Emirates Airlines ကို လူသိများကျော်ကြားစေတဲ့ အချက်တွေကဘာတွေလဲ?

ကမ္ဘာအနှံ့ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေထဲမှာဆိုရင် Emirates Airlines ဟာ လူသိများထင်ရှားတဲ့ နာမည်ကျော်လေကြောင်းလိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Emirates Airlines ဟာ ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ အလွန်ကို သက်သောင့်သက်သာရှိတဲ့ Cabins နဲ့ Customer များအတွက် အဆင့်မြင့်ခရီးသွား အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်တဲ့အတွက် ဆုများလည်းရရှိထားပါတယ်။ ဒီလိုနာမည်ကောင်းရဖို့အတွက် သူတို့ ဘယ်လိုလုပ်ဆောင်ထားကြသလဲဆိုတာ လေ့လာကြည့်ရအောင်။ United Arab Emirates နိုင်ငံအခြေစိုက် Emirates Airlines ဟာဆိုရင် ကမ္ဘာ့အ‌ရှေ့အလယ်ပိုင်းဒေသမှာ အကြီးဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်ပြီး Dubai အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် နိုင်ငံပေါင်း ၈၅ နိုင်ငံရှိ မြို့ပေါင်း ၁၅၀ ကျော်ကို သူ့ရဲ့လေယာဥ်အစီး ၃၀၀ နီးပါးနဲ့ ပြေးဆွဲပျံသန်းလျက်ရှိပါတယ်။ Emirates Airlines ဟာ သူ့ရဲ့ လေယာဥ်တွေနဲ့ ဝန်ထမ်းများအတွက် အချိန်နဲ့ ‌ငွေအင်အားများစွာကို ရင်းနှီးမြှုပ်နှံထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက Emirates Airlines ဟာ Customers တွေရဲ့ In-Flight အတွေ့အကြုံကို မြှင့်တင်‌ပေးနိုင်ဖို့ ‌ဒေါ်လာ ၂ ဘီလီကျော် ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီထဲမှာ သူတို့ရဲ့ လေယာဥ် အစင်း ၁၂၀ ကျော်ကို နောက်ဆုံးပေါ်လေယာဥ်အတွင်းပိုင်း ပြင်ဆင်မှုများနဲ့ ပြန်လည်ပြင်ဆင်မယ့် ကြီးမားတဲ့ အစီအစဥ်တစ်ခုလည်း ပါဝင်ပါတယ်။ Emirates Airlines ရဲ့ ဥက္ကဌဖြစ်သူ Sir Tim Clark က “တခြားသူတွေဟာ လုပ်ငန်းမှာတွေ့ကြုံရတဲ့ ဖိအားတွေကို ကုန်ကျစရိတ်ကို လျှော့ချခြင်းဖြင့် တုံ့ပြန်ကြသော်လည်း Emirates ကတော့ ၎င်းနဲ့ဆန့်ကျင်ပြီး Customer များထံ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများပေးနိုင်ဖို့ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ Emirates ရဲ့ သင်္ကေတဖြစ်တဲ့ Inflight experiences များကို နောက်တစ်ဆင့်သို့ ယူဆောင်သွားနိုင်ဖို့အတွက် အထူးအစီအစဥ်များကို ဆက်တိုက်လုပ်ဆောင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Emirates ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဖန်တီးမှုတချို့ကတော့ တိုးမြှင့် ထားတဲ့ အစားအသောက်ရွေးချယ်မှုများ၊ သက်သတ်လွတ်စားသူတွေအတွက် အသစ်တီထွင်ထားတဲ့ မီနူးများ၊ ကောင်းကင်ပေါ်မှာ ရုပ်ရှင်ကြည့်ရတဲ့ အတွေ့အကြုံ၊ လေယာဥ်အခန်းအတွင်းပိုင်း အဆင့်မြှင့်တင်မှုများနဲ့ ရေရှည်တည်တံ့တဲ့ အစား‌အသောက်ကွင်းဆက်တို့ပဲ ဖြစ်ပါတယ်။ Emirates Airlines မှာ အစားအသောက်ဟာ အမြဲတမ်းဦးစားပေးထားတဲ့ အရာတစ်ခုဖြစ်ပြီး သက်သတ်လွတ်မီနူးအသစ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပင်များအပေါ်မှာ အခြေခံပြီး ရွေးချယ်ထားတဲ့ pan-roasted king oyster mushrooms, jackfruit biryani and chocolate truffle cake with hazelnut, pistachio and gold leaf တို့ ပါဝင်ပါတယ်။

