အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအတွက် ငွေကြေးဆိုင်ရာ အောင်မြင်မှု နည်းလမ်းများ

သုတေသနစာတမ်းများအရ အမျိုးသမီးပိုင်လုပ်ငန်းများမှာ လျင်မြန်စွာ တိုးတက်လာပြီး ဝင်ငွေများမှာလည်း တခြား စီးပွားရေးအသစ်များနဲ့ယှဉ်ရင် ပိုမိုပြီး လည်ပတ်လျက်ရှိပါတယ်။ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များရဲ့ အခန်းကဏ္ဍများမှာ တိုးတက်လာပေမယ့်လည်း တစ်ဖက်မှာ အောင်မြင်မှုအတွက် လိုအပ်တဲ့ ရင်းနှီးငွေ၊ လမ်းညွှန်ပြသမှုနဲ့ တခြား လိုအပ်တဲ့ အရာများရရှိနိုင်မှုဟာ အကန့်အသတ်ရှိနေတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ စီးပွားရေးတစ်ခုတည်ထောင်ဖို့အတွက် လိုအပ်တဲ့ အချိန်ပေးရမှု၊ စိတ်ရှည်မှုနဲ့ အားစိုက်ထုတ်ရမှုတို့မှာ ဖြတ်လမ်း သီးသန့်မရှိပါဘူး။ ဒါပေမဲ့ ငွေကြေးဆိုင်ရာ အောင်မြင်မှုမှာတော့ စစ်မှန်ပြီး စနစ်ကျမှန်ကန်တဲ့ နည်းဗျူဟာများ ရှိဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့ နည်းဗျူဟာ တချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ ကိန်းဂဏန်းတွေကို သိဖို့လိုအပ်ပါတယ်။

စီးပွားရေးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲတတ်မှုက စွန့်ဦးတီထွင်သူတစ်ဦးအတွက် လွန်စွာအရေးပါလှပါတယ်။ ကျွန်မတို့ရဲ့ ကုန်ပစ္စည်း (ဒါမှမဟုတ်) ဝန်‌ဆောင်မှု ဘယ်လောက်ပဲကောင်းကောင်း၊ ကျွန်မတို့ဟာ ကိန်းဂဏန်းကို နားမလည်ဘူးဆိုရင် လုပ်ငန်းကို တည်ငြိမ်အောင် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးစွမ်းဆောင်ရှင်များဟာ မကြာခဏ သူတို့ရဲ့ ငွေကြေးပိုင်းဆိုင်ရာ အရည်အသွေးတွေကို ဂရုပြုမှု အားနည်းကြပါတယ်။ ဒါပေမဲ့လည်း ဒီအရာကို လုပ်ငန်းတစ်ခုမစခင်မှာ ကြိုတင်နားလည်ထားဖို့ အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် ကျွန်မတို့ရဲ့ ပြိုင်ဘက် လုပ်ငန်းများအကြောင်းကိုလည်း သိရှိထားဖို့လိုသလို လုပ်ငန်းကို သေချာစွာ သိရှိနားလည်ထားဖို့နဲ စျေးနှုန်းသတ်မှတ်ပုံတို့ကို လည်း သိရှိထားရပါမယ်။ မှန်ကန်တဲ့ စျေးနှုန်းထားရှိဖို့အတွက် လုပ်ငန်းစံသတ်မှတ်ချက်တွေကိုလည်း နားလည်ဖို့ လိုအပ်ပါတယ်။

၂။ လမ်းညွှန်နိုင်တဲ့သူတွေကို ချဉ်းကပ်ပါ။

ကျွန်မတို့ရဲ့ စွန့်ဦးတီထွင်မှု ခရီးလမ်းတစ်လျှောက်မှာ လမ်းညွှန်နိုင်တဲ့သူတွေရဲ့ အကူအညီကြောင့် အချိန်ပါမက ငွေကြေးကိုပါ အချည်းအနှီးဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းအတွက်လိုအပ်တဲ့ ဆုံးဖြတ်ချက်ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။ လမ်းညွှန်သူများမှာ အပြုသဘောဆောင်တဲ့ အကဲဖြတ်မှုများနဲ့ ခက်ခဲတဲ့အချိန်များမှာပါ ထောက်ပံ့ပေးပြီး အားပေးတတ်ကြပါတယ်။ Networking ပွဲများမှာ ပါဝင်ခြင်းကလည်း ဒီလိုမျိုးလမ်းညွှန်ပေးနိုင်သူတွေကို  ရှာဖွေနိုင်ပါတယ်။

