" ကောင်းမွန်တဲ့လူမှုဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အကြံပြုချက်များ "

ကျွန်ုပ်တို့တွေဟာ မွေးဖွားတဲ့အချိန်ကစပြီး အချိန်တန်အရွယ်ရောက်သည်အထိ နေ့စဥ်ဘဝမှာ အတွေ့အကြုံပေါင်းများစွာကို တွေ့ကြုံရပါတယ်။ အဲဒီအတွေ့အကြုံတွေထဲက တစ်ခုကတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံရခြင်း ဖြစ်ပါတယ်။ လူတွေဟာ နေ့စဥ်ဘဝမှာ တစ်ယောက်တည်းနေလို့ မရပါဘူး။ အချိန်တန်အရွယ်ရောက်လာလို့ ကျောင်းတက်ချိန်၊ တက္ကသိုလ်တက်ချိန်တွေမှာ သူငယ်ချင်းအပေါင်းအသင်း တွေရှိလာမယ်။ လုပ်ငန်းခွင်ရောက်တဲ့အချိန်မှာလည်း မိမိနဲ့ပြောဆိုဆက်ဆံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိလာနိုင် ပါတယ်။ မိမိရဲ့လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်း၊သူငယ်ချင်းတွေနဲ့ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိမယ်ဆိုရင် သင့်ရဲ့ဘဝဟာလည်း အထီးမကျန်ဘဲ စိတ်ကျေနပ်ပျော်ရွှင်ဖွယ်ရာ ‌ကောင်းနေပါ လိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဥ်ဘဝမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေဖန်တီးနိုင်ဖို့အတွက် အကြံပြုချက် တချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ မတူကွဲပြားမှုများကို လက်ခံပါ။

လူမှုဆက်ဆံရေးတွေမှာကြုံတွေ့ရတဲ့ ကြီးမားတဲ့စိန်ခေါ်မှုကတော့ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်၊ အယူအဆတွေ မတူကွဲပြားကြတဲ့ အချက်ဖြစ်ပါတယ်။ “လူအမျိုးမျိုး၊စိတ်အထွေထွေ” ဆိုတဲ့အတိုင်း လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လက်ခံယုံကြည်မှုတွေ၊ အတွေးအခေါ်တွေက မတူညီကြ ပါဘူး။ လူတိုင်းဟာ သင့်စိတ်နဲ့ ထပ်တူဖြစ်မှာ မဟုတ်တဲ့အတွက် သင့်အနေနဲ့ မှန်ကန်တယ်လို့ ထင်တဲ့အရာ တစ်ခုကို တခြားလူကလည်း ကိုယ့်လိုပဲ လက်ခံယုံကြည်မယ်လို့ မယူဆလိုက်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြပုံကို သင့်အနေနဲ့ လက်ခံလာနိုင်မယ်ဆိုရင် သင်ဟာ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။

၂။ ထိရောက်စွာ နားထောင်ပါ။

လူမှုဆက်ဆံရေးမှာ နောက်ထပ်အရေးကြီးတဲ့အချက်က တစ်ဖက်လူရဲ့ ပြောစကားကို သေချာဂရုစိုက် နားထောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ သင့်ရဲ့မိသားစုဝင်ကဖြစ်စေ၊ သူငယ်ချင်းကဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းက ဖြစ်စေ သူရဲ့အကြောင်းတစ်စုံတစ်ရာကို သင့်ကိုရင်ဖွင့်ပြောကြားလာတဲ့အခါမှာ သင်ဟာ သေချာအာရုံစိုက်ပြီး နားထောင်ပေးဖို့လိုပါတယ်။ နောက်တစ်ချက်က အပေါင်းအသင်းတွေနဲ့ စကားပြောတဲ့အခါ ကိုယ်ကပဲ ဦးဆောင်ပြောနေခြင်းထက် သူတစ်ပါးပြောတာကိုလည်း နားထောင်ပေးဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ပြောဆိုရင်ဖွင့်ချက်များကို ဂရုတစိုက်နားထောင်ပေးခြင်းကလည်း ကောင်းမွန်တဲ့ ဆက်ဆံ‌ရေးတစ်ခု တည်ဆောက်တဲ့နေရာမှာ အထောက်အကူပေးနိုင်ပါတယ်။

၃။ သင်ချစ်ခင်ရတဲ့ သူတွေအတွက် အချိန်‌‌ပေးပါ။

သင်ချစ်ခင်ရတဲ့ မိသားစု၊ အပေါင်းအသင်းသူငယ်ချင်းများအတွက် အချိန်ပေးခြင်းက သူတို့အတွက် ကြီးမားတဲ့ လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ကြရတဲ့အခါမှာ အလုပ်နဲ့ လုံးပမ်းနေရတဲ့အတွက် မိသားစု၊ အပေါင်းအသင်းသူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်တာမျိုးတွေ ရှိလာနိုင် ပါတယ်။ ဒါဟာ သင့်အတွက်လည်းမကောင်းသလို သင့်ရဲ့ လူမှုဆက်ဆံရေးမှာလည်း ထိခိုက်မှုတွေ ရှိလာနိုင် ပါတယ်။ လူတိုင်းအတွက် အလုပ်နဲ့ဘဝမှာ ညီမျှနေဖို့လိုပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး စကားစမြည် ပြောခြင်းက သင့်ရဲ့အလုပ်မှာ ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

