ပိုက်ဆံများများရှာနိုင်ပေမယ့် မစုဆောင်းမိရခြင်းရဲ့ အကြောင်းရင်း (၄) ချက်

ပိုက်ဆံဘယ်လောက်ပဲ များများရှာနိုင်ပါစေ၊  ဘာကြောင့် ငွေအလုံအလောက်မရှိဘူးလို့ ခံစားနေရတာလဲ? ဆိုတဲ့ မေးခွန်းအတွက် သိသာထင်ရှားတဲ့အဖြေကတော့ ငွေကိုအလွန်အကျွံ သုံးစွဲခြင်းကြောင့်ပါပဲ။ လူတွေက ငွေကို ဘာအတွက်သုံးနေကြတာလဲ? ဘာကြောင့် အလွန်အကျွံ သုံးစွဲနေကြသလဲ? ဆိုတာတွေဟာ အခြေအနေ အမျိုးမျိုးပေါ်မှုတည်ကြပါတယ်။ ကျွန်တော်တို့တွေက ကိုယ်သုံးနေတဲ့ အသုံးစရိတ်တွေကို လျှော့ချလိုက် မယ်ဆိုရင် ဘတ်ဂျက်နဲ့ပတ်သက်ပြီး ပြင်ဆင်ထားဖို့မလိုဘူးလို့ ထင်ပါလိမ့်မယ်။ အဲဒါဟာ အမှန်တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေဟာ ငွေအမြောက်အမြားရှာနိုင်လာတဲ့အခါ ကျွန်တော်တို့ရဲ့ သုံးစွဲမှုတွေကို ဘတ်ဂျက် plan ထားလေ့မရှိကြပါဘူး။ နေ့စဉ် နေစရိတ်၊စားစရိတ် စတဲ့ ကုန်ကျစရိတ်တွေကလည်း များလာပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဘယ်လောက်ထိတတ်နိုင်သလဲ၊ တတ်နိုင်သလောက်ရဲ့ နောက်ဆုံးအခြေအနေအထိကို သုံးစွဲလာကြပါတယ်။ ငွေကိုများများရှာလာနိုင်လေလေ ပိုပြီးတတ်လာနိုင်လေ ပိုသုံးလေဖြစ်လာကြပါတယ်။ ကျွန်တော်တို့လက်ထဲ ငွေများများရှိတဲ့အခါ ငွေကိုဘယ်လိုသုံးစွဲကြလဲ ဘာအတွက်သုံးစွဲကြလဲဆိုရင်

နံပါတ် (၁) အချက်ကတော့ ကျွန်တော်တို့ရဲ့ ငွေကြေးကုန်ကျမှုများတဲ့ နေထိုင်မှုပုံစံအတွက် သုံးကြပါတယ်။

  • ကျွန်တော်တို့တွေဟာ လူမှုရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ နေတတ်တဲ့လူတွေဆိုရင်တော့ မင်္ဂလာပွဲတွေ၊ ပါတီပွဲတွေ၊ ခရီးသွားတာတွေနဲ့ပဲ အချိန်ကုန်နေတာဖြစ်တဲ့အတွက် အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ကုန်ကျမှုတွေက အမြဲရှိနေတတ်ပါတယ်။ နောက်တစ်ခုက ကိုယ်ရှာနိုင်တဲ့ ဝင်ငွေပေါ် မှုတည်ပြီး အကောင်းစားကားတွေ၊ အဝတ်အစားတွေ၊ ကျောက်မျက်ရတနာတွေနဲ့ အိမ်တွေ ဝယ်ယူဖို့ အတွက် သုံးစွဲလာကြပါတယ်။
  • ဘဝမှာ ကျန်းမာရေးကလည်း အရေးကြီးသလို ကျန်းမာအောင် နေထိုင်မှုပုံစံကလည်း ငွေကြေးကုန်ကျမှု များနိုင်ပါတယ်။ ကျန်းမာရေးလိုက်စားဖို့အတွက် အော်ဂဲနစ်အစားအစာတွေ၊ gym သွားဆော့တာတွေ၊ Spa သွားတာတွေကလည်း ကုန်ကျမှုတစ်မျိုးပါပဲ။ နောက်တစ်ခုက ကိုယ်ရဲ့အိမ်ဟာ ဈေးကြီးတဲ့ အိမ်ဖြစ်လေ သန့်ရှင်းရေး၊ ဥယျာဉ်စိုက်ပျိုးခြင်းနဲ့ ပရိဘောဂ စတာတွေအတွက် သုံးစွဲစရိတ်က ပိုပြီးများလာလေပါပဲ။
  • ကိုယ့်ရဲ့ အပေါင်းအသင်းတွေက အသုံးအစွဲကြီးတဲ့ လူမျိုးတွေဆိုရင်လည်း သူတို့နဲ့ လိုက်လျောညီထွေ နေဖို့အတွက် ကိုယ်ကိုယ်တိုင်ကလည်း လိုက်ပြီးသုံးစွဲ ဖြစ်ပါတယ်။

