စာမေးပွဲကာလအတွင်း စိတ်တည်ငြိမ်စေဖို့ အကျိုးရှိစေမယ့်နည်းလမ်းများ

စာမေးပွဲကာလဆိုတာက ကျောင်းသားတွေအတွက် တုန်လှုပ်ချောက်ချားတဲ့အချိန်ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ကို မကြာခဏ ဖြစ်ပေါ်စေတတ်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစိတ်ဖိစီးမှုကို ထိရောက်စွာ စီမံခန့်ခွဲဖို့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် စာမေးပွဲကာလအတွင်း စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှု အမြဲရှိနေစေဖို့ ကူညီပေးမယ့်အချက်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လေ့လာမှုအချိန်ဇယားတစ်ခုဖန်တီးပါ။

စာမေးပွဲကာလဆိုတာ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ ကောင်းစွာဖွဲ့စည်း ထားတဲ့ လေ့လာမှုအချိန်ဇယားကို ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့သင်ရိုးညွှန်းတမ်းများကို လွယ်ကူမယ့် အပိုင်းများအဖြစ် ခွဲခြမ်းပြီး ခေါင်းစဉ်တစ်ခုစီအတွက် သီးခြားအချိန်တွေကို ခွဲဝေပေးရပါမယ်။ ပင်ပန်းနွမ်းနယ် တာကိုရှောင်ရှားဖို့ ကိုယ့်ရဲ့အချိန်ဇယားမှာ အားလပ်ချိန်နဲ့ အနားယူချိန်တွေ ပါဝင်စေလိုပါတယ်။ ပြတ်သားတဲ့ အစီအစဥ်ရှိခြင်းက မသေချာမရေရာမှုတွေကို လျှော့ချစေနိုင်ပြီး ကိုယ့်ကိုစနစ်တကျနေထိုင်ဖို့ ကူညီပေးပါတယ်။

၂။ သတိပဋ္ဌာန်နဲ့အပန်းဖြေနည်းများကို လေ့ကျင့်ပါ။

မိမိရဲ့နေ့စဉ်ပုံမှန်လုပ်ဆောင်မှုတွေမှာ သတိပဋ္ဌာန်နဲ့ အပန်းဖြေနည်းများကို ပေါင်းစည်းခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့လို အလေ့အကျင့်များက စိတ်ကိုတည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးပါတယ်။ နေ့စဥ်မိနစ် အနည်းငယ်မျှ သတိထားခြင်းဖြင့် သင့်ရဲ့အာရုံစူးစိုက်မှုကို အားကောင်းစေပြီး စာမေးပွဲဖိအား ရင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

၃။ ကျန်းမာတဲ့ လူနေမှုပုံစံကို ထိန်းသိမ်းပါ။

သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက စိတ်ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ လုံလောက်တဲ့ အိပ်ရေးဝဝ အိပ်ဖို့၊ မျှတတဲ့ အစားအသောက်ကိုစားပြီး ရေဓာတ်ပြည့်ဝနေဖို့လည်း လိုပါတယ်။ ပြေးတာ၊ ရေကူးတာ၊ ဒါမှမဟုတ် ခပ်သွက်သွက်လမ်းလျှောက်တာလိုမျိုး ပုံမှန်ကိုယ်လက်လှုပ်ရှားမှုက သင့်စိတ်ခံစားချက်နဲ့ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကဖိန်းဓာတ်နဲ့ သကြားဓာတ်အလွန်အကျွံ စားသုံးခြင်းတို့ကို ရှောင်သင့်ပါတယ်၊ ဒါတွေက စိုးရိမ်ပူပန်မှုကို တိုးမြင့်စေပြီး ကိုယ့်ရဲ့အိပ်စက်မှုပုံစံများကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

၄။ အကောင်းမြင်စိတ်နဲ့ ရှုထောင့်ကိုထားပါ။

စာမေးပွဲအချိန်မှာ အပြုသဘောဆောင်တဲ့စိတ်ထားရှိဖို့ အရေးကြီးပါတယ်။ စာမေးပွဲများဟာ မိမိတို့ပညာရေးခရီးရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပြီး မိမိတို့တန်ဖိုးရဲ့အတိုင်းအတာတစ်ခုမဟုတ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးသင့်ပါတယ်။ ရလဒ်ထက် သင့်ရဲ့ ကြိုးစားအားထုတ်မှုများကို အာရုံစိုက်ပြီး အောင်ပွဲငယ်များကို ဆင်နွှဲပါ။ အပြုသဘောဆောင်တဲ့ မိမိကိုယ်ကိုယ်ပြောဆိုခြင်းက သင့်ယုံကြည်မှုကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။

၅။ လိုအပ်တဲ့အချိန်မှာ ပံ့ပိုးမှုရယူပါ။

သင်စိတ်ဖိစီးနေပါက အကူအညီရယူဖို့ မတွန့်ဆုတ်ပါနဲ့။ သူငယ်ချင်းများ၊ မိသားစု ဒါမှမဟုတ် တိုင်ပင်လို့ရတဲ့မိတ်ဆွေတွေနဲ့ စကားပြောဆိုခြင်းက စိတ်ပိုင်းဆိုင်ရာသက်သာရာရစေပြီး တန်ဖိုးရှိတဲ့ အကျိုးရှိတဲ့ အမြင်ကို ပေးစွမ်းနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ စာမေးပွဲကာလအတွင်း စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းက မိမိရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ခြင်းတို့ ဖြစ်ပါတယ်။ အပေါ်မှာဖော်ပြပြီးတဲ့ နည်းလမ်းများကို အကောင်အထည် ဖော်ခြင်းဖြင့် စာမေးပွဲကာလအတွင်း စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုရှိနေမှာကြောင့် မိမိတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။

Min Thu Kha

Strategy First Media Club

References

https://www.youngminds.org.uk/.../staying-mentally.../

https://www.youngminds.org.uk/.../coping.../exam-stress/