ပေါ်တာ ရဲ့  Value Chain နည်းလမ်း လက်တွေ့အသုံးချနည်းများ

မိုက်ကယ်ပေါ်တာ (Michael Porter)  ရဲ့ တန်ဖိုးတက် ကွင်းဆက် (value chain) နည်းလမ်းဟာ မဟာဗျူဟာဆိုင်ရာ စီမံခန့်ခွဲမှုသီအိုရီရဲ့ အခြေခံသဘောတရားတစ်ခု ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။ ပေါ်တာရဲ့ ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Competitive Advantage  စာအုပ်မှာ  စတင်မိတ်ဆက်ခဲ့တဲ့ ဒီနည်းလမ်းဟာ စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်ရာမှာ  ပြိုင်ဘက်ထက်အသာရအောင် သူတို့ရဲ့  လုပ်ငန်းအတွင်းပိုင်း လုပ်ငန်းစဉ်များနဲ့ လုပ်ပုံကိုင်ပုံတို့ကို ဆန်းစစ်ခြင်း၊ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းဖြစ်စဉ်များ ဖြစ်လာအောင် လေ့လာတူးဆွရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ  စီးပွားရေးလုပ်ငန်း လည်ပတ်လုပ်ဆောင် နေမှုများ တိုးတက်လာဖို့၊ ကုန်ကျစရိတ်များကို လျှော့ချဖို့နဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည် တိုးတက်စေဖို့ ပေါ်တာရဲ့ တန်ဖိုးတက် ကွင်းဆက်နည်းလမ်းကို ထိရောက်စွာ ဘယ်လိုအသုံးပြုနိုင်ကြောင်း လက်တွေ့ ကျကျ အသုံးချမှုများကို လေ့လာတင်ပြသွားပါမယ်။

ပေါ်တာရဲ့  Value Chain နည်းလမ်းဆိုတာ ဘာလဲ ?

လက်တွေ့ အသုံးချမှုများကို ဖော်ပြခြင်းမပြုမီ  ပေါ်တာရဲ့ တန်ဖိုးတက် ကွင်းဆက်နည်းလမ်းကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အဓိကအချက်မှာ ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်း ဆောင်ရွက်မှုများကို အမျိုးအစားနှစ်မျိုးဖြင့် ခွဲခြားပါထားပါတယ်။ အဓိကလုပ်ဆောင်မှုများနဲ့ ပံ့ပိုးမှုလုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

အဓိကလုပ်ဆောင်မှုများ – ဒီလုပ်ဆောင်မှုများဟာ လုပ်ငန်းရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများ ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတို့မှာ တိုက်ရိုက်ပါဝင်ပါတယ်။ လုပ်ငန်းထံ ကုန်ကြမ်း ဝယ်ယူ သိုလှောင်ပုံ လုပ်ငန်းစဉ်များ၊ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဈေးကွက်သို့ ကုန်စည်များ ဖြန့်ဖြူးပို့ဆောင်တဲ့ လုပ်ငန်းစဉ်များ၊ ဈေးကွက်ဖော်ဆောင်မှုနဲ့ ရောင်းချမှုလုပ်ငန်းစဉ်များ၊ ဖောက်သည် ဝန်ဆောင်မှု လုပ်ငန်းစဉ်တို့ ပါဝင်ပါတယ်။

ပံ့ပိုးမှုလုပ်ဆောင်ချက်များ – ဒီလုပ်ဆောင်မှုများဟာ အဓိကလုပ်ဆောင်မှုများကို ပံ့ပိုးပေးရပြီး လုပ်ငန်းအတွက် လိုအပ်တာများ ဝယ်ယူပေးရတဲ့ ကဏ္ဍ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ဝန်ထမ်းအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းရဲ့ အခြေခံအဆောက်အအုံများ စတဲ့ အထောက်အပံ့ဖြစ်စေမယ့် အစိတ်အပိုင်းများ ပါဝင်ပါတယ်။

အဓိကလုပ်ဆောင်မှုများဟာ စားသုံးသူများထံ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများ ရောက်ရှိအောင် လုပ်ဆောင်ရာမှာ တိုက်ရိုက်တန်ဖိုးတိုးမြှင့်ပေးတဲ့ လုပ်ဆောင်ချက်များ ပါဝင်ပြီး ပံ့ပိုးမှု လုပ်ဆောင်ချက်များကတော့ အဓိကလုပ်ဆောင်မှုများ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နိုင်အောင် လိုအပ်တဲ့ အခြေခံအရင်းအမြစ်များကို ထောက်ပံ့ပေးရပါတယ်။  ဥပမာ - လူ့အရင်းအမြစ် စီမံခန့်ခွဲမှု HR ဌာနဟာ ကုန်ထုတ်လုပ်မှုဌာနအတွက် လိုအပ်တဲ့ ဝန်ထမ်းခေါ်ပေးခြင်း၊ ရွေးချယ်ပေးခြင်းနဲ့ လေ့ကျင့်သင်ကြား ပေးခြင်း စတဲ့ ဝန်ဆောင်မှုများပေးပြီး လုပ်ငန်းထိရောက်စွာ လည်ပတ်နိုင်အောင် ပံ့ပိုးပေးရခြင်းဖြစ်ပါတယ်။