နံပါတ် (၂) အချက်ကတော့ ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ သုံးခြင်းဖြစ်ပါတယ်။

  • ကျွန်တော်တို့ဟာ အပေးအကမ်းရက်ရောသူတွေဆိုပါက ကျွန်တော်တို့ရဲ့မိသားစုနဲ့ သူငယ်ချင်းများကို ပေးကမ်းတာတွေ၊ ချေးငှားတာတွေ ဒါမဟုတ် ကျွေးမွေးတာတွေ အစရှိတဲ့နေရာမှာ သုံးကြပါတယ်။ ပြီးတော့ တခြားလိုအပ်နေတဲ့ ဆွေးမျိုးတွေကို အထောက်အပံ့ပေးတာတွေမှာလည်း သုံးစွဲကြပါတယ်။
  •  

နံပါတ် (၃) အချက်ကတော့ ကျွန်တော်တို့ဟာ ဘာကိုမျှ ဂရုမစိုက်တတ်ခြင်းကြောင့်ပါပဲ။

  • ကိုယ်ကိုယ်တိုင် လုပ်ရမယ့် သန့်ရှင်းရေးလုပ်တာတွေ၊ ဥယျာဉ်စိုက်ပျိုးတာတွေ၊ လျှော်ဖွတ်ရေး စတာတွေကို တခြားသူတွေကို ငှားရမ်းပြီး လုပ်ခိုင်းလိုက်တယ်။
  • အစားအသောက်ကို အိမ်မှာချက်စားလည်းရတယ်။ ဒါပေမဲ့ အပြင်ထွက်စားတယ်။ အားလပ်ရက်တွေမှာ ခရီးသွားတာတွေ မလိုအပ်ဘဲ ဈေးဝယ်ထွက်တာတွေအတွက် အသုံးစရိတ်တွေကို လျှော့ချဖို့ မကြိုးစားကြပါဘူး။
  • ကိုယ်အလုပ်ကရလာတဲ့ bonus တွေကို ငါ့အတွက် အပိုဝင်ငွေပဲဆိုပြီး သုံးလိုက်တယ်။
  • ကိုယ်အတွက်က မလိုအပ်ဘူး ဒါပေမဲ့ စိတ်ကလိုချင်နေတယ် ဝယ်လိုက်တယ်။
  • လက်ထဲပိုက်ဆံမလုံလောက်ရင် အကြွေးဝယ်ကတ်တွေကို သုံးတယ်။ အကြွေးနဲ့အတိုးတွေ များလာတဲ့ အပေါ်မှာ ဂရုမစိုက်ကြဘူး။

နံပါတ် (၄) အချက်ကတော့ ကုန်ကျစရိတ်များကို မထိန်းချုပ်နိုင်ခြင်း။

  • ကျွန်တော်တို့ဟာ ယေဘူယျအနေနဲ့တော့ အသက်ကြီးလာတာနဲ့အမျှ ဝင်ငွေမြင့်မားလာလေ့ ရှိကြပါတယ်။ ဝင်ငွေက များလာပေမယ့်လည်း အိမ်အတွက် အသုံးစရိတ် အိမ်ထောင်ဖက်နဲ့ သား/သမီးတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ တာဝန်ယူရမယ့် အပိုင်းတွေကလည်း များလာပြီး အဖက်ဖက်က ကုန်ကျစရိတ်တွေ များလာပါတယ်။ အခွန်အခတွေဆိုတာကလည်း ကျွန်တော်တို့ သုံးစွဲတဲ့ပေါ် မူတည်ပြီး ကုန်ကျလာမယ်။

ကိုယ့်ရဲ့ဝင်ငွေတွေကို စုဆောင်းမိအောင် ကျွန်တော်တို့ဘာတွေလုပ်နိုင်မလဲ?

ဦးစားပေးသင့်တာကို ဦးစားပေးပြီး သုံးစွဲပါ။ ။ ငွေတွေကို ဘယ်နေရာမှာ ဘယ်အတွက် ဘာကြောင့် သုံးသင့်လဲဆိုတာကို နားလည်ရမယ်။ တချို့အပြုအမူတွေကို ပြောင်းလဲသင့်သလို တချို့ကို ပြောင်းကို ပြောင်းလဲနိုင်ရမယ်။ တချို့လူတွေက သူတို့ရဲ့အပြုအမှုများကို မပြောင်းလဲနိုင်ကြဘူး။ တချို့က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အဟန့်အတားမရှိ သုံးနေချိန်မှာ တချို့ကငွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာကို နားလည် ကြတယ်။ ‘Needs’ ဆိုတဲ့ လိုအပ်တာနဲ့ ‘Wants’ ဆိုတဲ့လို ချင်တာကို နားလည်ရမယ်။ လို‌အပ်တာအတွက်ပဲ သုံးပြီး လိုချင်တာတွေကို ပြန်စဉ်းစားသင့်ပါတယ်။

