IQ + EQ + AQ = SUCCESS

IQ နဲ့ EQ ကိုတော့ လူတော်တော်များများက သိနေပြီးသားဖြစ်လို့ အမျာကြီးမပြောတော့ပါဘူး။ ယေဘုယျအားဖြင့်ပြောရရင် IQ က လူတစ်ယောက်ရဲ့ ဉာဏ်ရည်၊ဉာဏ်သွေးကို တိုင်းတာခြင်းဖြစ်ပြီး EQ ကတော့ လူမှုဆက်ဆံရေးအရည်အချင်းကို တိုင်းတာခြင်းဖြစ်ပါတယ်။

AQ ဆိုတာ Adversity Quotient or Adaptable Quotient ဖြစ်ပါတယ်။ လူတစ်ယောက်က ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဘယ်လောက်ထိခံနိုင်ရည်ရှိပြီးတော့ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိလဲ၊ လိုက်လျောညီထွေ ပြောင်းလဲတုံ့ပြန်နိုင်စွမ်းရှိလဲဆိုတာကို တိုင်းတာတဲ့ စံညွှန်းတစ်ခု ဖြစ်ပါတယ်။ Dr Paul Stoltz ပြောထားတာက ဘဝမှာဘယ်လောက်ထိအောင်မြင်လဲဆိုတာကို တိုင်းတာရာမှာ IQ နဲ့ EQ ထက် AQ က ပိုကောင်းတယ်လို့ပြောခဲ့ပါတယ်။ AQ မြင့်တဲ့သူတွေဟာ ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲ (Obstacles) တွေကို အခွင့်အလမ်း (Opportunities) တွေအဖြစ် အသွင်ပြောင်းလိုက်နိုင်တဲ့သူတွေဖြစ်ပါတယ်။

ကျွန်မတို့ရဲ့နေ့စဉ် personal and professional lives တွေမှာ အခက်အခဲတွေတစ်ခုပြီးတစ်ခု အမြဲတမ်းကြုံတွေ့ရပါတယ်။ ဒီအခက်အခဲအများစုကို ကျွန်မတို့က control မလုပ်နိုင်ပါဘူး။ ကျွန်မတို့ လုံးဝ control လုပ်နိုင်တဲ့အရာတွေကတော့ ...

• ဘယ်လိုပြန်တုံ့ပြန်ကြမလဲ။

• ဘယ်လိုလိုက်ညှိကြမလဲ ဆိုတာပဲဖြစ်ပါတယ်။

တချို့သော Research Psychologists ပြောတာက လူတစ်ယောက်အနေနဲ့ ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုရဖို့ဆိုရင် IQ 20% ၊ EQ 40% နဲ့ AQ 40% ပေါ်မှာ မူတည်နေတယ်လို့ ပြောကြပါတယ်။ IQ နဲ့ EQ တို့ရဲ့အခန်းကဏ္ဍကို သိနေကြပြီးသားဖြစ်ကြလို့ ဒီနေရာမှာ AQ ကို အသားပေးပြီးပြောမှာ ဖြစ်ပါတယ်။ AQ မြင့်ရင် လောကဓံတွေ ဘယ်လိုကြုံရကြုံရ ဘဝကိုစွန့်လွှတ်ဖို့ဆုံးဖြတ်တာမျိုး မလုပ်ဖြစ်တော့ပါဘူး။ ဒီနေ့ခေတ်ကာလအခြေအနေအရ AQ မြင့်ဖို့၊ ဘဝအခက်အခဲတွေကို တောင့်ခံနိုင်ဖို့ အလွန်လိုအပ်‌နေပါတယ်။ ဒါဆို ကြုံလာသမျှအခက်အခဲတွေကို အလိုက်သင့် ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်နဲ့ ကိုယ်ကိုမွေးမြူနိုင်ဖို့၊ တစ်နည်းအားဖြင့် AQ မြင့်ဖို့အတွက် ဘယ်လိုပျိုးထောင်ကြမလဲဆိုရင် ...

1. အခြေအနေအရပ်ရပ်ကို အမြဲစူးစမ်းပါ။

2. ကိုယ်လုပ်လိုက်တဲ့အလုပ်တိုင်းအတွက် တာဝန်ခံစိတ်နဲ့လုပ်ပါ။

3. လုပ်နေတဲ့အလုပ်ပေါ်မှာ သေချာအာရုံစိုက်ထားပြီးလုပ်ပါ။ စိတ်နဲ့ကိုယ် ကပ်နေပါစေ။

4. နှစ်လိုစရာမရှိတဲ့အရာတွေကို ကြုံလာရင်လည်းသတ္တိရှိစွာနဲ့လက်ခံနိုင်အောင်ကြိုးစားပါ။

5. မိတ်ဆွေအပေါင်းအသင်းကောင်းတွေရှိပါစေ။

6. ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းပြန်လည်သုံးသပ်မှုပြုပြီး ကိုယ့်အရည်အချင်းကို လိုတာဖြည့်နေပါ။

AQ မြင့်အောင် ကိုယ်ကိုယ်ကိုယ်‌ ပျိုးထောင်ကြပါစို့။

Daw Aye Aye Win

B. Com (Hons, YIE),

M.Com, Diploma in English,

M.A (International Business Studies),

(Sophia University, Japan)