ပေါ်တာရဲ့ တန်ဖိုးတက်ကွင်းဆက်နည်းလမ်း လက်တွေ့အသုံးချမှုများ

ကုန်ကျစရိတ်များ ခွဲခြမ်း စိတ်ဖြာခြင်းနဲ့ လျှော့ချနိုင်ခြင်း - တန်ဖိုးတက်ကွင်းဆက် နည်းလမ်းကို ချက်ချင်း အသုံးချနိုင်မှုများထဲမှ တစ်ခုမှာ ကုန်ကျစရိတ်များကို ခွဲခြမ်း စိတ်ဖြာနိုင်ခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ တန်ဖိုးတက်ကွင်းဆက် လုပ်ငန်းစဉ်အတွင်း လုပ်ဆောင်မှုကဏ္ဍတစ်ခုစီကို ခွဲထုတ်ခြင်းဖြင့် ကုန်ကျစရိတ်များ အချိုးမညီတဲ့ နေရာများကို ခွဲခြားသိမြင်နိုင်ပါတယ်။ ဒီကဏ္ဍကို အသင့်တော်ဆုံးဖြစ်အောင် ပြန်လည် ပြင်ဆင်ခြင်းဖြင့် ကုမ္ပဏီဟာ မကုန်သင့်တဲ့ ကုန်ကျ စရိတ်များကို လျှော့ချနိုင်ပြီး လုပ်ငန်းရဲ့ အကျိုးအမြတ်ကို တိုးတက်စေနိုင်ပါတယ်။

ထူးခြားကွဲပြားမှု နည်းဗျူဟာများ အသုံးပြုနိုင်ခြင်း - တန်ဖိုးတက်ကွင်းဆက် နည်းလမ်းဟာ ကုမ္ပဏီများကို တခြားပြိုင်ဘက်များနဲ့ ကွဲပြားခြားနားစေဖို့ ကူညီပေးပါတယ်။ ဈေးကွက်ဖော်ဆောင်မှုနဲ့ ရောင်းချမှု လုပ်ငန်းစဉ်တွေလို အဓိကလုပ်ဆောင်မှုများကို ဆန်းစစ်လေ့လာခြင်းဖြင့် စီးပွားရေးလုပ်ငန်းများဟာ အများနဲ့မတူ ထူးခြားတဲ့၊ အချက်အချာကျတဲ့ ရောင်းချမှုပုံစံများကို ခွဲခြားသတ်မှတ်နိုင်ပြီး သူတို့ရဲ့ နည်းဗျူဟာများကို အလိုက်သင့် ပြုပြင်နိုင်ကြပါတယ်။

ကုန်စည် ပို့ဆောင်ရေးကွင်းဆက်များကို ပြင်ဆင်နိုင်ခြင်း - ယနေ့ ကမ္ဘာမှာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် စီမံခန့်ခွဲမှုဟာ အရေးကြီးပါတယ်။ တန်ဖိုးတက်ကွင်းဆက် နည်းလမ်းဟာ ကုမ္ပဏီများကို သူတို့ရဲ့ လုပ်ငန်းထံ ကုန်ကြမ်းများ ဝယ်ယူသိုလှောင်ပုံ လုပ်ငန်းစဉ်များနဲ့ ဈေးကွက်သို့ ကုန်စည်များ ဖြန့်ဖြူး ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကဲဖြတ်ဖို့ ကူညီပေးနိုင်ပြီး တိုးတက်မှုလိုအပ်တဲ့ နယ်ပယ်နေရာများကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ ပေါင်းစပ်အသုံးပြုနိုင်ခြင်း  – နည်းပညာအသုံးပြုမှုဟာ လုပ်ငန်းစဉ်များ ထိရောက် မြန်ဆန်ဖို့နဲ့ ဆန်းသစ်တီထွင်မှုများရဲ့  အရေးပါတဲ့ မောင်းနှင်သူ ဖြစ်ပါတယ်။ ကုမ္ပဏီများဟာ သူတို့ရဲ့ အသုံးပြုနေတဲ့ နည်းပညာများ တိုးတက်လာဖို့၊ အဲ့ဒီနည်းပညာများကို လုပ်ငန်းတွင်း တခြားလုပ်ဆောင်ချက်များမှာ ပေါင်းစပ် အသုံးချနိုင်မှု ဖြစ်စဉ်များကို အကဲဖြတ်ဖို့ တန်ဖိုးတက်ကွင်းဆက်နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဖွဲ့အစည်းများဟာ လုပ်ငန်းအတွက် သင့်တော်မှန်ကန်တဲ့ နည်းပညာမှာ ရင်းနှီးမြှုပ်နှံပြီး အဲ့ဒီ နည်းပညာများကို လုပ်ငန်းရဲ့ တန်ဖိုးတိုးမြှင့်စေတဲ့ ကွင်းဆက်လုပ်ငန်းဆောင်တာများမှာ အကျိုးရှိစွာ အသုံးချနိုင်ခြင်းဖြင့် တခြားအဖွဲ့အစည်းများအပေါ်  ယှဉ်ပြိုင်မှု အသာရနိုင်ပါတယ်။

