လုပ်ငန်းခွင်မှာ ကိုယ်ချင်းစာတရားက ဘာကြောင့်အရေးကြီးတာလဲ ?

ဝန်ထမ်းတွေအပေါ် လုပ်ဖော်ကိုင်ဖက်များနဲ့ မန်နေဂျာများ ထားရှိရမယ့် အရေးကြီးတဲ့ လက္ခဏာများထဲမှ တစ်ခုဟာ စာနာမှု ဖြစ်ပါတယ်။ Empathy ဟာ တခြားသူရဲ့ ခံစားချက်များနဲ့ အတွေ့အကြုံများကို နားလည်သဘောပေါက်ပြီး စာနာနားလည်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ကိုယ်ချင်း စာတတ်တဲ့ ခေါင်းဆောင်မှုဆိုတာ တခြားသူတွေရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ ထင်မြင်ယူဆချက်တွေကို အသိအမှတ်ပြုပြီး နားလည်သဘောပေါက်နိုင်စွမ်းရှိပါတယ်။ လူတစ်ဦးစီဟာ သူတို့ရဲ့ ယုံကြည်ချက်၊ ယဉ်ကျေးမှု၊ အသိပညာ၊ နားလည်မှု၊ ကြီးပြင်းလာမှုနဲ့ အမြင်များ ကွဲပြားကြပါတယ်။ ဒီလိုအဖွဲ့မျိုးမှာ တာဝန်ထမ်းဆောင်တဲ့အခါ ခေါင်းဆောင်တွေက လူတွေအပေါ် စာနာနားလည်ပေးနိုင်တဲ့ သူတို့ရဲ့စွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။ လက်အောက်ငယ်သားများအပေါ် စာနာနားလည်မှုရှိတဲ့ ခေါင်းဆောင်မှုကို ကျင့်သုံးတဲ့ မန်နေဂျာများကို သူတို့ရဲ့ အထက်အရာရှိများက စွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းများအဖြစ် ရှုမြင်ကြပါတယ်။ Empathy ဆိုတာ နားထောင်နိုင်စွမ်း၊ ပွင့်လင်းမြင်သာမှု နဲ့ နားလည်ပေးနိုင်မှုတို့ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်များနဲ့ ခေါင်းဆောင်များကြားစာနာမှုရှိခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ ဖောက်သည်ဝန်ဆောင်မှု စွမ်းရည်တိုးတက်လာခြင်း။

ဖောက်သည်များ ဒါမှမဟုတ် ဖောက်သည်တစ်ဦးရဲ့ ခံစားချက်များ၊ စိုးရိမ်မှုများနဲ့ လိုအပ်ချက်များကို ကိုယ်ချင်းစာစိတ်နဲ့ ကူညီပံ့ပိုးပေးနိုင်တဲ့ ဝန်ဆောင်မှု စွမ်းရည်ဖြစ်ပါတယ်။ ဒါကိုအောင်မြင်ဖို့ ဖောက်သည်ရဲ့စကားကို တက်ကြွစွာနားထောင်ဖို့၊ သူတို့ရဲ့စိတ်ခံစားမှုများ၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုများကို အသိအမှတ်ပြုကာ ဂရုစိုက်မှုတွေ၊ နားလည်မှုပြသတဲ့ပုံစံများနဲ့ တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများက သူတို့ရဲ့ဆန္ဒများနဲ့ လိုအပ်ချက်များကို သတိပြုပြီး စာနာနားလည်မှု ရှိရမယ်ဆိုတဲ့ အလေ့အကျင့်ရှိတာကြောင့် သူတို့ရဲ့ ဖောက်သည်များကို ဝန်ဆောင်မှုပေးရာမှာ စာနာစိတ်နဲ့ ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးပါလိမ့်မယ်။

