စီးပွားရေးလုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းက ဘာလို့အရေးကြီးတာလဲ ?
အဖွဲ့အစည်းတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းဟာ အပြောင်းအလဲကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ပြိုင်ဘက်များထံမှ စိန်ခေါ်မှု၊ ဆန်းသစ်တီထွင်မှု (ဒါမှမဟုတ်) စီးပွားရေးကျဆင်းမှု စတဲ့ အခြေအနေများကို ဉာဏ်ပညာနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။ အခြေခံအားဖြင့်ပြောရရင် ဒီလိုအပ်ချက်ကို လိုက်လျောညီထွေဖြစ်အောင် အသုံးချနိုင်တဲ့ မတူညီတဲ့ ချဉ်းကပ်မှုနှစ်ခု ရှိပါတယ်။ တချို့ သမားရိုးကျဆန်ပြီး အစဉ်အလာကြီးတဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ စီးပွားရေးခေါင်းဆောင်များဟာ အခြေအနေဆိုးများ လက်တွေ့ရင်ဆိုင် ကြုံတွေ့မှသာ ပြန်လည်တုံ့ပြန်လိုကြပါတယ်။ ၎င်းတို့ဟာ ပြောင်းလဲလာတဲ့ အမှတ် (သို့) ဆိုးရွားလာတဲ့ နေရာကို အမှန်စင်စစ်ရောက်မှသာ ကြိုးကြိုးစားစား နည်းပရိယာယ်များနဲ့ ဗျူဟာများ စွဲကိုင်ကာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကို အတိအကျအချိုးအစားနဲ့ တုံ့ပြန်လိုကြပါတယ်။ ယေဘုယျအနေနဲ့ သူတို့က အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှု ပုံစံနဲ့ပတ်သက်ပြီး မပြောင်းလဲလိုဘဲ စိန်ခေါ်မှု တွေကို ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေနဲ့ ရင်ဆိုင်လိုကြတာပဲ ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာရှိတဲ့ စီးပွားရေးခေါင်းဆောင်များကတော့ တက်တက်ကြွကြွနဲ့ ကြိုတင်ပြင်ဆင်ဖို့ အားသန်ကြပါတယ်။ ဒီလိုခေါင်းဆောင်တွေဟာ ခေတ်ရေစီးကြောင်းများကို အဆက်မပြတ် စောင့်ကြည့်တတ်ကြပြီး သူတို့ရဲ့ စီမံခန့်ခွဲရေးဆိုင်ရာပုံစံများ၊ ဆုံးဖြတ်ချက်များကို ဝေဖန်ဆန်းစစ်တဲ့ မျက်လုံးများနဲ့ ကြည့်ရှုလေ့ရှိကြပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေအတွက် ဘယ်အရာကမှ “လုံလောက်ပြည့်စုံသည်” လို့ မရှိပါဘူး။ သူတို့ဟာ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်မြန်ဆန်ပြီး စမတ်ကျတဲ့ ပုံစံနဲ့ လုပ်ဆောင်နိုင်တယ်လို့ အမြဲယုံကြည်လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့်တော့ သူတို့ဟာသမားရိုးကျ ခေါင်းဆောင်မှုပြုသူများထက်ရှေ့မှာ ကြိုတင် ရောက်ရှိနေလေ့ရှိကြပါတယ်။
ဒီလိုကြိုတင်ပြင်ဆင်ရင် ဘာတွေဖြစ်စေနိုင်လဲ?
