တာနဲ့တစ်ပြိုင်နက် သဘောကျအောင် မိမိဘက်မှ သေချာပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။

ထောက်ခံစာကောင်းတစ်စောင်ရရှိဖို့ လိုက်နာသင့်တဲ့ အချက်(၇)ချက်ကို အောက်ပါအတိုင်း ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ သင့်ကိုထောက်ခံစာရေးပေးမယ့်သူကို သေချာစွာ ရွေးချယ်ပါ။

သင့်ရဲ့လျှောက်လွှာ အမျိုးအစားပေါ် မူတည်ပြီး ထောက်ခံစာတစ်ခုတောင်းတဲ့အခါ ကွဲပြားမှုရှိနိုင်ပါတယ်။ အဓိက ထောက်ခံစာရေးပေးမယ့်သူကို ရွေးချယ်တဲ့အခါ မိမိအကြောင်းကို ကောင်းစွာသေချာသိထားသူကို ရွေးချယ်တာ အဆင်ပြေလိမ့်မယ်။ ဥပမာ- စာသင်နှစ်အတွင်း သင့်ရဲ့သုတေသနစီမံကိန်းကို ပြီးစီးအောင် ကူညီပေးခဲ့တဲ့ အကြံပေးပုဂ္ဂိုလ်များဆီမှ ထောက်ခံစာတောင်းခံဖို့ သင်ရွေးချယ်နိုင်ပါတယ်။

၂။ စာတစ်စောင်ကို တရားဝင် တောင်းဆိုပါ။

နည်းလမ်းကျကျဖြစ်တဲ့ ထောက်ခံစာတစ်စောင်ကိုရေးတဲ့အခါ သင့်ကိုထောက်ခံပေးမယ့်လူအပေါ်မှာ လေးစားမှုရှိတဲ့ အပြုအမူနဲ့ တောင်းဆိုဖို့ လိုအပ်ပါတယ်။ သူတို့ကို လူချင်းတွေ့ပြီးမမေးနိုင်ဘူးဆိုရင်တောင် နည်းလမ်းတကျဖြစ်တဲ့ ဖုန်းခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်း စတဲ့တောင်းဆိုချက်များကို လုပ်ဆောင်ပါ။ အီးမေးလ်တစ်စောင်ရေးသားတဲ့အခါ သေချာပေါက်နှုတ်ခွန်းဆက်စကားထည့်ရေးဖို့မမေ့ပါနဲ့။ ပြီးရင် ဒီထောက်ခံစာကို ဘာအတွက်ကြောင့် လိုအပ်နေသလဲဆိုတာကို သေချာထည့်ရေးပါ။ ဥပမာ-ကျောင်းလျှောက်ဖို့လား၊ အလုပ်လျှောက်ဖို့လား သေချာပါစေ။

၃။ စောစောမေးပါ။

ထောက်ခံစာရေးပေးမယ့်သူများအနေနဲ့လည်း အချိန်တစ်ခုလိုအပ်တာဖြစ်တဲ့အတွက် ထောက်ခံစာတစ်ခုရဖို့ အတွက် အချိန်စောစောပြောပါ။ ဥပမာ- ပညာရေးအစီအစဉ်များအတွက် လျှောက်လွှာတင်တဲ့အခါ လျှောက်လွှာ တင်ချိန်မတိုင်မီ လေးပတ်မှခြောက်ပတ်အလိုမှာ ထောက်ခံချက်တောင်းခံဖို့ကြိုးစားပါ။ အရည်အသွေးကောင်းတဲ့ ထောက်ခံစာတစ်ခုရဖို့အတွက် အချိန်ယူဖို့လိုအပ်ပါတယ်။ မိမိထောက်ခံစာမှာ ပါဝင်ရမယ့် သတင်းအချက် အလက်များကို ကြိုတင်စုဆောင်းပါ၊ သက်ဆိုင်ရာအသိပညာရှင်များကိုမေးပါ၊ ကိုယ်တိုင်သုတေသနလုပ်ပါ။

