Social Media ရဲ့ အားနည်းချက်များ

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာဟာ ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပါတယ်။ ဆိုရှယ်မီဒီယာဟာ ကျွန်ုပ်တို့ အပေါင်းအသင်းမိတ်ဆွေတွေကြား အချင်းချင်း ဆက်ဆံပြောဆိုပုံတို့ကို ပြောင်းလဲစေခဲ့ပါတယ်။ ဆိုရှယ်မီဒီယာဟာ လူသားတွေအတွက် ကောင်းကျိုးများစွာ ပေးနိုင်သလို တစ်ဖက်မှာလည်း ဆိုးကျိုးများစွာရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ဆိုရှယ်မီဒီယာရဲ့ အားနည်းချက်/ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ကျန်းမာရေးအပေါ်သက်ရောက်မှု

ပထမဆုံးတစ်ချက်ကတော့ ဆိုရှယ်မီဒီယာဟာ ကျွန်ုပ်တို့ရဲ့ စိတ်ကျန်းမာရေးအပေါ်မှာ သိသာထင်ရှားစွာ သက်ရောက်မှုရှိနေခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုများအရ ဆိုရှယ်မီဒီယာကို အလွန်အကျွံ အသုံးပြုခြင်းဟာ စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနဲ့ တခြားသော စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများကို တိုးမြင့်လာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်၊ ဘဝအတွေ့အကြုံ ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ ဖြစ်ရပ်များကို ဆိုရှယ်မီဒီယာက‌နေတစ်ဆင့် ဖော်ပြလေ့ရှိကြပါတယ်။ အဲလိုဖော်ပြတဲ့အခါမှာ တခြားသူများရဲ့ ပြောဆိုဝေဖန်ပြစ်တင်ရှုတ်ချမှုများကို ကြုံလာရတဲ့အခါ စိတ်ဖိစီးမှုများကို ခံစားရလေ့ရှိကြပါတယ်။ ဆိုရှယ်မီဒီယာကနေတစ်ဆင့် တခြားသူများရဲ့ ပြီးပြည့်စုံတဲ့ဘဝနဲ့ ကိုယ့်ရဲ့ဘဝကို နှိုင်းယှဥ်ကြည့်ပြီး မိမိရဲ့ဘဝကို စိတ်တိုင်းမကျတာမျိုး၊ အားမရတာမျိုးတွေ ခံစားရလာစေနိုင်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာဟာ အဆိုးမြင်စိတ်နဲ့ ဆိုက်ဘာအနိုင်ကျင့်မှုများ ဖြစ်ပေါ်စေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် စိတ်ကျန်းမာရေး ပြဿနာများ ကိုပါ ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ လူမှုဆက်ဆံရေးအပေါ်သက်ရောက်မှု

နောက်တစ်ချက်ကတော့ ဆိုရှယ်မီဒီယာဟာ ကျွန်ုပ်တို့ရဲ့ လူမှုဆက်ဆံရေးအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ ဆိုရှယ်မီဒီယာကို အလွန်အကျွံအသုံးပြုခြင်းဟာ မျက်နှာချင်းဆိုင် ဆက်သွယ်ဆက်ဆံရေးပိုင်းကို အားနည်းသွားစေနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ သူငယ်ချင်းများစွာ ရှိပေမယ့် တကယ့်အပြင်လက်တွေ့ဘဝမှာတော့ ကိုယ်တစ်ယောက်တည်းဖြစ်နေတတ်ပြီး အထီးကျန်ခြင်း၊ တခြားသူများနဲ့ အချိတ်အဆက်မရှိခြင်းတို့ ဖြစ်လာနိုင်တဲ့အပြင် ကိုယ်ချင်းစာနာစိတ် နည်းပါးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးများလည်း ကျဆင်းလာနိုင်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာဟာ မကြာခဏပဋိပက္ခများ ဖြစ်စေတဲ့ အရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ဆက်ဆံရေး ပြဿနာများကိုလည်း ပေါ်ပေါက်စေနိုင်ပါတယ်။

၃။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး‌အပေါ်သက်ရောက်မှု

ဆိုရှယ်မီဒီယာဟာ ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးအပေါ်သက်ရောက်မှုအပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် အဝလွန်ခြင်း၊ ကိုယ်ဟန်အနေအထားမကောင်းခြင်း၊ မျက်စိ‌ညောင်းညာခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖန်သားပြင်များမှ အပြာရောင်အလင်းတန်းများနဲ့ ထိတွေ့ခြင်းဟာ အိပ်စက်ခြင်း ပုံစံများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ညနက်သန်းခေါင်ထိ ဖုန်းကိုအသုံးပြုခြင်းဟာ အိပ်ရေးပျက်ခြင်းနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၄။ Privacy အပေါ်သက်ရောက်မှု

ဆိုရှယ်မီဒီယာရဲ့ နောက်ထပ်အားနည်းချက်တစ်ခုကတော့ ‌Privacy အပေါ်မှာ အကျိုးသက်ရောက်မှုရှိခြင်းပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများဟာ အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သက်ဆိုင်တဲ့ သတင်းအချက် အလက်များစွာကို ရယူသိမ်းဆည်းထားပါတယ်။ ဒီအချက်အလက်များဟာ ကြော်ငြာခြင်းနဲ့ တခြားရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြုခြင်းခံရနိုင်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာဟာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများ ဖြစ်ပေါ်စေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် ဆိုက်ဘာရာဇဝတ်ကောင်များရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ငွေကြေးအချက်အလက်များ ခိုးယူခြင်းကို ဖြစ်ပေါ်စေတဲ့ ပလပ်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်။

၅။ ပညာရေးပိုင်းမှာ သက်ရောက်မှု

လေ့လာမှုများအရ ဆိုရှယ်မီဒီယာကို အလွန်အကျွံအသုံးပြုခြင်းဟာ စာသင်ချိန်နဲ့ စာသင်ချိန်အတွင်း ကြီးမားတဲ့ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ပညာရေးပိုင်းမှာ စွမ်းဆောင်ရည် ကျဆင်းစေနိုင်တယ်ဆိုတာ တွေ့ရှိရ ပါတယ်။ ဒါ့အပြင် လူတွေဟာ သတင်းတစ်ခုကိုတွေ့တဲ့အခါ အမှားအမှန်ကို မခွဲခြားဘဲ

စိတ်ခံစားမှု အပေါ်မူတည်ပြီး သတင်းများကို မျှဝေမှုများ ပြုလုပ်လေ့ရှိပါတယ်။ ဒီအချက်ဟာ သတင်းအမှားများကို ပိုမိုပျံ့နှံ့စေနိုင်ပြီး လူတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်တဲ့ တွေး‌ခေါ်နိုင်မှုစွမ်းရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဆိုရှယ်မီ ဒီယာဟာ ကျွန်ုပ်တို့ရဲ့ဘဝမှာ အပျက်သဘောဆောင်တဲ့ သက်ရောက်မှု များစွာရှိနေပါတယ်။ စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကိုပါ သက်ရောက်မှုရှိစေတဲ့အပြင် Privacy နဲ့ ပညာရေးပိုင်းမှာပါ ထိခိုက်စေမှုမျိုးတွေ ရှိလာနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အဆိုပါဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကို သတိပြုပြီး ဆိုရှယ်မီဒီယာကို အသုံးပြုကြဖို့ လိုအပ်ပါတယ်။

www.likedin.com မှ Disadvantages of Social Media ဆောင်းပါးကို သင့်လျော်အောင်ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com (MEUE)