တာဝန်ယူတတ်တဲ့သူတွေဖြစ်အောင် ဘယ်လိုတွန်းအားပေးမလဲ ?

လူတိုင်းသိထားသင့်တာက ကိုယ့်လုပ်ရပ်တွေအတွက် ကိုယ့်မှာတာဝန်ရှိတဲ့ဆိုတာပါပဲ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်အတွက် အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကိုယ့်ဘဝအတွက် တာဝန်အရှိဆုံးသူက ကိုယ်ကိုယ်တိုင်ပါပဲ။ လူတော်တော်များများက ဒါကိုတော့လက်ခံပေမယ့် အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရင်တော့ တာဝန်ယူလိုစိတ်နည်းကြပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ သူတို့ရဲ့ဘုံပန်းတိုင်များကို ပြီးမြောက် အောင်မြင်စေဖို့အတွက် ဆောင်ရွက်ရာမှာ အဖွဲ့ဝင်တစ်ဦးက အမှားလုပ်တဲ့အခါ ဒါမှမဟုတ် ပန်းတိုင်ကို လွတ်သွားတဲ့အခါ အဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်။

တာဝန်ယူမှုမရှိဘဲ တစ်ယောက်ကိုတစ်ယောက်လွှဲချကာ အပြစ်တင်နေရင် အဲ့ဒီအဖွဲ့ဟာ အပျက်သဘော ဆောင်နေပါတယ်။ တာဝန်ယူမှုမရှိသူနဲ့ အလုပ်တွဲလုပ်ချင်တဲ့သူ မရှိကြပါဘူး။ သင့်အဖွဲ့မှာ တာဝန်မယူ တတ်တဲ့သူရှိနေခြင်းက တကယ်စိတ်ပျက်စရာ ကောင်းပါတယ်။ သို့ပေမဲ့ တာဝန်ယူတတ်တဲ့သူများဖြစ်လာအောင် သင်တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်အဖွဲ့ဝင်များကို တာဝန်ယူတတ်တဲ့သူတွေ ဖြစ်လာအောင် ဘယ်လိုတွန်းအားပေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးထားပါတယ်။

လူတွေဘာကြောင့်တာဝန်မယူချင်ကြတာလဲဆိုတာ အရင်နားလည်အောင်လုပ်ရပါမယ်။

တာဝန်မယူချင်ရတဲ့ အဓိကအချက်တွေကတော့

  1. သူတို့ဟာ အလုပ်နဲ့ အဖွဲ့သားတွေရဲ့ ကောင်းကျိုးကို မေ့လျော့နေခြင်း။
  2. သူတစ်ပါးရဲ့ အမှားနဲ့ မအောင်မြင်မှုကို အပြစ်တင်နေခြင်း။ (ဒီတော့ သူတာဝန်ယူဆောင်ရွက်ရင်လည်း အဲ့ဒီလိုအပြစ်တင်ခံရမှာကို စိုးရွံ့နေခြင်း)
  3. Deadline မသတ်မှတ်ထားခြင်း။
  4. စွန့်စားမှုလုပ်ရမှာကို ကြောက်ရွံ့ခြင်း။
  5. အဖွဲ့ခေါင်းဆောင်ရဲ့ မမျှတစွာ ဆက်ဆံခံရခြင်း။
  6. တခြားသူများအပေါ် မှီခိုလို့ ရနေခြင်း။
  7. အသင်းသားများနဲ့ ခေါင်းဆောင်အပေါ် ယုံကြည်မှုကင်းမဲ့နေခြင်း။

ဒီအချက်တွေကြောင့် တာဝန်ယူဆောင်ရွက်လိုစိတ် မရှိတော့တာမျိုး ဖြစ်နိုင်ပါတယ်။ တော်တော်များများက တာဝန်မယူတဲ့သူ၊ အမှားလုပ်တဲ့သူကို အပြစ်တင်ဖို့ ကြိုးစားကြပါတယ်။ နောက်ပြီးအဖွဲ့မှ ဖယ်ထုတ်ဖို့ စဉ်းစားကြပါတယ်။ အဲ့ဒီအစား တာဝန်ယူတတ်တဲ့သူတွေဖြစ်လာစေဖို့ သူတို့လိုအပ်ချက်တွေနဲ့ လိုအပ်တဲ့ အရည်အချင်းများကို ဖြည့်ဆည်းပေးကာ တာဝန်ယူတတ်တဲ့သူတွေဖြစ်လာအောင် တွန်းအားပေးပါ။

၁။ စကားပြောခြင်းနဲ့ စတင်ပါ။

အလုပ်မှာ အဆင်မပြေတဲ့အရာတွေ ရှိပါသလား။ အပြန်အလှန်ဆွေးနွေးမှုများဆောင်ရွက်ပါ။ သင်ဟာ ခေါင်းဆောင်တစ်ယောက်ဆိုရင် သင့်ကိုပွင့်လင်းစွာ ပြောလာဖို့ လမ်းကြောင်းဖွင့်ထားပေးပါ။