၃။ အဆက်အသွယ်ကောင်းများ  ထားရှိပါ။

စွန့်ဦးတီထွင်မှု ပတ်ဝန်းကျင်မှာ အဆက်အသွယ်ကောင်းများရှိခြင်းကလည်း အလွန်ပင်အရေးပါလှပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးအများစုမှာ မိသားစုနဲ့ စီးပွားရေးလိုအပ်ချက်ကို ညီမျှအောင် ထိန်းညှိလုပ်ကိုင်ရတဲ့အတွက် networking ပွဲများတက်ခြင်းကို မကြာခဏ တခြားအရာများနဲ့ယှဉ်လာရင် နောက်ဆုံးရွေးချယ်မှုမျိုး ဖြစ်သွားတတ်ပါတယ်။ သုတေသနစာတမ်းများအရ မိတ်ဆွေများစွာရှိတဲ့ အမျိုးသမီးများမှာ တခြားသူများထက်ပင် ပိုပြီး ဘဝမှာ ရှင်သန်နိုင် ကြောင်းကို တွေ့ရှိရပါတယ်။ အဲဒီလိုမိတ်ဆွေများကို mentorship၊ networking events နဲ့ ဆိုရှယ်မီဒီယာများမှ ရရှိနိုင်ပါတယ်။ လုပ်ငန်းဖက်စပ်များလုပ်ကိုင်ရင်းနဲ့လည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် တည်ဆောက်နိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့က လိုအပ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးများဟာ ကျွန်မတို့ရဲ့ လုပ်နိုင်တဲ့စွမ်းရည်ကို လျှော့တွက်တတ်ကြတယ်။ တကယ်လို့ အဲဒီလိုကန့်သတ်ထားမှုမျိုးကို ဖယ်ရှားလိုက်မယ်ဆိုရင် ကျွန်မတို့ လုပ်ငန်းမှာ ကြီးမားတဲ့ပြောင်းလဲမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ယုံကြည်မှုရှိခြင်းဆိုတာက သင်ယူလို့မရပါဘူး။ တည်ဆောက်မှရတဲ့ အရာဖြစ်ပါတယ်။ အောင်မြင်မှု သေးသေးလေးပဲဖြစ်ပါစေ၊ အမြဲကိုယ့်ကိုယ်ကိုယ် ချီးကျူးစကားပြောပေးပါ။ ဒါ့အပြင် တိုးတက်မှုရှိတဲ့ ရလဒ်တွေကို အာရုံစိုက်ပေးပါ။

အောင်မြင်တဲ့ လုပ်ငန်းတစ်ခုတည်ဆောက်ဖို့အတွက် စိတ်ရှည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မဆုတ်မနစ်နဲ့ ဇွဲလုံလရှိခြင်းတို့မှာ အခြေခံလိုအပ်ချက်များပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ငွေကြေးဆိုင်ရာ အောင်မြင်ဖို့အတွက်ဆိုရင်တော့ နည်းဗျူဟာနဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ မှန်ကန်မှုရှိမှသာ ဖြစ်နိုင်ပါမယ်။ ကိန်းဂဏန်းများကို သေချာစွာနားလည်ခြင်း၊ လမ်းညွှန်နိုင်တဲ့သူတွေကို ချဉ်းကပ်ခြင်း၊ မိတ်ဆွေများဖွဲ့ခြင်း၊ အမျိုးမျိုးသော ငွေကြေးရရှိနိုင်မှု နည်းလမ်းများကို တွေးတောခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာတို့ လိုအပ်ပါတယ်။ အောင်မြင်မှုဆိုတာ ခရီးပန်းတိုင်မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံးဖြတ်သန်းရမယ့် လမ်းခရီးလို့ မှတ်ယူလိုက်ပါ။ ဆက်လက်လျှောက်လှမ်းနေရင်းနဲ့ တဖြည်းဖြည်းချင်း ငွေကြေးဆိုင်ရာအောင်မြင်မှုကို နောက်ဆုံးမှာ ရရှိလာပါလိမ့်မယ်။

forbes.com မှ Melissa Houston ရေးသားထားတဲ့ Uncovering The Secrets To Financial Success For Women Entrepreneurs ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

 

Daw May Thiri Khit

BA (Russian) YUFL, Diploma in English, ADBM, DBM

M. Econ. (International Program) Chiang Mai University, Thailand