ကိုယ့်ရဲ့အသုံးစာရင်းတွေကို ပြန်စစ်ပါ။ ။ ကျွန်တော်တို့ရဲ့ အသုံးစာရင်းတွေကို ပြန်စစ်ဖို့လွယ်ကူတဲ့ နည်းလမ်းတစ်ခုကတော့ အနည်းဆုံး ကျန်ခဲ့တဲ့သုံးလမှာ ဘဏ်စာရင်းထဲကနေ ဘာတွေသုံးစွဲထားလဲဆိုတာနဲ့ အကြွေးအနေနဲ့ ဘာတွေဝယ်ထားမိလဲဆိုတာပြန်စစ်ပါ။ ဒါမှ ကိုယ့်ဘဏ်ထဲက ဘယ်လောက်ထွက်သွားပြီလဲ အကြွေးကတော့ ဘယ်လောက်ရှိပြီး အတိုးအနေနဲ့ ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရမှာဖြစ်ပါတယ်။ ဒီတော့မှသာ ကိုယ့်ဆီကနေ ထွက်သွားတဲ့ပမာဏ ပေးရမယ့်အကြွေးနဲ့အတိုးတွေကို သတိရပြီး ထပ်မသုံး သင့်တာကို မသုံးတော့မှာ ဖြစ်ပါတယ်။

ကိုယ်တတ်နိုင်တဲ့ ငွေပမာဏတစ်ခုကို စုဆောင်းပါ။ ။ လတစ်လချင်းစီရဲ့ အစမှာကတည်းက ကျွန်တော်တို့စုဖို့ အဆင်ပြေနိုင်တဲ့ ငွေပမာဏတစ်ခုကို သတ်မှတ်ပြီး သပ်သပ်ခွဲထုတ်ထားပါ။ အလုပ်ကနေ အပိုဆုကြေးများ ရလာခဲ့မယ်ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ သပ်သပ်ခွဲထုတ်ထားပါ။ ကိုယ့်ရဲ့ဝင်ငွေက တိုးလာမယ်ဆိုရင် ကိုယ်စုမယ့်ပမာဏကို လိုက်တိုးပါ။ ပြီးမှသာ ကျန်တာတွေအတွက် ဆက်ပြီးသုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်စုံတစ်ခု အခက်ခဲဖြစ်လာချိန်မှာ ကိုယ့်ရဲ့စုထားတဲ့ငွေတွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ 

ဦးစားပေးသုံးရမယ့် စာရင်းလုပ်ထားပါ။ ။  ကိုယ်ဘာတွေသုံးဖို့ လိုအပ်နေလဲဆိုတာကို စာရင်းလုပ်ထားပါ။ ချက်ချင်း မဝယ်လိုက်ပါနဲ့၊ တစ်ပတ်လောက် မေ့မေ့ပျောက်ပျောက် ထားလိုက်ပြီးမှ ဝယ်ဖို့ကိုပြန်စဉ်းစားပါ။ ပြီးရင် ဘယ်အရာတွေက ဦးစားပေးသုံးရမလဲဆိုတာကို စာရင်းလုပ်ပြီး ဘာပြီးရင်တော့ ဘာကိုသုံးရမလဲ ဆိုတာကို ဆုံးဖြတ်ပါ။

ကျွန်တော်တို့ဟာ အပေါ်ကပြောထားတဲ့ အချက်တွေထဲကတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ အချက်တွေနဲ့ ကိုက်ညီနေတာကြောင့်   ကိုယ်ရှာနိုင်သလောက် ငွေကိုမစုဆောင်းမိတာပဲ ဖြစ်ပါတယ်။ အသုံးစရိတ်တွေကို စနစ်တကျသုံးမယ်၊ လိုအပ်မှဝယ်မယ်၊ လိုချင်တိုင်းလည်းမဝယ်ဘူး၊ ကိုယ်သုံးစွဲထားတာတွေကို သုံးလတစ်ခါ ပြန်စစ်မယ်။ ကိုယ်တတ်နိုင်မယ့် ပမာဏတစ်ခုကို သတ်မှတ်ပြီး လစဉ်စုသွားမယ်ဆိုရင် ကိုယ်ရှာနိုင်သလောက် စုဆောင်းမိနိုင်မှာ ဖြစ်ပါတယ်။

 

4 Reasons Why You Make A Lot Of Money But Have None (forbes.com) ဆောင်းပါးကို သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) 

B.C.Sc, (Hons) (U.C.S.Y) 

M.C.Sc, (U.C.S.Y)