၄။ လူအများနဲ့ ပြောဆိုဆက်ဆံတဲ့ စွမ်းရည်ကောင်းမွန်ပါစေ။

လူမှုဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်တဲ့နေရာမှာ လူအများနဲ့ ပြောဆိုဆက်သွယ် ဆက်ဆံတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဆက်ဆံရေးညံ့ဖျင်းခြင်းက သင့်ဘဝကို ထိခိုက်မှုတွေရှိလာနိုင် ပါတယ်။ သင်ဟာ သင့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတစ်ယောက်နဲ့မှ ပြောဆိုဆက်သွယ်မှု မရှိဘူးဆိုရင် သင့်ဘဝမှာ စိုးရိမ်ပူပန်မှုတွေ၊ အထီးကျန်မှုတွေ၊ မလုံခြုံမှုတွေကို ခံစားရလာနိုင်ပါတယ်။ သင့်ရဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနဲ့ ကောင်းစွာ ပြောဆိုဆက်သွယ်နိုင်ပါက ပိုမိုရင်းနှီးမှုတွေ ရနိုင်ပြီး ပဋိပက္ခတွေလည်း နည်းပါး နိုင်ပါတယ်။

၅။ မိုဘိုင်းနည်းပညာကိုအသုံးချပါ။

ယ‌နေ့ခေတ်မှာဆိုရင် လူတိုင်းရဲ့လက်ထဲမှာ အနည်းဆုံးတော့ ဖုန်းတစ်လုံးစီ ပိုင်ဆိုင်နေကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစု၊အပေါင်းအသင်းတွေက တစ်နေရာစီရောက်နေတဲ့အခါ၊ အပြင်မှာတွေ့ဖို့ အချိန်မပေးနိုင်တဲ့အခါမှာ ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ social media မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ပြောဆိုခြင်းဖြင့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ပါတယ်။

၆။ အကြုံပြုချက်များပေးနိုင်ဖို့ လက်ခံနိုင်ဖို့သင်ယူပါ။

မိမိတို့ဘဝမှာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး တစ်စုံတစ်ယောက်ဆီကနေ အပြုသဘောဆောင်တဲ့ အကြံပြုချက်များကိုရရှိခြင်းက မိမိတို့ဘဝကို တိုးတက်စေမယ့် လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အကြုံပြုချက်များကို ကိုယ်ကပဲ လက်ခံနေလို့ အဆင်မပြေပါဘူး။ တစ်ဖက်လူကိုလည်း အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ အကြံပြုချက်များကို ပေးနိုင်ဖို့လိုပါတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကူညီခြင်း၊ အကြံဉာဏ်‌ပေးခြင်းတွေကလည်း ကောင်းမွန်တဲ့ဆက်ဆံ‌ရေးကို ဖန်တီးတဲ့နေရာမှာ အထောက် အကူပေးနိုင်ပါတယ်။

၇။ ယုံကြည်မှုပို‌ပေးပါ။

ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးတစ်ခုတည်ဆောက်တဲ့နေရာမှာ နောက်ထပ်အရေးကြီးတဲ့အချက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့ လေးစားမှုနဲ့ ယုံကြည်မှုမရှိဘဲ သံသယစိတ်တွေရှိနေမယ်ဆိုရင် ဒီလူမှုဆက်ဆံရေးက ရေရှည်တည်မြဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိဖို့၊ ယုံကြည်မှုရှိဖို့ကလည်း လိုအပ်ပါတယ်။

၈။ ကိုယ်ချင်းစာစိတ်ကို မွေးမြူပါ။

“မင်းပြောခဲ့တာတွေကို လူတွေက မေ့သွားလိမ့်မယ်။ မင်းလုပ်ခဲ့တာတွေကို လူတွေက မေ့သွားလိမ့်မယ်၊ မင်းကြောင့် သူတို့ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကိုတော့ လူတွေက မေ့မှာမဟုတ်ပါဘူးတဲ့။” ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုရှိခြင်းက ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်တဲ့နေရာမှာ အလွန်အရေးကြီးပါတယ်။ တစ်စုံတစ်ယောက်က ပြဿနာတစ်ခုကြုံနေရချိန်မှာ သူ့ကို‌ဒေါသထွက်ပြောဆိုတာတွေ အပြစ်တင်တာတွေ မလုပ်သင့်ဘဲ အခြေအနေကိုမေးမြန်းပြီး ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးဖို့ လိုပါတယ်။ ဝေဖန်ပြစ်တင် ပြောဆိုခြင်းတွေ လုပ်နေမယ့်အစား သူ့‌နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့စိတ်နဲ့ ကိုယ်ချင်းစာစိတ်မွေးမြူပြီး တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ အကြံပြုချက်တွေပေးနိုင်ခြင်းကလည်း လူမှုဆက်ဆံရေးအတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အကြံပြုချက်တွေ အတိုင်းလိုက်နာကြည့်မယ်ဆိုရင် လူတိုင်းဟာ ကောင်းမွန်တဲ့ လူမှု ဆက်ဆံရေးတွေကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Trainingmag.com မှ 8 Tips for Developing Positive Relationships ဆောင်းပါကို ဆီလျော်အောင် ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com (MEUE)