၂။ ကိုယ်ချင်းစာတရားက ယဉ်ကျေးမှုကို မြှင့်တင်ပေးတယ်။

Empathy ဆိုသည်မှာ တခြားသူရဲ့ အတွေးအမြင်နဲ့ ခံစားချက်များကို လေးစားမှုရှိခြင်း၊ ကိုယ်တိုင်ခံစားနားလည်ပေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။ သုတေသနပြုချက်များအရ လူမည်းအမျိုးသား များရဲ့အမြင်များအား စူးစမ်းလေ့လာဖို့ လူဖြူများကို တွန်းအားပေးခံရပြီးနောက် လူဖြူများဟာ လူမျိုးရေးအရ ဆက်ဆံရေး ပိုကောင်းလာပါတယ်။ စာနာနားလည်မှုကို မွေးမြူပြီး စံနမူနာယူခြင်းက လူများကို ယဉ်ကျေးမှုစွမ်းရည်မြှင့်တင်ဖို့ ကူညီနိုင်ပါတယ်။

၃။ဆန်းသစ်တီထွင်တွေးခေါ်နိုင်စွမ်းကို တိုးမြင့်စေပါတယ်။

ခေါင်းဆောင်များဟာ လုပ်ငန်းခွင်မှာ စာနာနားလည်မှုကို အသုံးချတဲ့အခါ ဝန်ထမ်းများကို အကြံဉာဏ်သစ်များ ပေးဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။ သင့်အဖွဲ့အစည်းကို မတူညီတဲ့ ရှုထောင့်များမှ စဉ်းစားဖို့ တိုက်တွန်းနိုင်ပါတယ်။ ဥပမာ ဝန်ဆောင်မှုတစ်ခု ဒါမှမဟုတ် ထုတ်ကုန်တစ်ခုကို ဖောက်သည်ရဲ့ရှုထောင့်မှ နားလည်ဖို့ စဥ်းစားစေခြင်းက အရင်ကမစဉ်းစားခဲ့တဲ့ ပြဿနာများ ဒါမှမဟုတ် ဖြစ်နိုင်ခြေများကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်ပါတယ်။

၄။ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ပါတယ်။

လူတွေရဲ့ စိတ်ခံစားမှုနဲ့ အခြေအနေတွေကို ဖတ်ရှုနိုင်ရင် ခေါင်းဆောင်ကောင်းဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ စာနာတတ်တဲ့ခေါင်းဆောင်တွေက သူတို့ရဲ့အဖွဲ့တွေကို အကောင်းဆုံး လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ အာရုံစိုက်ကြတယ်။ သူတို့ဟာ တခြားသူများရဲ့ လိုအပ်ချက်များးကို သတိပြုမိကြပါတယ်။ သူတို့ရဲ့ ဝန်ထမ်းများအပေါ် ကတိကဝတ်ပြုမှုများ၊ အပြန်အလှန် နားလည်မှုများနဲ့ သစ္စာစောင့်သိမှုကို တည်ဆောက်ကြပါတယ်။ တချို့ခေါင်းဆောင်များက တခြားသူများထက် စာနာနားလည်မှုပိုရှိကြပြီး ရုန်းကန်နေရတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များအပေါ်မှာ အခွင့်ကောင်းများ ဖန်တီးပေးကြပါတယ်။ သင့်လျော်တဲ့ အချိန်နဲ့ ပံ့ပိုးမှုပေးမယ်ဆိုပါက ဥပမာ ခေါင်းဆောင်များဟာ လမ်းညွှန်ခြင်း၊ သွန်သင်ခြင်း ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများ ဖန်တီးပေးခြင်းဖြင့် အဖွဲ့အစည်းရဲ့ စာနာမှု စွမ်းရည် များလည်း တိုးပွားလာနိုင်ပါတယ်။ အဖွဲ့အစည်းခေါင်း‌ဆောင်များနဲ့ HR အမှုဆောင်အရာရှိများဟာ အခြေခံနည်းလမ်းအမျိုးမျိုးနဲ့ ပိုမိုစာနာနားလည်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ ဖန်တီးနိုင်ပြီး မန်နေဂျာများကို သူတို့ရဲ့ စာနာမှုစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေဖို့ကူညီပေးနိုင်ပါတယ်။

ဒီဆောင်းပါးကို https://www.getimpactly.com/.../empathy-important-in-the... မှ Why Is Empathy Important In The Workplace: 4 Benefits At The Workplace ခေါင်းစဥ်ကို ဒေါ်နှင်းနုအောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)