(၁) ကြိုတင်ပြင်ဆင်မှုကို ဖြစ်စေနိုင်ခြင်း။
ယနေ့အနာဂတ်ကို တွေးတောပြင်ဆင်ခြင်းဟာ မနက်ဖြန်မှာ ပရမ်းပတာမဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ တက်ကြွပြီး ပြင်ဆင်အားကောင်းတဲ့ စီးပွားရေးခေါင်းဆောင်များက စွန့်စားမှုများကို လျော့ပါးစေပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်စွမ်း အထူးရှိကြပါတယ်။
(၂) အချိန်နဲ့ငွေကိုချွေတာနိုင်ခြင်း။
ပြဿနာတစ်ခုဖြစ်ပြီးမှ ဖြေရှင်းဖို့ကြိုးစားတာက ကိုယ့်မှာရှိတဲ့အရင်းအမြစ်တွေကို အမြဲတမ်းနီးပါး ပိုဖြုန်းတီးနေတာပါပဲ။ ကြိုတင်ကာကွယ်မှု တစ်အောင်စ (1 oz) ဟာ ကုသခြင်းအတွက် တစ်ပေါင် (1 lb) တန်ပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့၊ သေးငယ်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ပျက်စီးမှုကို ထိန်းချုပ်ရာမှာ သန်းပေါင်းများစွာ တန်ဖိုးရှိနိုင်ပါတယ်။
(၃) ဆန်းသစ်တီထွင်မှုများကို ဖော်ထုတ်နိုင်စွမ်းရှိစေခြင်း။
ကြိုတင်တွေးတော ပြင်ဆင်ခြင်းက သင့်အဖွဲ့အစည်းကို ဆန်းသစ်တီထွင်မှုရဲ့ ရှေ့တန်းမှာ နေရာယူရန်၊ လိုအပ်တဲ့ လှုပ်ရှားမှုများကို ပြုလုပ်ရန် ကူညီပေးနိုင်ပါတယ်။ အရွယ်အစားသေးငယ်သော်လည်းကြိုတင်ပြင်ဆင်မှု အရာမှာ သွက်လက်တဲ့ ကုမ္ပဏီတွေက မကြာခဏဆိုသလို ဈေးကွက်ထဲမှာ အတိုင်းအတာတစ်ခုထိ နေရာယူထားနိုင်တာကို တွေ့မြင်ရနိုင်ပါတယ်။
(၄) ပြောင်းလွယ် ပြင်လွယ် ဖြစ်စေနိုင်ခြင်း။
တက်ကြွတဲ့အဖွဲ့အစည်းများဟာ ပြောင်းလဲဖို့ ပိုမိုပွင့်လင်းကြပြီး အပြောင်းအလဲကပင် သူတို့လုပ်ဆောင်ပုံရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ခံယူလေ့ရှိကြပါတယ်။ ပြောင်းလဲပြင်ဆင်မှုကို ဥပေက္ခာပြုတတ်ကြတဲ့ တင်းကျပ်တဲ့အဖွဲ့အစည်းများဟာ တုံ့ပြန်တက်ကြွမှု အားနည်းတဲ့ ခေါင်းဆောင်များကြောင့် အခြေအနေများ ယိမ်းယိုင်တုန်လှုပ်သွားနိုင်တယ်။
(၅) အချင်းချင်း နားလည်မှု ပိုအားကောင်းစေနိုင်ခြင်း။
ပိုမိုကောင်းမွန်လာစေဖို့ အစဉ်တစိုက် တွန်းအားပေးခြင်းဟာ အဖွဲ့အစည်းတွေကို ပိုမိုကောင်းမွန်တဲ့ အချက်အလက်များ ထိုးထွင်းသိမြင်မှုနိုင်မှုနဲ့ သူတို့ရဲ့အားသာချက်များနဲ့ အားနည်းချက်များဆိုင်ရာ အချက် အလက်များကို ရရှိစေနိုင်ပါတယ်။
(၆) အနာဂတ်လမ်းပြမြေပုံ တည်ဆောက်နိုင်ခြင်း။
ကြိုတင်ပြင်ဆင်မှုအားကောင်းပြီး တက်ကြွတဲ့အဖွဲ့အစည်းများဟာ ဘယ်လမ်းကြောင်းကို သွားသင့်တယ် ဆိုတာကို ဆုံးဖြတ်ဖို့ ပြင်ပအင်အားစုများကို စောင့်ဆိုင်းနေမယ့်အစား အများအားဖြင့် သူတို့လိုချင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ စီမံဆောင်ရွက်နိုင်ကြပါတယ်။
ဒီဆောင်းပါးကို “ The Advantages of Being Proactive” ဆောင်းပါးမှ ကောက်နုတ်ပြီး သင့်တော်အောင် ဘာသာပြန်ဆိုထားပါတယ်။
References:Box, P., 2023. The Advantages of Being Proactive. [Online]
Available at: https://www.planbox.com/the-advantages-of-being-proactive/
[Accessed 19 November 2023].
Daw Hninn Pwint Oo
B.Com (Q), M.Com (Meiktila University of Economics)