၂။ အလုပ်တာဝန်အတွက် လုံလောက်တဲ့ resources ထားပါ။

မင်းရဲ့အဖွဲ့ဝင်တွေ အလုပ်လုပ်ဖို့လိုအပ်တဲ့ အရင်းအမြစ်ကို သေချာပြင်ဆင်ထားပါ။ သူတို့အလုပ် လုပ်ဖို့လိုအပ်တဲ့ ကိရိယာတွေမရှိရင် တာဝန်ရှောင်ဖို့ ပိုလွယ်ပါတယ်။

၃။ရာထူး၊ တာဝန်နဲ့ ရည်မှန်းချက် ဆက်စပ်မှုကို သေချာရှင်းပြပါ။

သင့်အဖွဲ့ဝင်များက သူတို့တာဝန်ယူရမယ့်အပိုင်းကို သေချာသိဖို့ လိုပါတယ်။ သူတို့လုပ်ဆောင်ရမယ့် တာဝန်ကို အသေးစိတ်ဖော်ပြပါ။ လူတိုင်းက အရေးမပါတဲ့နေရာမှာ တာဝန်ယူရတာမျိုး မလုပ်ချင်ကြပါဘူး။ ဒါကြောင့် သူတို့ယူထားတဲ့တာဝန်က ပန်းတိုင်အတွက် ဘယ်လောက်အရေးပါကြောင်း ရှင်းပြပါ။

၄။ Monitor လုပ်ပါ။

တချို့သူတွေက သူတို့ရဲ့ အလုပ်တာဝန်ကို သေချာပြီးမြောက်အောင် ဆောင်ရွက်နေသူတွေရှိပါတယ်။ တချို့ကတော့ အပေါ်ယံလုပ်နေတဲ့သူတွေ ရှိပါတယ်။ မင်းသေချာစောင့်ကြည့်ဖို့လိုပါတယ်။ တာဝန်ယူကာ ကောင်းကောင်းဆောင်ရွက်နေသူတွေအတွက် ဂုဏ်ယူကြောင်းပြောပါ။ ချီးကျူးပါ။ တချို့ကိုတော့တာဝန်ယူမှု မရှိရင် အပြစ်ပေးနိုင်ပါတယ်။ အပြစ်ပေးတဲ့အခါ သူတို့နဲ့စကားပြောပါ။ သူတို့ဘယ်အပိုင်းတွေမှာ ပိုအားသာလဲ။ ဘယ်အပိုင်းတွေမှာ ပိုဆောင်ရွက်နိုင်မလဲ သုံးသပ်ပါ။ သူတို့က တခြားအပိုင်းတွေမှာ ပိုသင့်လျော်နေတာမျိုး ဖြစ်နိုင်ပါတယ်။

၅။ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးပါ။

တစ်ခါတရံမှာ လူတွေက သူတို့ကို control လုပ်တာတွေများတဲ့အခါ စိတ်ပျက်လာတတ်ပါတယ်။ Control လုပ်ခံရတာများတဲ့အခါ သူတို့ကြိုးစားနေလည်း ဘာမှမထူးဘူးလို့ တွေးလာကြပါတယ်။ မိမိလိုချင်တဲ့ ပန်းတိုင်းကို သေချာစွာပြောပြပြီး သူတို့ကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်အောင် ကူညီပေးပါ။ ဒါ့အပြင် သူတို့ရဲ့အားသာချက်တွေနဲ့ အတိတ်က အောင်မြင်မှုတွေကို အကောင်းဘက်က တွေးတတ်အောင်သင်ပေးပါ။ Control အရမ်းလုပ်တာက တာဝန်ယူမယ့်အစား တာဝန်ရှောင်ချင်စိတ် ပိုဖြစ်စေတတ်ပါတယ်။

၆။များများချီးကျူးပါ။

နောက်ဆုံးအနေနဲ့ ကိုယ့်လူတွေ တာဝန်ယူမှုရှိလာတဲ့အခါ ချီးကျူးစကားများများပြောပါ။ တရားမျှတတဲ့ တုံ့ပြန်ချက်များနဲ့ သူတို့တိုးတက်လာအောင် ကူညီပေးပါ။

ဒါ့ကြောင့် သင့်မှာတာဝန်မယူတတ်တဲ့ အဖွဲ့ဝင်များရှိနေခြင်းက သူတို့ရဲ့ပင်ကိုယ်စရိုက်လကဏ္ခာအပြင် သင့်ရဲ့ စီမံခန့်ခွဲမှုပုံစံကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်ဆိုတာကို သတိထားဖို့လိုပါတယ်။

ဒီဆောင်းပါးကို the Mind Tools Content Team ရေးသားထားတဲ့ Helping People Take Responsibility ခေါင်းစဥ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)