ဝန်ထမ်းအရင်းအမြစ် စီမံခန့်ခွဲနိုင်ခြင်း - ထောက်ပံ့မှု လုပ်ဆောင်မှုများရဲ့  လူ့အရင်းအမြစ် စီမံခန့်ခွဲမှု အစိတ်အပိုင်းကို လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။ ဒီအပိုင်းကို ဆန်းစစ်ခြင်းအားဖြင့် လုပ်ငန်းတွင်း အလုပ် သမားများကို လေ့ကျင့်သင်ကြားပေးမှု၊ ကျွမ်းကျင်ဝန်ထမ်းများကို ထိန်းသိမ်းထားနိုင်မှုနဲ့ အလုပ်မှာ စိတ်ဝင်စားမှုအပေါ် လှုံ့ဆော်ပေးမှုတို့မှာ တိုးတက်မှုများ ဖြစ်ပေါ်လာအောင် ဦးတည်စေနိုင်ပါတယ်။ ကောင်းစွာလေ့ကျင့်ပေးထားပြီး အလုပ်မှာ စိတ်ဝင်စားတက်ကြွမှုရှိတဲ့ အလုပ်သမားအင်အားထုဟာ လုပ်ငန်းတွင်း အဓိကလုပ်ဆောင်မှုများရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုကို သိသိသာသာ အကျိူး သက်ရောက်မှုရှိစေမှာပဲ ဖြစ်ပါတယ်။

အဆက်မပြတ် တိုးတက်မှုဖြစ်ပေါ်ခြင်း တန်ဖိုးတက်ကွင်းဆက် နည်းလမ်းက လုပ်ငန်းတွင်း အဆက်မပြတ် တိုးတက်မှုယဉ်ကျေးမှုပုံစံတစ်ခုကို အားပေးနေပါတယ်။ ကုမ္ပဏီများဟာ တန်ဖိုးတိုးမြှင့်စေတဲ့ ကွင်းဆက် အတွင်းရှိ လုပ်ငန်းစဉ်တစ်ခုစီတိုင်းကို ပုံမှန်ပြန်လည်သုံးသပ်ပြီး အဲ့ဒီလုပ်ငန်းစဉ်ကို အကောင်းဆုံး ဖြစ်စေခြင်း ဒါမှမဟုတ် လက်ရှိထက် တိုးတက်စေခြင်းဖြင့်  လုပ်ငန်းများဟာ ဈေးကွက်အခြေအနေပြောင်းလဲမှုနဲ့ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ပြီး ရေရှည်မှာ တခြားပြိုင်ဘက်များထက်  ယှဉ်ပြိုင်မှု အသာရနိုင်ကြမှာပဲ ဖြစ်ပါတယ်။

ပေါ်တာရဲ့ တန်ဖိုးတက်ကွင်းဆက် နည်းလမ်းဟာ  လုပ်ငန်းတွေရဲ့ အတွင်းပိုင်း လုပ်ငန်းစဉ်များကို ဆန်းစစ်ခြင်းနဲ့ အကောင်းဆုံး လေ့လာခြင်းအားဖြင့် ယှဉ်ပြိုင်မှုမှာ အသာစီး အကျိုးအမြတ် တစ်ခုရရှိဖို့ ရှာဖွေ နေတဲ့ စီးပွားရေးလုပ်ငန်းများအတွက် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီနည်းလမ်းကို လက်တွေ့အသုံးချနိုင်မှုက လက်တွေ့ကျတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပြီး နောက်ဆုံးမှာ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ စီးပွားရေးလောကမှာ ရေရှည် အောင်မြင်မှုနဲ့ အကျိုးအမြတ်များ ရရှိအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ရည်ညွန်းကိုးကားစာရင်း။  ။ Porter, M.E. (1985) Competitive advantage: Creating and sustaining superior performance. New York: Free Press.

Vliet, V. van (2023) Porter’s value chain analysis explained, Toolshero. Available at: https://www.toolshero.com/management/value-chain-analysis-porter/ (Accessed: 25 September 2023).

U Myo Htet Naing

B.Com (Hons), M.Com (YIE)