Emirates ရဲ့ ဖျော်ဖြေမှုစနစ်မှာပါဝင်တဲ့ Channels ပေါင်း ၅၀၀၀ ‌ကျော်ကို ကြည့်ရှုနေစဥ်မှာ ခရီးသည်များဟာ Cinema Snack Menu ကနေတစ်ဆင့် ပုစွန်လိပ်၊ Sliders ဒါမှမဟုတ် ပေါက်ပေါက်များကို မှာယူစားသုံးနိုင်ပါတယ်။ လေယာဥ် ခရီးစဥ်တစ်လျှောက် ကျွေးမွေးတဲ့ ဟင်းသီးဟင်းရွက်အများစုဟာ ကမ္ဘာ့အကြီးဆုံး‌‌ Vertical Farm မှ ရိတ်သိမ်းထားပြီး ရေရှည်တည်တံ့တဲ့ Supply Chain ကနေတစ်ဆင့် ရယူထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုရဲ့ တခြားအစိတ်အပိုင်းတစ်ခုကတော့ လေယာဥ်အတွင်းပိုင်းများကို အဆင့်မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။ Cabins များကို အသစ် ဒါမှမဟုတ် ပြန်လည်ပြုပြင်ထားတဲ့ ထိုင်ခုံများ၊ New paneling၊ ကြမ်းပြင်များ နဲ့ တခြားအခန်းအတွင်း လိုအပ်တဲ့ အင်္ဂါရပ်များနဲ့ ပြန်လည်ပြင်ဆင်ထားပါတယ်။ Cabin class ကို ပြန်လည်ဆန်းသစ်ပြီး Emirates Airlines ရဲ့ခရီးသည်များအားလုံး အကျိုးရှိစေမယ့် Premium Economy Cabin အသစ်ကို ဖန်တီးပေးဖို့ မျှော်မှန်း ထားပါတယ်။ ကမ္ဘာ့အဆင့်မီဖို့အတွက်ဆိုရင် လေယာဥ်အတွင်းပိုင်းများကို အဆင့်မြှင့်တင်ဖို့တင်မကဘဲ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းများကလည်း အ‌ရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ Emirates Airlines ဟာ ခရီးသည်များကို ထူးခြားဆန်းသစ်ပြီး သာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးနိုင်တဲ့ Emirates Hospitality Strategy ကို ဖန်တီးနိုင်ဖို့ရာ ကမ္ဘာ့ထိပ်တန်း hospitality management schools များထဲမှ တစ်ခုဖြစ်တဲ့ Ecole hôtelière de Lausanne နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

Emirates Airlines ရဲ့ Cabin Crew များဟာ မတူကွဲပြားကာ ဘာသာစကားပေါင်း ၁၃၀ ကျော်ကို‌ ပြောဆိုကြပြီး လူမျိုးပေါင်: ၁၄၀ ကျော်ကို ကိုယ်စားပြုပါတယ်။ Emirates Airlines က အသစ်ခန့်အပ်လိုက်တဲ့ Cabin Crew များဟာ Dubai ရှိ Emirates ရဲ့ အဆောက်အဦးတစ်ခုမှာ ဧည့်ဝတ်ပျူငှာမှု၊ ဘေးကင်းမှု၊ ဝန်ဆောင်မှု ပေးဝေမှုဆိုင်ရာ အမြင့်ဆုံးစံချိန်စံညွှန်းများကို (၈) ပတ်ကြာ လေ့ကျင့်သင်ယူကြရပါတယ်။ Cabin Crew များဟာ Update ဖြစ်သွားတဲ့ ဝန်ဆောင်မှုဆိုင်ရာ စံချိန်စံနှုန်းများကို နှစ်နှစ်တစ်ကြိမ် လေ့ကျင့်သင်ယူကြရပါတယ်။ Emirates ရဲ့ လေယာဥ်အတွင်းပိုင်းပုံတူများကို အသုံးပြုပြီး Cabin Crew များဟာ ကောင်းမွန်တဲ့ စားသောက်မှု ဝန်‌ဆောင်မှုမှ ပြီးပြည့်စုံတဲ့ Cocktail ရောစပ်ခြင်းအထိ ခရီးသည်များအား အကောင်းဆုံး လေယာဥ်ပျံသန်းမှု အတွေ့အကြုံကို ပေးဆောင်နိုင်ရန် လေ့လာသင်ယူကြရပါတယ်။ လေကြောင်းခရီးစဥ်တစ်လျှောက် ဘေးကင်းလုံခြုံမှုဟာ ပြီးခဲ့တဲ့နှစ်များတစ်လျှောက် သိသိသာသာ တိုးတက်လာခဲ့ပေမယ့်လည်း Emirates ရဲ့ Cabin Crew များဟာ ဘေးအန္တရာယ်ကြုံတွေ့ချိန်မှာ သေချာဆုံးဖြတ်ချက်ချနိုင်ဖို့၊ ကြံ့ကြံ့ခံနိုင်ဖို့၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဖို့ အပြည့်အဝ လေ့ကျင့်သင်ကြားပေးထားသူများ ဖြစ်ပါတယ်။

ဒါ့အပြင် Cabin Crew များအား ခရီးသည်များကို ကူညီဖို့ရာ သဘောတူညီချက်ကို ဘယ်လိုမျိုးရယူဖို့၊ နာမကျန်းဖြစ်နေသူများကို စာနာနားလည်ကူညီဖို့နဲ့ ခက်ခဲသောအခြေအနေနဲ့ကြုံတွေ့ပါက ဘယ်လိုမျိုးတည်တည်ငြိမ်ငြိမ်နေဖို့တို့ကိုပါ လေ့ကျင်သင်ကြားပေးထားပါတယ်။ ဒါ့ကြောင့် များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ထမ်းများကို အဆက်မပြတ် လေ့ကျင့်သင်ကြားပေးမှုများဟာ Emirates Airlines ရဲ့ ကောင်းကင်ပေါ်မှာ ဆက်လက်ပျံသန်းနေတဲ့ အဓိက အကြောင်းအရင်းများပဲ ဖြစ်ပါတော့တယ်။

www.forbes.com မှ Sherrie Nachman ရေးသားတဲ့ Learn How Emirates Airlines Continues To Be Best In Class ဆောင်းပါးကို ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B. Com (Q**), M. Com

Meiktila University of Economics