အလုပ်ခွင်မှာ ‌အရေးပါပြီး အစားထိုးမရတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပြီလား?

အလုပ်မှာ အစားထိုးလို့မရတဲ့သူတစ်ယောက်ဖြစ်လာဖို့ ဘာကြောင့်ဂရုစိုက်ရမှာလဲ' လို့ မေးကောင်း မေးနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်နိမ့်ကျတဲ့ဝန်ထမ်း ဒါမှမဟုတ် အရေးပါတဲ့ အလုပ်တာဝန်များကို မဆောင်ရွက်နိုင်တဲ့ ဝန်ထမ်းများကို လုပ်ငန်းရှင်တွေက မလိုလားကြပါဘူး။ အလုပ်ရှင်များဟာ သင့်ရဲ့ အလုပ်အပေါ် ဆက်လက်သစ္စာစောင့်သိမှုကို ရယူလိုပေမယ့် ဆက်လက်ဆောင်ရွက်လိုသူများဟာ စွမ်းဆောင်ရည်ပြည့်ဝသူများလည်း ဖြစ်ဖို့လိုပါတယ်။

ဝန်ထမ်းအသစ်တွေက လုပ်ငန်းခွင်မှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်လဲ။

၁။ ကိုယ့်အလုပ်ကို လုပ်ပါ။

ပေးအပ်ထားတဲ့ တာဝန်များကို အချိန်မီ၊ မှန်မှန်ကန်ကန် လုပ်ဆောင်ပါ။ အနည်းဆုံး အဖွဲ့အစည်းများက အလုပ်ကို ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်သူများကို လိုအပ်ကြပါတယ်။ ဒီအချက်က မိမိဟာ အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာဖို့ အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။

၂။ လိုအပ်တာထက် ပိုလုပ်ပါ။

ဘာလုပ်ရမယ်ဆိုတာ ပြောတဲ့အချိန်ထိ မစောင့်ပါနဲ့၊ အဲ့ဒါကို ကြိုတွေးပါ၊ လုပ်သင့်တဲ့အရာတွေကို ကြိုလုပ်ထားပါ။ သင့်အထက်လူကြီးက သင့်ကိုလမ်းပြဖို့ နည်းလေလေ၊ သင့်အထက်လူကြီးက သင့်လောက် မစွမ်းဆောင်နိုင်တဲ့ တခြားဝန်ထမ်းတွေကို လေ့ကျင့်ပေးတာမျိုးအပါအဝင် တခြားကိစ္စတွေအပေါ် အာရုံစိုက်နိုင် လေလေပါပဲ။ အလွန်တက်ကြွတဲ့ ဝန်ထမ်းကို တန်ဖိုးမထားတဲ့သူဌေးဆိုတာ မရှိပါဘူး။

၃။ အကူအညီဖြစ်စေတဲ့သူ ဖြစ်ပါစေ။

နေရာတိုင်းမှာ ဖြစ်ပျက်နေတာတွေကို ဘယ်မန်နေဂျာ ဘယ်ခေါင်းဆောင်မှ အရာရာတိုင်းသိရှိဖို့က မဖြစ်နိုင်ပါဘူး။ ဝန်ထမ်းတွေက အဖွဲ့အစည်းကို အကျိုးရှိစေမယ့် ကုမ္ပဏီအတွင်းရော ပြင်ပမှာပါ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို တင်ပြပေးနိုင်တဲ့ အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ မိမိသိရှိထားတဲ့ အရာများက မိမိလုပ်ငန်းကို အကျိုးပြုနိုင်တာ ဒါမှမဟုတ် မိမိလုပ်ငန်းကို ထိခိုက်စေနိုင်တဲ့ အရာဖြစ်နေပါက တင်ပြပေးဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းဖြင့် မိမိအလုပ်ကို အကျိုးပြုဖို့အတွက် အကူအညီဖြစ်ပါစေ။

၄။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။

စဥ်ဆက်မပြတ် လေ့လာသင်ယူမှုများကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နည်းပညာတွေဟာ အဆက်မပြတ်ပြောင်းလဲနေပြီး ၀န်ထမ်းများက အဆက်မပြတ်လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များထံမှ လက်လှမ်းမီသလောက် သင်ယူဖို့နဲ့ တခြားသော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အသစ်တွေကို လေ့လာဖို့ အချိန်ရအောင် ဆောင်ရွက်သင့်ပါတယ်။ သင်ယူမှုအတွက် ရင်းနှီးမြှုပ်နှံခြင်းက သင့်ကို စွမ်းဆောင်ရည်ပြည့်ဝတဲ့သူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။

၅။ တခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်ပါ။

အမှန်တော့ အဖွဲ့စည်းတစ်ခုမှာ တခြားသူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ‌အရေးကြီးပါတယ်။ သူတို့မှာ သင်နဲ့မတူတဲ့ အရည်အချင်းတွေ ရှိနေနိုင်ပါတယ်။ အဖွဲ့တစ်ခုအနေနဲ့ အတူတကွလုပ်ဆောင်နေသူများဟာ အမှီအခိုကင်းစွာလုပ်ကိုင်သူများထက် ပိုမိုကောင်းမွန်တဲ့ရလဒ်များကို ပေးဆောင်လေ့ရှိတာကြောင့်ဖြစ်ပါတယ်။ တစ်နည်းဆိုရသော် 1 + 1 > 2 ဟူသော စကားသည် ဤကိစ္စတွင် မှန်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတဲ့အတွက် အဖွဲ့လိုက်လုပ်ဆောင်ခြင်းမှာလည်း အားသာချက်တွေရှိပါတယ်။ သင့်အဖွဲ့အစည်းအတွင်း တခြားသူများနဲ့ ခိုင်မာစွာချိတ်ဆက်လုပ်ဆောင်ခြင်းက သင့်ကို ပြဿနာများ မျှဝေဖြေရှင်းနိုင်စေဖို့ ကူညီပေးနိုင်ကာ ဆက်လက်ပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ရှာဖွေဖို့ ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ဝန်ထမ်းဆိုတာ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ resource တစ်ခုပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး အလုပ်အတွက် အ‌ရေးပါသော၊ အစားထိုးမရနိုင်သော ဝန်ထမ်းများကို အလုပ်ရှင်များက တန်ဖိုးထားကြပါတယ်။ ဒါကြောင့် မိမိဟာ အလုပ်မှာတန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။

ဤဆောင်းပါးကို https://www.Forbes.com မှ Deborah Lovich ရေးသားထားသော How (And Why) To Become Irreplaceable At Work ခေါင်းစဉ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)