၄။ အချက်အလက်တွေကို ထောက်ပံ့ပေးပါ။

သင့်ရဲ့ထောက်ခံစာတစ်စောင်မှာ ပါဝင်ရမယ့်အချက်အလက်တွေကို ထောက်ခံစာရေးပေးမယ့်သူဆီကို သေချာ ပြောပြပေးပါ။ ထောက်ခံစာဟာ အခြေအနေအမျိုးမျိုးအတွက် လိုအပ်တာဖြစ်တာမို့ ရေးပေးမယ့်သူက ဘာအတွက်ရေးပေးရမလဲမသိတဲ့အခါ ပြီးပြည့်စုံတဲ့ ထောက်ခံစာကောင်းတစ်ခုကို မရနိုင်တာဖြစ်နိုင်ပါတယ်။ ဥပမာ- မိမိထောက်ခံစာမှာ မန်နေဂျာလိုရာထူးမျိုးအတွက် လိုအပ်တယ်ဆိုပါက မိမိရဲ့ခေါင်းဆောင်မှု အရည် အသွေး၊ အလုပ်ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်များကို သေချာပြောပြပေးပါ။

၅။ ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်မှုတွေကို အကြမ်းဖျင်းဖော်ပြပါ။

ထောက်ခံစာတစ်ခုမှာ အဓိက သင်ရဲ့ကျွမ်းကျင်မှုတွေနဲ့ အောင်မြင်မှုတွေကို ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို ထောက်ခံစာတစ်ခုရေးပေးဖို့ သဘောတူပြီးတဲ့အခါ စာထဲမှာပေါ်လွင်စေချင်တဲ့ သတင်းအချက်အလက်တချို့နဲ့ အောက်လိုင်းတစ်ခုကိုပို့ပေးပါ။ သင့်ရဲ့အောင်မြင်မှုများကို သေချာစာရင်းပြုစုပါ။ သင်ယူခဲ့တဲ့ သင်တန်းတွေ၊ အလုပ်စီမံကိန်းတွေ၊ အနိုင်ရခဲ့တဲ့ဆုတွေ စတဲ့ သင့်ကိုယ်သင် ဖော်ပြနိုင်မယ့် သတင်းအချက်အလက်တွေကို စုဆောင်းပါ။

၆။ စာစောင်များကို မိတ္တူကူးထားပါ။

ထောက်ခံစာတစ်ခုရရှိပြီးနောက် နောက်ပိုင်းပြန်လည်အသုံးပြုဖို့ လိုအပ်လာတဲ့အခါ ပြန်သုံးနိုင်ရန်အတွက် မိတ္တူကူးပြီးသိမ်းဆည်းထားပါ။ ဥပမာ- လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်အတွင်း တစ်ခုခုပျောက်ဆုံးသွား ခဲ့ရင်တောင် အပိုပွားထားတဲ့မိတ္ထူများက အထောက်အကူ ပြုပါလိမ့်မယ်။ နောက်ထပ်အလားတူ အလုပ်အတွက် (ဒါမှမဟုတ်) ပညာရေးအစီအစဉ်အတွက် လျှောက်လွှာတင်ဖို့ လိုအပ်လာပါက အဲ့ဒီလျှောက်လွှာအတွက် ဒီထောက်ခံစာကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စမှာ သတိထားရမှာက ဒီထောက်ခံစာကို နောက်ထပ် လျှောက်လွှာတွေအတွက်မသုံးခင် သင့်ကိုထောက်ခံစာရေးပေးတဲ့သူဆီက သေချာခွင့်တောင်းပါ။

၇။ လေးစားမှုရှိပါ။

တစ်စုံတစ်ယောက်ကို ထောက်ခံစာရေးခိုင်းတဲ့အခါ သူတို့ရဲ့အချိန်ကို လေးစားမှုရှိပါ။ ထောက်ခံစာတစ်ခု ရပြီးတဲ့အခါ ကျေးဇူးတင်စကားပြောဖို့ သတိရပါ။ လူကိုယ်တိုင်တွေ့ပြီး မပြောနိုင်ခဲ့ရင်တောင် အီးမေးလ် သေချာပို့ပေးပြီးပြောပါ။ သူတို့ရဲ့အချိန်ကို လေးစားပါ။ ဒီဆောင်းပါးကို indeed.com မှ ရေးသားဖော်ပြထားတဲ့ how to request a recommendation letter ဆောင်းပါးမှ ကောက်နုတ်ရေးသားဖော်ပြထားပါတယ်။

Daw Hlaing May Win

B.Com, MBA (Meikhtila University of Economics)